Skip to main content

Why zawgyi?

ဇော်ဂျီယူနီ အရေးမှာ ယူနီသုံးအောင် မဲဆွယ်တဲ့ အနေနဲ့ ကျွန်တော်နားလည်သလို ရှင်းပြပြီး ဆွဲဆောင်ကြည့်ချင်တာကြောင့် ဒါကို (ဇော်ဂျီနဲ့) ရေးပါတယ်... နည်းပညာကို ထဲထဲဝင်ဝင် သိတာမဟုတ်ပဲ အပေါ်ယံလောက် လေ့လာပြီး ပြောတာ ဖြစ်တဲ့အတွက် အမှားအယွင်းတွေလဲ ရှိနိုင်တယ်.. ဒါကြောင့် ဒီထဲမှာ ပြောထားတဲ့ နည်းပညာ အကြောင်းတွေကို တထစ်ချတော့ မယုံစေ့ချင်သလို နားလည်သူများ ရှိရင်လဲ အမှားအယွင်းများ ရှိရင်လဲ ပြုပြင်ထောက်ပြပေးဖို့ စကားပလ္လင်ခံချင်ပါတယ်...
ဇော်ဂျီယူနီအရေးဟာ သူ့ font ကောင်းတယ် ငါ့ font ကောင်းတယ်ဆိုပြီး ကိုယ့် font သုံးလာအောင် ပြိုင်နေတဲ့ အရေးမဟုတ်ပါဘူး... electronic မြန်မာစာစနစ်ရဲ့ ရှေ့ရေးအတွက် အင်မတန် အရေးကြီးတဲ့ ကိစ္စပါ... ဒါဟာ အမှန်နဲ့ အမှားကိစ္စပါပဲ... အင်း... မဲဆွယ်မယ်သာပြောတယ် တဖက်ကို အမှားလို့ စလိုက်တဲ့ ပုံစံကိုက ဖန်တရာထေ ကြားနေရတဲ့ မြင်ပြင်းကတ်စရာ စကားမှန်း သိပါတယ်... ကြည့်ရအောင်...
မြန်မာစာကို ကွန်ပျူတာစနစ်ထဲ ထည့်ဖို့ စကြိုးစားကြတယ်... သေချာတာပေါ့... မြန်မာမှ မဟုတ်ဘူး ကွန်ပျူတာ ဘာသာစနစ်တိုင်းဟာ ယူနီကုတ်နဲ့ပဲ သွားရတာပဲ... (ဇော်ဂျီတောင် စည်းမထားတာကလွဲလို့ ယူနီကုတ်ကိုပဲ အခြေခံရမယ်လို့ ထင်ပါတယ်).. ဒီတော့ မြန်မာ ယူနီကုတ် စတင်တယ် ဆိုပါတော့... အဲဒီမှာ စာလုံးတည်ဆောက်ပုံ ကွဲတာရော၊ မြန်မာဘာသာရဲ့ ရေးသားပုံ ရှုပ်ထွေးတာရောနဲ့ မြန်မာယူနီဟာ အခက်ခဲတွေ အများကြီး ဖြစ်ပြီး တန့်နေရော... အဲဒီအချိန်မှာ ဇော်ဂျီပေါ်လာတယ်... ဇော်ဂျီက ဘာသာစကားရဲ့ ရေးသား တည်ဆောက်ပုံကို ထည့်ကိုမစဥ်းစားတော့ပဲ စာလုံးတွေကို ပုံရိပ်ဖော်တဲ့ စနစ်နဲ့သွားတယ်... ကကြီးဟာ အဝိုင်းကွေးကွေးလေး နှစ်ခုကို ဆက်ပေးတဲ့ ပုံအဖြစ်ပဲ သွားတယ်.. အဲလိုပုံရိပ်ဖော် စနစ်နဲ့ သွားတော့ ပုံမှာ ပေါ်တဲ့ အတိုင်း ရရစ်အရင်လာ၊ သဝေထိုး