Skip to main content

နွေဦးဒိုင်ယာရီ (၅)

 


ဇွန် ၁ ရက်နေ့။ မော်လမြိုင်က ချောင်းဆုံ တံတားကို အရင် NLD လက်ထက်က ဗိုလ်ချုပ်အောင်ဆန်း တံတားလို့ နာမည်ပေးထားတာကနေ ချောင်းဆုံတံတားလို့ နာမည်ပြောင်းပြီး စစ်သူပုန်တွေက ဆိုင်းဘုတ်ဖွင့်ပွဲတွေ ဘာတွေပါလုပ်တယ်။ မနေ့ကပဲ စစ်သူပုန်တွေက အပစ်အခတ်ရပ်တယ် ပြောတယ်။ ကနေ့ ဒီမော့ဆိုမှာ လက်နက်ကြီးတွေနဲ့ ဆက်တိုက်ကို ပစ်နေတယ်။ ပူတာအို လေဆိပ်ကို KIA က ဝင် ပစ်တယ်။ ဒီမော့ဆို ကုန်းသာရွာ မှာ စစ်ခွေး အယောက် ၈၀ ကျော် ကျသွားလို့ အညှိုးနဲ့ ပစ်နေတာလို့ ပြောကြတယ်။ ကရင်ပြည်နယ် ဖလူးမှာ တိုက်ပွဲတွေ ပြင်းထန်နေလို့ ဒေသခံ ၄၀၀ ကျော် ထိုင်းနိုင်ငံဘက်ကို စစ်ဘေးရှောင်နေရတယ်။ ကယားပြည်နယ် တချို့ မြို့တွေမှာ စားသောက်ကုန်တွေ ပြတ်ကုန်ပြီး ဆန်တစ်အိတ်ကို တသိန်း အထိ ဖြစ်သွားတယ်။ NUG က အခြေခံပညာမှာ ကျောင်းမတက်နဲ့ ပြောနေယုံတင်မကပဲ Online Education ကို လုပ်ဖို့ စီစဉ်နေတယ်။ အင်တာနက် မရတဲ့ ကလေးတွေအတွက်လည်း တခြားနည်းနဲ့ လုပ်ပေးဖို့ စီစဉ်နေတယ်လို့ ဆိုတယ်။ Online Education Portal ကို မကြာခင် launch လုပ်မယ်လို့ မျှော်လင့်ရတာပဲ။ တပြိုင်နက်တည်းမှာပဲ ကော့ကရိတ်မြို့နယ်အတွင်းမှာ ကရင်ပညာရေးကောလိပ်ကျောင်းတွေ စ ဖွင့်တယ်။ အစိုးရကျောင်းတွေမှာလည်း ကျောင်း လာတက်တဲ့ ကျောင်းသား ကျောင်းသူတွေ ရှိနေတယ်။ ကျောင်းတွေ ရှေ့မှာလည်း စစ်သားတွေကို လုံခြုံရေး ချထားတာတွေ့ရတယ်။ ASEAN ဥက္ကဋ္ဌ နဲ့ အတွင်းရေးမှူး ဒီရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို လာမယ်လို့ ဆိုတယ်။