အရင်လာတာမျိုးတွေ ဖြစ်လာတယ်... ဥပမာ “ကြောင်” ဆိုပါတော့.. ကွန်ပျူတာဟာ ဘာမှန်းမသိပဲ ပုံရိပ်ဖော်ပေးရမှာဆိုတော့ သဝေထိုးပုံ အရင်ပြမယ်၊ ပြီးရင် လေးထောင့်ပုံဖော်မယ်၊ ကကြီးပုံ စသဖြင့် ပေါ်မဲ့အစဥ်အတိုင်း ရိုက်သူဟာ ရိုက်ရတယ်... ဝလုံးနဲ့ သုံညတို့လို ပုံစံတူရင် ထပ်မဆွဲနေတော့ပဲ အတူတူပဲ ရိုက်ခိုင်းလိုက်တယ်... (ခုနောက်ပိုင်းတော့ ဇော်ဂျီ developer တွေဟာ ယူနီနဲ့ ညီအောင် ညှိဖို့ကြိုးစားနေကြပါတယ်.. ဒါပေမဲ့ ကုဒ်မရွှေ့ပေးရင် ထပ်ညှိလို့မရအောင် အစွမ်းကုန်နေပြီလို့ သိရတယ်... ကွန်ပျူတာ နားလည်တဲ့ ဘာသာစကားတော့ ဖြစ်မလာသေးဘူးပေါ့..)
ရိုက်ရတာ အကြောင်းမဟုတ်ပါဘူး... လက်ကွက်ဆိုတာ သုံးလေးရက်လောက် ကျင့်လိုက်ရင် သုံးသူဟာ အသားကျသွားတာပဲ... ပြဿနာက ကွန်ပျူတာဟာ သူထုတ်ပေးနေတဲ့ စာလုံးဟာ ဘာမှန်းကို မသိတာပဲ... ပြီးတော့ ပုံရိပ်ဖော်တာ ဖြစ်တာကြောင့် ရရစ် အကြီး အသေးကအစ ကီးတစ်ခုစီ ထားပြီး ပုံဖော်ရတယ်.. အဲဒီတော့ ကီးဘုတ်မှာ ရှိသမျှ ကီးအကုန်သုံးရတဲ့ အပြင် မလောက်လို့ တခြားဘာသာအတွက် သတ်မှတ်ထားတဲ့ ကုတ်တွေကိုပါ ယူသုံးရရော... ဘာစည်းမှ မထားပဲ လုပ်ချင်တာ လုပ်ရတာလောက် လွယ်တာ ဘယ်မှာ သွားရှာမလဲ.. ဒီတော့ ဇော်ဂျီဟာ ချက်ခြင်း ထွက်ချလာတယ်...
ဒါပေမဲ့ ဇော်ဂျီရဲ့ အကျိုးကျေးဇူးကိုတော့ မမေ့သင့်ဘူး.. တကယ့်ဆေးမီးတိုကောင်း ဖြစ်ခဲ့တယ်.. အဲဒီဆေးမီးတိုနဲ့ မြန်မာ့ အင်တာနက်လောကကြီး တစ်ခေတ်ဆန်းပြီး အင်မတန်အကျိုးများခဲ့တယ်လို့တောင် ပြောလို့ရတယ်... ဒါပေမဲ့ အဲဒီဆေးမီးတိုဟာ ခုကင်ဆာဖြစ်စေပြီ...
အွန်လိုင်းမှာ ကျကျနန သုံးနိုင်တဲ့ မြန်မာစာစနစ်ဟာ သေချာပေါ်လာခဲ့ပြီ.. ဒါပေမဲ့ သုံးမဲ့လူမရှိတော့ဘူး... သုံးကြဖို့အတွက်ကို ဒုတ်ထမ်းဒါးထမ်းပြောနေရတယ်... တချို့သုံးဖို့ ကြိုစားသမားတွေဟာ တရှိန်ထိုးစီးနေတဲ့ ဇော်ဂျီကို တိုးမပေါက်တော့ဘူး.. သူတို့ရေးတယ်.. ဘယ်သူမှ နားမလည်ဘူးဖြစ်လာရော...