ဇွန် ၂ ရက်နေ့။ State ကျောင်းသားတွေနဲ့စစ်ခွေးတွေ ဓါတ်ပုံတွဲရိုက်ပြီး ကျောင်းသားတွေကို လုံခြုံရေး ယူပေးနေတဲ့ ပုံတွေ တက်လာတယ်။ အံ့သြလို့ကို မဆုံးဘူး။ကာဗာပေးတာလား ကာဗာယူတာလား သူတို့ကိုယ်တိုင်ပဲ သိမှာ။ ကျောင်းနဲ့ လက်နက်ကိုင်ဆိုတာ လုံးဝ မအပ်စပ်တဲ့ အရာ။  ကျောင်းတွေကို စစ်စခန်းလုပ်တာလည်း သူတို့ပဲ။ ကျောင်းတွေကို အတင်းပြန်ဖွင့်ခိုင်း တာလည်း သူတို့ပဲ။ အမျိုး ဘာသာ သာသနာ လို့ အော်ပြီး မနေ့ညက မန္တလေး မစိုးရိမ်တိုက်သစ်က ဆရာတော်တွေ ပရိတ်ရွတ်နေတာကို သေနတ်တွေနဲ့ ပစ်တယ်။ စစ်သူပုန်တွေ ရဲ့ ဝင်ငွေလမ်းကြောင်းတွေက ခုထိ မပိတ်သေးဘူး။ သူတို့ လိုသလောက် ငွေကို ရအောင် ရှာနေနိုင်ကြတုန်း။ Illegal mining တွေဟာလည်း ရှိနေပြီး မေလဆန်းမှာ ဆယ်ဆ မက ထိုးတက်သွားတယ်။ Rare earth ထုတ်တာတွေ လည်း များလာတယ်။ ကချင်ပြည်နယ် ပန်ဝါနဲ့ တရုတ်နယ်စပ်မှာ ရှိနေတဲ့ မိုင်းတွင်းတွေကနေ ထုတ်နေတုန်းပဲ။ သတိထားမိတာကတော့ စစ်သူပုန် ဝါဒဖြန့် channel တွေမှာ ၅၀၅ နဲ့ ဝရမ်းထုတ်နေတာ ရပ်သွားတယ်။

မြေပြင်နဲ့ Facebook ပေါ်နဲ့ အခြေအနေက ကွာခြားနေတယ် ဆိုပေမယ့် စစ်သူပုန်တွေ ကြောက်နေကြတာတော့ ငြင်းမရဘူး။ မြဝတီ ဖလူးဘက်မှာ မနက် ၄ နာရီကတည်းက လက်နက်ကြီးတွေနဲ့ တိုက်ပွဲတွေ ပြင်းထန်နေကြတယ်။ ကသာဘက်မှဦတော့ တိုက်ပွဲတွေ ရှိနေပြီး ၂ ဖက်လုံး အထိအခိုက်တွေ ရှိတယ်လို့ သတင်းကြားရတယ်။

ဇွန် ၃ ရက်နေ့။ တော်လှန်ရေးနဲ့ပတ်သတ်ပြီး လိမ်ညာပြီး အလှူခံနေတာတွေ တွေ့နေရတာ တော့ အတော်ကြာပြီ။ တော်လှန်ရေး စကတည်းက ကိုယ်နဲ့ အပြင်မှာ လူချင်းမသိတဲ့ သူ ဆိုရင် မလှူဘူးပဲ။ အခုထိလည်း ကိုယ့် လူရင်းတွေ လို့ ပြောလို့ မရတောင် ကိုယ်နဲ့ အပြင်မှာ သိတဲ့ လူတွေ ဆိုရင် အမေးအမြန်းမရှိပဲ လှူနေတုန်းပဲ။ ငွေထုတ်တာတွေကို ကန့်သတ်ထားပြီး စစ်သူပုန်တွေက သိန်း ၆၀၀၀ နီးပါး ဗဟိုဘဏ်ကနေ ထုတ်ယူခွင့် တောင်းတဲ့ စာ leak ဖြစ်လာတယ်။ ရန်ကုန်မှာတော့ နေရာကွက်ကျား သပိတ်တွေ ပြနေကြတုန်းပဲ။ ရန်ကုန်စီးပွားရေး တက္ကသိုလ်က ဘွဲ့လွန် သင်တန်းတွေ ပြန်ဖွင့်တယ်။ ပညာရေးနဲ့ နိုင်ငံရေး မဆိုင်ပါဘူး ဆိုပြီ ကျောင်းသားတွေ ကျောင်းလာတက်အောင် မဲဆွယ်ကြတယ်။ ICJ မှာ စွဲချက်တင်ဖို့ကိစ္စမှာ video footage တွေနဲ့ case အသစ်ဖွင့်မယ်ဆိုရင် economic ban နဲ့ arms embargo ဖြစ်သွားပြီး တစ်ဖက်က ချိနဲ့တဲ့ အခါ ဗီတို ၂ နိုင်ငံ ဖြစ်တဲ့ ရုရှားနဲ့ တရုတ်က အကာအကွယ်မပေးတော့ဘူးဆိုမှ စွဲချက်တင်တာ အောင်မယ့် သဘောမှာ ရှိိနေတယ်။ ဆိုတော့ NUG ကို recognised government ဖြစ်ရေးက ထိပ်ဆုံး အရေးကြီး တစ်ချက်ဖြစ်နေတယ်။ ကနေ့ ဆိုရင် NUG က ရိုဟင်ဂျာ နဲ့ ပတ်သတ်ပြီး ပေါ်လစီ ထုတ်တယ်။ မိအောင်လှိုင်က မဘသ ဘုန်းကြီးတွေကို လိုက်တွေ့နေတယ်။ ဘာသာရေး က ကြားထဲမှာ ညပ်နေပြန်ပြီလို့ ထင်တယ်။ အရင်ခေတ်တွေတုန်းကတော့ ဘာသာရေးမှိုင်းမိခဲ့ကြတယ်။ ဒီခေတ်မှာ တော့ ပြည်သူတွေ အဲ့လောက် မှိုင်းတိုက်လို့ ရမယ် တော့ မထင်ဘူး။ စောင့်တော့ စောင့်ကြည့်ရမှာပဲ။

ထိုင်းဘက်အခြမ်းမှာ ရှိတဲ့ မြန်မာစစ်ရှောင်စခန်းကို လက်နက်ကြီးကျည်ဆံကျလို့ ထိုင်းစစ်သား ၁ ယောက် ဒဏ်ရာရတယ်။ မြဝတီဘက်မှာလည်း လက်နက်ကိုင်တပ်ဖွဲ့တွေ နဲ့ စစ်သူပုန်တွေ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေတယ်။ မင်းတပ်မှာလည်း စစ်ရှောင်စခန်းတွေကိုပါ ဝင်တိုက်လို့ လူ ၁၀၀၀ နီးပါး ထွက်ပြေးနေရတယ်။ ရန်ကုန် မန္တလေးက လူတွေကတော့ club တက်တဲ့သူက တက်နဲ့ မြင်ရတာ အတော်ကို အဆင်မပြေနေဘူး။

ဇွန် ၄ ရက်နေ့။ ငွေစက္ကူနံပါတ်အသစ်တွေ ဘဏ်တွေကနေ တဆင့် ထွက်လာတယ်။ လက်ကျန်တွေလား အသစ်ရိုက်ထုတ်နေတာလားတော့ မသိဘူး။ စစ်သူပုန် ပညာရေး ဌာန က အွန်လိုင်း အသုံးပြုမှု့ အကုန် ရပ်နားဖို့ စာထုတ်တယ်။ Digital Education Access အကုန် ပိတ်ပစ်လိုက်တာ။ ပညာရေးကတော့ သူတို့လက်ထဲမှာ ဇောက်ထိုး ဆင်းတော့မှာပဲ။ ဒါတောင် ရန်ကုန်တိုင်းဒေသကြီးမှာ ကျောင်းတက်သူဦးရေ ၂ သိန်းခွဲ ရှိတယ် ဆိုပြီး ELEVEN က သတင်းတက်လာတယ်။ စီးပွားရေးက လည်း ဆင်းနေတာပဲ။ စစ်သူပုန် ကျန်းမာရေး ဝန်ကြီး ဌာနကလည်း အပြိုင်စာထုတ်တယ်။ CDM လုပ်တဲ့ ဆရာဝန်တွေ ကို ဆမ ပြန်သိမ်းဖို့ နဲ့ passport ဖျက်သိမ်းဖို့။ တော်တော်စိတ်ဓါတ်အောက်တန်းကျတာ။ သူတို့ ဒီလိုတွေ လုပ်လေ ဒီဘက်က အားပြင်းထန်လေပဲ။ Internet တွေကို whitelist နဲ့ ဖွင့်ပေးထားတာက ဒီတိုင်း social media ပဲ သုံးနေကြလို့ မသိသာတာ။ ဓါတ်ပုံဆရာတွေ ပုံမှန် အလုပ်လုပ်နေကျ website တွေ ဝင်မရတာမျိုး၊ ဖုန်းဆိုင်တွေမှာ  အင်တာနက်နဲ့ ချိတ်သုံးတဲ့ devices တွေ အလုပ်မလုပ်တော့တာမျိုးတွေ ဖြစ်နေပြီ။ အဓိက လူသုံးများတဲ့ website တွေကိုပဲ ဖွင့်ပေးထားတာ ဆိုတော့ လူတွေ အတော်များများက သတိမထားမိကြဘူး။ NUG က ကနေ့ မြန်မာ စံတော်ချိန် ညနေ ၅ နာရီမှာ သတင်းစာ ရှင်းလင်းပွဲ လုပ်မယ် ဆိုပြီး ကြေညာတယ်။ ၅ နာရီ မထိုးခင် တနိုင်ငံလုံး အင်တာနက်ပျက်သွားတယ်။ ဒီကောင်တွေ က de facto ရှိနေတယ် ဆိုတာ တကွက်ပြလိုက်တာပဲ။ စစ်ဖြစ်လာရင်လည်း အင်တာနက်က ပိတ်မှာ။ ဖုန်းလိုင်းတွေလည်း ပိတ်မှာပဲ။ စစ်ဖြစ်လာရင် သူတို့ဆီမှာ ဆက်သွယ်ရေး စနစ်ရှိနေတော့ သူတို့က အဲ့မှာ တပန်းသာတယ်။ စစ်ဖြစ်ရင် ခက်ခဲလာမယ့် ဆက်သွယ်ရေး ကိစ္စကလည်း ထည့် စဉ်းစားရမယ့် ကိစ္စဖြစ်လာပြီ။