ရလာဒ်ဟာ ဘာဖြစ်နိုင်သလဲ... စာပဲ.. ဖတ်လို့ရရင် ပြီးရောပေါ့လို့ ဆိုနိုင်ပါတယ်... ဒါပေမဲ့ ကွန်ပျူတာနားမလည်တဲ့ စာလုံးတွေ ဖြစ်တာကြောင့် မြန်မာဘာသာဟာ ကွန်ပျူတာနဲ့ ဘာသာပြန်တာတို့၊ စာလုံးပေါင်း စစ်တာတို့၊ အက္ခအလိုက် စီတာတို့ လုပ်လို့မရဘူး... scan ဖတ်ပြီး font ပြောင်းပစ်လိုက်တာမျိုး လုပ်လို့ မရဘူး...ခုဘာသာ တော်တော်များများမှ စနေတဲ့ ပါးစပ်နဲ့ ပြောတာကို ကွန်ပျူတာက စာစီပေးလိုက်တာမျိုး သွားလို့မရဘူး.. နောင်အနာဂါတ်မှာ language နဲ့ ပက်သက်ပြီး ပေါ်လာမဲ့ ဘယ် electronic version ကိုမှ မြန်မာဘာသာ တိုးလို့မရပဲ ဖြစ်နိုင်တယ်... ဒါက မြန်မာဘာသာ နည်းပညာပိုင်းမှာ ရှေ့တိုးလို့ မရပဲ တန့်သွားမဲ့ ပြဿနာ...
နောက်တစ်ခုက စည်းတွေကို ချိုးဖောက်ရေးထားတဲ့ ဘာသာဖြစ်တဲ့အတွက် ကွန်ပျူတာတွေဟာ သိပ်လက်မခံချင်တော့တာ ထပ်ရင်ဆိုင်ရတယ်... ခုနောက်ပိုင်း ထွက်လာတဲ့ window ပဲ ဖြစ်ဖြစ်၊ mac ပဲဖြစ်ဖြစ် ဇော်ဂျီထည့်ချင်ရင် တရားဝင်ပါပြီးသား မြန်မာယူနီကုတ် စနစ်ကို ဖျက်ချပြီးမှကို ထည့်လို့ရတယ်... စက်အသစ်ချတ်ချွတ်ကို ဖွင့်လိုက်တာနဲ့ ယူနီ မြန်မာစာကို တန်းဖတ်လို့ ရချိန်မှာ အဲဒါကို ဖျက်ပြီး ဇော်ဂျီကို ထည့်ကြရတယ်... ဖုန်းတွေဆို root ဖျက်ကြရတယ်... အီးမေးလ်တွေဟာ span mail တွေ ဖြစ်ကုန်တယ်... ထုတ်လုပ်သူတွေ ဘက်ကတော့ နည်းပညာထပ်မြင့်လေ ဒါမျိုးပုံစံမကျတဲ့ language ကို တားဆီးဖို့ ကြိုးစားလေ ဖြစ်မှာပဲ...
ဒီတော့ နှစ်လိုစရာ ဆေးမီးတိုဇော်ဂျီဟာ ပြဿနာကြီး ဖြစ်လာတယ်.. ဒါပေမဲ့ ကုဖို့ ခက်တယ်... လူတွေကြားထဲမှာ အမှားဟာ နက်နက်ရှိုင်းရှိုင်းစွဲနေတော့ အမှန်တိုးဖို့ခက်တယ်... တကယ်က မြန်မာယူနီစနစ်ဟာ ခုအတော်လေး ပြည့်စုံပြီဆိုပေမဲ့ အားနဲချက်တွေ ရှိသေးတယ်.. ဒါပေမဲ့ ဘယ် developer မှာ သိပ်စိတ်မဝင်စားတော့ဘူး... သူတို့ တိုးတက်အောင် မွန်းမံလဲ၊ ပြုပြင်လဲ သုံးမဲ့လူက မဖြစ်စလောက်ပဲလေ... အွန်လိုင်းမှာ တချို့ ယူနီနဲ့ ရေးဖို့ ကြိုးစားကြတယ်.. ဘာသာအသစ်တစ်ခုနဲ့ ပြောနေသလို ဘယ်သူမှ နားမလည်တော့ဘူး...
အမှန်တော့ စားသုံးသူဟာ အင်မတန် ရိုးသားပါတယ်.. လွယ်တဲ့၊ သူတို့အတွက် အဆင်ပြေတဲ့ အရာကို နှစ်သက်မှာပဲ... ( ဆောရီး အသားကျတယ်လို့ ပြောရင် ပိုမှန်မယ်... အသုံးလွယ်တာတော့ ယူနီဟာ အများကြီးပိုလွယ်တယ်...) အွန်လိုင်းသုံးသူတွေဟာ ယူနီပြဿနာပေါ်တိုင်း စိတ်တောင် ညစ်ရသေးတယ်... တကူးတက ချွေးပြန်အောင် သုံးကြည့်လိုက်၊ ဘယ်သူမှနားမလည်လိုက်နဲ့ ဇော်ဂျီကိုပဲ ပြန်လှည့်ဖြစ်သွားကြတာ များတယ်... ဒီတော့ လူညီညီ (အနဲဆုံး မီဒီယာတွေ၊ FB ဆယ်လီတွေဟာ) ပြောင်းသုံးဖို့ ကြိုးစားသင့်တယ်လို့ ကျွန်တော်ကတော့ ထင်တယ်.. ညီညီလို့ ပြောတာကလဲ တစ်ယောက်နှစ်ယောက်အားနဲ့ ဘယ်လိုမှ မတိုးနိုင်ပဲ လန်ကျသွားမှာ သေချာလို့ပဲ... သူတို့ရဲ့ ဆွဲဆောင်နိုင်အားနဲ့ မြန်မာ့အွန်လိုင်းဘာသာရဲ့ ကင်ဆာကို ကုရမယ်...
ခုတော့ လူညီညီဆိုတာ အသာထားလို့ ထုံးစံမပျက် တစ်ယောက်တစ်ပေါက်တွေ စတော့တာပဲ... အံ့သြောစရာ ကောင်းလောက်အောင် ဇော်ဂျီကို ခုခံချေပကြသူတွေ ပေါ်လာတယ်.. သံယောဇဥ်နဲ့ ရိုးသားစွာ ခုခံချေပသူတွေကို မပြောလိုပေမဲ့ တချို့ နည်းပညာကျွမ်းကျင်သမားတွေရဲ့ (zawgyi developer) အတ္တကိုတော့ အင်မတန် အံ့ဩပါတယ်... သူတို့အနေနဲ့ ဒါကြီးဟာ မြန်မာဘာသာ electronic version အတွက် အကျိုးယုတ်စေတယ် ဆိုတာ သိသိကြီးကို အသုံးများမှုအပေါ် အခွင့်အရေးယူပြီး စားသုံးသူကို ဆွဲဆောင်နိုင်သောတွေ ဘာတွေ ရွတ်ဆိုကြတယ်... ယူနီကို ပုတ်ခတ်ကြတယ်... ပညာပေး လမ်းကြောင်းပေးရမဲ့ အစား မင်းတို့ပစ္စည်းသုံးစေချင်ရင် လူသုံးအောင်လုပ်လေ သုံးမှာပေါ့ဆိုပြီး အပေါ်စီးက ဆိုကြတယ်... ငြင်းခုံကြပြီဆိုတော့လဲ အစဥ်လာမပျက် ဆဲကြဆိုကြ ရင့်သီးကြတာလေးတွေလဲ ပါရတာပေါ့လေ....