ဇွန် ၅ ရက်နေ့။ မြေပြင်မှာက Facebook ပေါ်မှာလို NUG ဘက်က အသာစီး ရတာ မရှိဘူး။ တော်လှန်ရေး လုပ်နေတဲ့ ကိုယ့် အသိမိတ်ဆွေတွေ ပြေးတဲ့သူက ပြေး၊ စစ်ကြောရေး ရောက်လို့ ရောက်နဲ့ ဖြစ်နေကြပြီ။ ကနေ့ဆို ကိုယ့်အသိတယောက်ရဲ့ ရုံးခန်းမှာ ပုန်းနေတဲ့ သူတွေ ရှိလို့ စစ်ခွေးတွေက လာဖမ်းတာ တံခါးဖွင့်မပေးလို့ သေနတ်နဲ့ ဆက်တိုက်ပစ်ပြီး အထဲ ဝင်ဖမ်းတာ တယောက်သေတယ်။ ကျန်တဲ့ သူတွေလည်း ပြေးရတာပေါ့။ အလုပ်ထဲက လူတွေကလည်း အလုပ်ထဲမှာ တော်လှန်ရေးအကြောင်း အာဘောင်အာရင်းသန်သန်နဲ့ ပြောနေကြတာ ဝင်နားထောင်တော့လည်း သတင်းတွေက အမှားတွေချည်းပဲ။ သူတို့ကြားရတဲ့ သတင်းနဲ့ ကိုယ်သိတဲ့ သတင်းတွေက တခုမှ ကိုက်တာမရှိဘူး။ Facebook အပါအဝင် social media တွေ ပေါ်မှာ ads နဲ့ ပိုက်ဆံရအောင်လုပ်ပြီး လူကြည့်များအောင် လုပ်ထားတဲ့ ဆောင်းပါးတွေ video တွေ ကြောင့် သတင်းမှားတွေ အများကြီး ဖြစ်နေတာလည်း တွေ့နေရတယ်။ Facebook IA တွေ ဆို တော်တော်ဆိုးဆိုး ကြီးကို သတင်းအမှားတွေ တင်တာ။ လူတွေက အဲ့မှာတင် သတင်းအမှား သံသရာထဲမှာ လည်နေကြရော။ သတင်းတွေကို fact & check လုပ်တဲ့ အဖွဲ့တွေလည်း မနိုင်တော့ဘူး ထင်တယ်။ သတင်းအမှား တွေက ပိုပြီး ပြန့်လွယ်တယ်။ မနေ့က လုပ်တဲ့ NUG သတင်းစာ ရှင်းလင်းပွဲ အကျဉ်းချုပ်ဆိုပြီးတော့ကိုပဲ ပိုစ့်တွေက ပွစာကြဲနေတာ။ အဲ့ပိုစ့်မှာဆို အကုန်လုံးက သတင်းမှားတော့ မဟုတ်ဘူး။ အမှားနဲ့ အမှန် နည်းနည်း ရောထားတာ။ ညနေဘက် ကျုံပျော် လှေဆွဲရွာ မှာတော့ ကနေ့ ဒလန်က သတင်းမှားပေးလို့ ရွာသားတွေနဲ့ စစ်သားတွေ ချကြတယ်။ ရွာသားတွေမှာ လက်နက်လည်း မရှိပဲ ပြန်ချကြတာ။ ညနေဘက်အထိတော့ ၁၇ ယောက် သေတယ်လို့ သတင်းရပေမယ့် စစ်သူပုန်တွေ သတင်းထုတ်ပြန်တာကတော့ ၄ ယောက်လို့ပဲ စာရင်းပြတယ်။