အမှန်တော့ ကျွန်တော်တို့ဟာ ဇော်ဂျီနဲ့ရိုက်ရင် ငယ်ငယ်တုန်းထဲက နားလည် အသားကျခဲ့တဲ့ မြန်မာစာ စာလုံးပေါင်းပုံကို ဖျက်ပြီး ရိုက်ပေးရတတာပါ... ဥပမာ မ ရရစ် ငသတ်မြင်း အစား၊ ရရစ် မ ငသတ်မြင်း ဖြစ်သွားတယ်.. ဇော်ဂျီ ရိုက်တဲ့အတိုင်း ခပ်ဖွဖွပဲ ရွတ်ကြည့်ပါဦး.. ဇော်ဂျီကို ရိုက်ဖို့ ဘယ်လောက်တောင် ကိုယ့်မြန်မာစာကို လျော့ပေးခဲ့ရတယ်ဆိုတာ ခံစားမိသွားလိမ့်မယ်...
ပြီးတော့ အများစုဟာ ဇော်ဂျီ ယူနီကို font နှစ်ခုအဖြစ် နှိုင်းယှဥ်နေတာ တွေ့တယ်... အမှန်တော့ ဇော်ဂျီဟာ font ဖြစ်ပြီး ယူနီကုဒ်က စနစ်ဖြစ်တယ်... တကမ္ဘာလုံးက ဘယ် font ရေးချင်သူအတွက်မဆို သတ်မှတ်ထားတဲ့ စနစ်ပေါ့... ဘယ်သူပိုင်တာမှ မဟုတ်ပဲ ကွန်ပျူတာက သူနားလည်အောင် သတ်မှတ်ထားတဲ့ သတ်မှတ်ချက် စနစ်ပဲ ဖြစ်တယ်.... ဇော်ဂျီဟာ အဲဒီစနစ်ကို မလိုက်နာပဲ စခဲ့တယ် (အမှန်တော့ သူစတုန်းက အဲဒီစနစ်က ယောင်ဝါးဝါးနဲ့ အသားမကျဖြစ်နေတာလဲ ပါပါတယ်...) ခုလဲ ဇော်ဂျီ font ရေးသမား တွေဟာ အဲဒီစနစ်ကို ပြန်အခြေခံမိသွားအောင် သူတို့ font ကို ပြင်ဖို့ ကြိုးစားနေကြတယ်..
နားလည်လွယ်အောင် မဆိုင်ဆိုင်ရာ အတင်းဥပမာ ပြရမယ်ဆိုရင်တော့ ဘော်လုံးတစ်သင်းမှာ လူဆယ့်တစ်ယောက်နဲ့ ကန်ရမယ်၊ တစ်ယောက်က ဂိုးဖမ်းရမယ်၊ မိနစ်ကိုးဆယ်ကန်ရမယ်လို့ ယူနီကုဒ်က သတ်မှတ်ချက် ရှိတယ်ဆိုပါတော့.. ဘယ်သူမဆို ကြိုက်တဲ့ အသင်းထောင်၊ အဲလိုကန်လို့ ရတယ်.. အဲဒီမှာ ဇော်ဂျီဆိုတဲ့ အသင်းက ဆယ့်ငါးယောက်နဲ့ ကန်မယ်၊ ကြုံတဲ့လူ ဂိုးဖမ်း၊ မိနစ်၆ဝ ကန်မယ်လို့ ပြောတယ်... ဘောလုံးကန်တာပဲ ကန်နေရင် ပြီးရောပေါ့ဆိုကြမဲ့ သူ့ပရိတ်သတ်နဲ့ သူတော့ ဟုတ်နေတာပါပဲ.. ဒါပေမဲ့ ကမ္ဘာက အသိမှတ် မပြုဘူး (ကွန်ပျူတာတွေက အသိမှတ် မပြုဘူး).. တခြားအသင်းတွေနဲ့ သွားကန်လို့ မရဘူး (translate လုပ်တာတို့ ဘာတို့)