ဇွန် ၆ ရက်နေ့။ စက်သုံးဆီ တွေ ပြတ်မယ် ဆိုပြီး သတင်းထွက်နေပေမယ့်လည်း ကုမ္ပဏီတွေက တင်သွင်းထားတဲ့ စာရင်းအရ ပြတ်မယ် မဟုတ်ဘူး ဆိုပြီး ပြန်ထုတ်တယ်။ ထိုင်းဘက်က တင်သွင်းတဲ့ သွားတိုက်ဆေး၊ ဆပ်ပြာ၊ ဆပ်ပြာမှုန့် တင်သွင်းခွင့်ကို ပိတ်လိုက်တယ်။ ပိတ်ကြောင်းညွှန်ကြားစာမှာတော့ နိုင်ငံခြားသုံးငွေ လျော့ချချင်လို့ ဆိုပြီး ပြောထားတာပဲ။ ပိတ်တဲ့ စာ မှာ ITC card ကိုပဲ ပိတ်တာဆိုတော့ Individual Trading Card ကိုင်ထားတဲ့ တစ်နိုင်တပိုင် သမားတွေကိုပဲ ပိတ်တာ။ Company တွေကိုတော့ တင်သွင်းခွင့် မပိတ်ဘူးပေါ့။ ကျွန်တော်ထင်တာကတော့ ထိုင်းဘက်က ပို့တာဆိုတော့ KNU နဲ့ အဲ့ဘက်က စစ်ဘေးရှောင်တွေကို supply လုပ်နေတာတွေကို ပိတ်ချင်လို့ လို့မြင်တယ်။ KIA ဘက်မှာလည်း တိုက်ပွဲတွေ ဖြစ်နေတယ်။ မင်းတပ်ဘက်မှာတော့ အလံဖြူထောင်ထားတဲ့ church ကိုလည်း လက်နက်ကြီး ထိတယ်။ ကယား ဒီမော့ဆို မှာ လူနေအိမ်တွေကို လက်နက်ကြီးတွေနဲ့ ပစ်တယ်။ (တိုက်ပွဲနဲ့ပတ်သတ်တဲ့ သတင်းတွေကို ဆရာငြိမ်းအေးအိမ် ရေးတာ ပဲ ဖတ်စေချင်တယ်။ သူရေးတာ ပို အသေးစိတ်ကျတယ်။) မနေ့က သတင်းစာရှင်းလင်းပွဲမှာ ရိုဟင်ဂျာနဲ့ ပတ်သတ်ပြီးတော့ ပြောတာတွေ ကို ရခိုင်တမျိုးသားလုံး ညီညွတ်ရေးကော်မတီက ကန့်ကွက်ကြောင်းထုတ်ပြန်တယ်။ အဲ့ ရခိုင်တွေကိုလည်း သူတို့ နိုင်ငံခွဲပေးမှ ရမယ် ထင်တယ်။ Coup စဖြစ်ခါစတုန်းက ရိုဟင်ဂျာတွေကို ပြန်ခေါ်မယ်ဆိုပြီး မိအောင်လှိုင်က ပြောတုန်းက ဘာသံမှ မထွက်ခဲ့ဘူး။ ဆိုတော့ သူတို့ ရပ်တည်ချက်ကလည်း မကွဲသေးဘူး။ 

ဇွန် ၇ ရက်နေ့။ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ရာထူးကို ခန့်စည်သူကို ပေးလိုက်တာ အနုပညာရှင် သရုပ်ဆောင် တော်တော်များများက ထွက်စာတွေ တင်ကုန်တယ်။ သိပ်မကြာပါဘူး ခန့်စည်သူ ကိုယ်တိုင်လည်း ထွက်စာ တင်လိုက်တယ်။ ဇင်ဝိုင်း ပြန်လွတ်လာတယ်။  ဘားအံ၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီးမှာ ရှိနေတဲ့ အာဇာနည် ကျောက်တိုင်တွေကို မနေ့ညက စစ်သူပုန်တွေက ဖြိုချခဲ့တယ်။၂၄ နာရီအတွင်း စစ်ကြောရေးမှာ သေဆုံးသူ ၂၀ ကျော်ရှိတယ် ဆိုတဲ့ သတင်းတက်လာတယ်။ စစ်ကြောရေး ရောက်နေတဲ့ ရဲဘော်တွေ ဘော်ဒါတွေကို ဆုတောင်းပေးနေယုံပဲ တတ်နိုင်တော့တယ်။ တတ်နိုင်သမျှ အဖမ်းမခံရအောင် နေကြဖို့ပဲ မှာချင်တော့တယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးကို NUG က ဒေါ်ဇင်မာအောင်က စာပို့တယ်။ တရုတ်အနေနဲ့ မိအောင်လှိုင်ကို ဆက်လက်ထောက်ပံ့နေတာတွေ ရပ်ဖို့နဲ့ NUG နဲ့ ဆွေးနွေးဖို့ အကြောင်းတွေ ရေးထားတယ်။ ဒါနဲ့ ဒီထုတ်ပြန်တဲ့ စာတွေ ကို တွေ့တော့ Open Data လုပ်နေတဲ့ တယောက်သောသူကြီးကို သတိရတယ်။ ခုလိုထုတ်ပြန်တဲ့ စာတွေကို တယောက်ယောက် သိမ်းထားရင်ကောင်းမယ်။ 

ဇွန် ၈ ရက်နေ့။ တာမွေ ကျားကွက်သစ် က အုပ်ချုပ်ရေးမှုး သေနတ်နဲ့ အပစ်ခံရတယ်။ ရပ်ကျေး အုပ်ချုပ်ရေးစနစ် အသက်ဝင်အောင် မနည်း လုပ်နေရတယ်။ အသိတွေလည်း တယောက်ပြီး တယောက် ပြေးနေရပြီ။ ရခိုင်ပြည်နယ် သံတွဲမှာလည်း PDF ဖွဲ့တယ် ဆိုပြီး စာထွက်လာပေမယ့် အတုလား အစစ်လား မသေချာဘူး ဖြစ်နေတယ်။ ဒွါရဝတီ မျိုးချစ်လူငယ်များအဖွဲ့ကလည်း သံတွဲ PDF ကို ကန့်ကွက် လက်မခံကြောင်း စာ ပြန်ထုတ်တယ်။ ဗဟိုဘဏ်က ဒေါ်လာ ၃ သန်းထုတ်ရောင်းတယ်။