စားသုံးသူ အဓိကဆိုတာကို ကျွန်တော်လဲ လက်ခံပါတယ်.. ဒါကြောင့်လဲ အစိုးရရော မီဒီယာတွေပါ ခုအဲဒါကို ပညာပေးဖို့ စလှုပ်ရှားနေကြတာပေါ့... ဒီကိစ္စဟာ ကျွန်တော်တို့ စားသုံးသူတွေ အတွက် ဘာမှ တတ်နိုင်တဲ့ ကိစ္စလဲ မဟုတ်ပါဘူး... ယူနီကို အခြေခံတဲ့ font နဲ့ပဲ ရိုက်မယ်ဆိုပြီး ရိုက် တင်လိုက်ရော ဇော်ဂျီအင်တာနက် ပင်လယ်ထဲ စုန်းစုန်းမြုပ်ပြီး ဘယ်သူမှ ဖတ်လို့မရ ဖြစ်နေမဲ့ အနေအထားဟာ မမှန်ကန်သလို၊ ဘယ်စာရိုက်သူမှ ခံစားနိုင်မယ် မထင်ဘူး.. ဒီတော့ ကျွန်တော်တို့ဟာ ဇော်ဂျီနဲ့ပဲ ဆက်ရိုက်နေရဦးမှာပဲ... ဒါပေမဲ့ မတတ်သာလို့ ရိုက်ရတယ်ဆိုတဲ့ စိတ်အခြေခံလေး ရှိထားသင့်တယ် ထင်တာပဲ.. ဒါမှပဲ ဒီယူနီကုဒ်အခြေခံတဲ့ font တွေ သုံးဖို့ လှုပ်ရှားမှုတွေကို အကောင်းမြင်စိတ်နဲ့ ကြည့်ပေးနိုင်မယ်၊ အောင်မြင်လာအောင် ပူးပေါင်းပါဝင်မိမယ်၊ အနဲဆုံးတော့ ဇော်ဂျီဘက်က ခုခံချေပတာမျိုး မလုပ်မိတော့ပဲ အခွင့်ကြုံတာနဲ့ ပြောင်းဖို့ အဆင်သင့် ဖြစ်နေသင့်တယ် မဟုတ်ဘူးလားလေ...
By Thuta Win

Comments

Popular posts from this blog

မြန်မာအဘိဓာန်အက္ခရာစဉ်နည်း

မြန်မာအက္ခရာစဉ်ရာတွင် ၁။ ဗျည်းအက္ခရာစဉ် ၂။ ဗျည်းတွဲ ၃။ သရကာရန် ၄။ အသတ်ကာရန် ဟူ၍ ၄ ဆင့်ရှိပါသည်။ ၁။ ဗျည်းအက္ခရာစဉ် ****************** ဗျည်းအက္ခရာ စဉ်ရာတွင် က မှ အ အထိ အစဉ်လိုက်သာဖြစ်သည်။ မှတ်သားရန်မှာ ဉကလေးကို ညကြီးရှေ့တွင် စဉ်ရသည်။  ဥပမာ >>>ဗျည်းစဉ်များကို သိရန် အောက်ပါစာများကို အက္ခရာစဉ်ကြည့်ပါ။ အိတ်ကပ်၊ ခါသာ၊ မာလာ၊ ငါးသိုင်း၊ ဉာဏ၊ ညအခါ၊ ကတိ။ ကတိ၊ ခါသာ၊ ငါးသိုင်း၊ ဉာဏ၊ ညအခါ၊ မာလာ၊ အိတ်ကပ်။ ဟု အဖြေရပါသည်<<< ၂။ ဗျည်းတွဲ ********** ပင့်၊ရစ်၊ဆွဲ၊ထိုး သည် ယ၊ရ၊ဝ၊ဟ ၏ စာလုံးဆင့်ပုံစံ ဖြစ်ပါသည်။ ထို့ကြောင့် ယ၊ရ၊ဝ၊ဟ အစဉ်လိုက်အတိုင်းစဉ်ရသည်။ ကျ၊ကြ၊ကှ၊ကွ။ ကျွ၊ ကြွ။ ကျှ၊ကြှ၊ကွှ။ ကျွှ၊ကြွှ။ (ကဗျည်းနှင့် ပေါင်းပြထားပါသည်) ရှင်းအောင်ပြရပါက ကျ=က ယ။ ကြ=က ရ။ ကှ=က ဟ။ ကွ=က ဝ ကျွ=က ယ ဝ။ ကြွ=က ရ ဝ ကျှ=က ယ ဟ။ ကြှ=က ရ ဟ။ ကွှ=က ဝ ဟ ကျွှ=က ယ ဝ ဟ။ ကြွှ=က ရ ဝ ဟ ဖြစ်ပါသည်။ ဥပမာ >>>မျောက်ကြီး၊ မွဲတေ၊ မျှတ၊ မြို့မ၊ မှတ်ခြင်၊ မြွေပါ၊ မွှေးပျံ့။ မျောက်ကြီး၊ မြို့မ၊ မွဲတေ၊ မှတ်ခြင်၊ မြွေပါ၊ မျှတ၊ မွှေးပျံ့။ <<< ...