ဇွန် ၉ ရက်နေ့။ အာဆီယံက စစ်သူပုန်တွေကို အတော်စိတ်ပျက်နေတယ် ဆိုတဲ့ အသံတွေ ကြားနေရသလို ILO နဲ့ WHO တို့မှာလည်း အသိအမှတ်ပြုတာ မခံရဘူး။ တောင်ကြီး ဆေးတက္ကသိုလ်မှာ ထီရောင်းမယ့် စာ ကို တွေ့ရတော့ ဒီကောင်တွေ ငွေကို ရတဲ့ အပေါက်က ရသလို ရှာနေတာလို့ မြင်တယ်။ ဒါကိုတောင်မှ ဝါဒဖြန့်တော့ ဒီ ၄ လ အတွင်းမှာ မိအောင်လှိုင်က တိုင်းပြည်တိုးတက်လာလို့ ဘဏ္ဍာရေးနှစ် ကို ပြောင်းလဲ သတ်မှတ်မယ် ဆိုပြီး သူတို့ အစည်းအဝေးမှာ ပြောတယ်။ စက်တင်ဘာမှာတော့ NUG နဲ့ စစ်သူပုန်တို့ရဲ့ နိုင်ငံတကာမှာ အားပြိုင်မှု့ တော်တော် ပြင်းထန်လာမယ်လို့ ခန့်မှန်းနေကြတယ်။ ရခိုင်က ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ ဆွေမျိုးတွေအပြင် ဖမ်းထားတဲ့ ၁၀ ယောက်ကို တရားသေ လွှတ်လိုက်တယ်။ ဒါကလည်း ရခိုင်ဘက်က စစ်ရေးကို ရှောင်ချင်လို့ လွှတ်ပေးတာလို့ ထင်တယ်။ Japan အောက်လွှတ်တော်မှာလည်း Diplomatic way အကုန်သုံးပြီး approach လုပ်ဖို့ resolution တခု ချမှတ်တယ်။ ဆိုတော့ ကူညီနေတာတွေ အကုန်ရပ်ပြီး နောက်ပိုင်း sanction တွေ ပါရှိလာနိုင်မယ်။ အဆိုးဆုံးက Japan နဲ့ မြန်မာ diplomatic relations တောင်မရှိတော့တဲ့ အထိ ဖြစ်သွားနိုင်တယ်။ NUG က မီတာခ မဆောင်ဖို့နဲ့ လာကောက်တဲ့သူတွေကိုလည်း အရေးယူမယ် လို့ စာထုတ်တယ်။ လက်တွေ့မှာတော့ မဆောင်လို့ မဖြစ်မဖြစ် ဆောင်နေရတဲ့ သူတွေချည်းပဲ ဆိုတော့ ဒီပွဲမှာတော့ NUG က နည်းနည်း အောက်ကရောက်နေတယ်။ ရန်ကုန်နဲ့ မန္တလေးမှာပဲ သပိတ်စစ်ကြောင်း နည်းနည်း ရှိတော့တယ်လို့ ထင်တယ်။ ကျန်တဲ့ နေရာတွေမှာ သပိတ် စ တာနဲ့ အကုန်ဖမ်းနေတော့တာ။ KNU က စစ်ဦးစီးချုပ် စောဂျော်နီ လက်မှတ်နဲ့ NCA အတိုင်းပဲ ဆက်သွားမယ် ဆိုပြီး စာထုတ်တယ်။ စာပဲ ထုတ်တာလား။ တခြား ဘာတွေ ပြောင်းလဲသွားလဲ ဆိုတော့ လိုက်မေးရဦးမယ်။ စစ်သူပုန်တွေအတွက်တော့ စစ်မျက်နှာ တစ်ခု လျော့သွားတာပေါ့။  မနေ့က အထိတော့ KNU က NUG ဘက်က ဆိုတာ သိနေသေးတယ်။ မိုးတွင်းလည်း ရောက်နေတာဆိုတော့ စစ်ပွဲတွေက နားထားတာလည်း ဖြစ်နိုင်တယ်။ မိုးကုန်ရင်တော့ ရခိုင်ဘက်က AA ကလည်း စစ်မျက်နှာ ဖွင့်နိုင်ချေရှိတယ်။ သံတွဲကို လေကြောင်းကနေ စစ်သူပုန်တွေ အင်အား ဆက်တိုက်ဖြည့်နေတာ တွေ့ရတယ်။ NUG ကို အားမရတဲ့ အသံတွေ တော်တော်ကြားနေရတယ်။ အားမရလို့ ဝိုင်းတွန်းတာ လက်ခံတယ်။ အားမရ သလိုလိုနဲ့ အယုံအကြည်မရှိဘူး ဆိုပြီး ပြောတာတော့ မဖြစ်သင့်ဘူး။ ဘာလို့လဲဆိုတော့ expectation က ဒါလေးပဲ ရှိတာလေ။ NUG ကို လူတွေ အယုံအကြည်မရှိတော့ရင် စစ်သူပုန်တွေက နေရင်းထိုင်ရင်း ပြိုင်ဘက်ကင်း အနိုင်ရသွားတော့မှာပေါ့။ မြေပြင်မှာတော့ စစ်သူပုန်တွေက အသာစီးရနေတယ် ဆိုတာလည်း ငြင်းလို့မရတဲ့ အချက်ပဲ။ လူငယ်တွေကလည်း လက်နက်ကိုင်ရတဲ့ အရသာကို တွေ့နေကြပြီ။ နောက်ထပ်လက်နက်ကိုင် အဖွဲ့တွေ ပေါ်လာပြီး အရင်လိုစစ်သူပုန်တွေနဲ့ ပေါင်းစားမယ့် နည်းလမ်းကို ရွေးကြမှာ ကိုလည်း စိုးရိမ်ရသေးတယ်။ စစ်သူပုန်တွေ ကလည်း ဗျူဟာ မှာ နောကျေနေတဲ့ သူတွေ။ တကယ့် အခင်းအကျင်းကို ကြည့်ရင် သူ့လူတွေရဲ့ သေနတ်ပြောင်းဝ သူ့ဘက်ပြန်မလှည့်အောင် ပါးပါးလေး လုပ်ထားတာ။ တကယ်လို့ ရှေ့တန်းတွေမှာ အလုံးအရင်းနဲ့ ကျဆုံးကုန်ရင် သေနတ်ပြောင်းဝက မိအောင်လှိုင်ဘက်ပြန်လှည့်လာမှာ သေချာတယ်။ အဲ့တော့ မစို့မပို့ ရှေ့တန်းလွှတ်ပြီး ရင်းနေတာ။ နည်းနည်း အကျအဆုံးများလာရင် လေကြောင်းနဲ့ ပစ်လိုက် လက်နက်ကြီးနဲ့ ပစ်လိုက်နဲ့ အမှည့်ချွေပြန်ရော။ စစ်သား၊ ရဲ နဲ့ ပြည်သူ ပူးပေါင်းမှာစိုးလို့ ရတဲ့ နည်းနဲ့ သွေးခွဲထားတာ။ ၂၀၁၀ ဇာတ်လမ်းအတိုင်းပြန် က ဖို့ လုပ်နေသလားပဲ။ အတိုက်အခံဆိုလို့ NUG ပဲ ရှိတာ။ မိအောင်လှိုင် လက်အောက်ကလူတွေကလည်း အဲ့တာသိလို့ ငြိမ်နေကြတယ် ထင်တာပဲ။ မိအောင်လှိုင် အခုလို ဟိုနားဒီနားသွားပြ လူလုံးပြ နေတာကလည်း နိုင်ငံတကာ ကို ပြဖို့အတွက်ပဲ။ အာဆီယံ အချက် ၅ ချက်နဲ့ နိုင်ငံတကာကို မျောထားလိုက်တာပဲ ကြည့်။ NUG မှာ တကယ့် master mind တွေ think tank တွေ ရှိနေပါစေလို့ပဲ ဆုတောင်းနေမိတယ်။ နိုင်ငံရေး အခင်းအကျင်း ဆိုတာ တကယ်တော့ ကျွန်တော့် ဦးနှောက်သေးသေးလေးနဲ့ လိုက်လို့ မမှီပါဘူးဗျာ။ လူတွေကတော့ D-Day ကို မျှော်နေကြတယ်။ အဲ့နေ့ကရော ဒီ အခြေအနေအတိုင်းဆို ရှိလာနိုင်ပါ့မလား။