Contacts တွေကို one click နဲ့ unicode ပြောင်းနည်း

ios သမားတွေကတော့အရင်ဆုံး App Store ထဲဝင်ပြီး search ကနေ pyaung လို့ရိုက်ရှာပါ။ ပြီးရင် Download လုပ်ပါ။ ရှာ မတွေ့ရင် ဒီ link ကနေ download လုပ်လို့လည်း ရပါတယ်။ https://apps.apple.com/us/app/pyaung/id1039690192 home screen မှာ pyaung app ပေါ်လာရင် ဝင်လိုက်ပါ။Contact ဆိုတဲ့ tap ထဲဝင်ပါ။ zawgyi to uni , uni to zawgyi ကို စိတ်ကြိုက်ပြောင်းနိုင်ပါပြီ။ Android သမားတွေကတော့ ကိုနေရှိန်ဦး လုပ်ပေးထားတဲ့ app ကို အောက်က link ကနေ Download လုပ်ပြီး zawgyi to uni , uni to zawgyi ကို စိတ်ကြိုက်ပြောင်းနိုင်ပါတယ်။ https://play.google.com/store/apps/details?id=com.nso.unicc https://m.apkpure.com/unicontact-converter/com.nso.unicc နောက်တခုက Dev House က ထုတ်တဲ့ MM contact converter ပါ။ သူကတော့ Android သီးသန့်ပါပဲ။ Contacts တွေမှာ zawgyi နဲ့ unicode ရောနေရင်တောင် အဆင်ပြေပါတယ်။  ပြောင်းနေရင်း ဟန်းသွားတာမျိုးမဖြစ်ပါဘူး။ (Main thread မှာအလုပ်လုပ်မလုပ်ပဲ thread ခွဲပြီးပြောင်းလို့ပါ) https://play.google.com/store/apps/details?id=me.myatminsoe.mmcontactsconverter

ပြည်ထောင်စု font

Pyihtaungsu Font Downloads Windows 7 – Microsoft Office အားလုံးအတွက် – Pyidaungsu-1.8_Regular.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) – Pyidaungsu-1.8_Bold.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) Windows 10 & 8 – Microsoft Office 2013, 2016 အတွက် – Pyidaungsu-2.5_Regular.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) – Pyidaungsu-2.5_Bold.ttf ဖောင့်    [ DOWNLOAD ]     Mirror Link (Google Drive) iPhone, iPad အတွက် – Pyidaungsu-2.4.mobileconfig ဖောင့်ပရိုဖိုင် Safari Browser ကိုသုံး၍ ဒေါင်းပါ    [ DOWNLOAD ]     Mirror Link (Google Drive) Download Myanmar Unicode Keyboards KeyMan Keyboard အသုံးပြုခြင်း Download Myanmar Unicode Fonts Myanmar3 အဟောင်း – Myanmar3_MultiOS.ttf ဖောင့်   [ DOWNLOAD ]      Mirror Link (Google Driv...