ဇွန် ၁၀ ရက်နေ့။ စစ်သူပုန်တွေ ရဲ့ အုပ်ချုပ်ရေးစနစ်ကို ဖျက်ဆီးမယ့် ဖက်ဆစ်တော်လှန်ရေးလက်ရုံးတပ်ဖွဲ့ ဖွဲ့စည်းကြောင်း စာထုတ်တယ်။ စစ်သူပုန်တွေရဲ့ ကမဝ က WHO နဲ့ INGO တွေကို အလုပ်ပြန်လုပ်ဖို့ စာထုတ်ပြီး ဖိအားပေးတယ်။ ကနေ့ မနက်မှာ သတင်းထူးကတော့ ပြင်ဦးလွင် အနီးစခန်းနားမှာ စစ်သူပုန်လေယာဉ်ပျက်ကျတာပဲ။


ဇွန် ၁၁ ရက်နေ့။ မနေ့က လေယာဉ်ပျက်ကျတာမှာ စစ်ဘက်က အကောင်ကြီးကြီး ပါတယ် ဆိုပြီး သတင်းတွေ ကောလဟာလတွေ ထွက်လာပေမယ့် ဘယ်သူကမှ comfirm လုပ်မပေးနိုင်ဘူး။ ဘားအံ တက္ကသိုလ် က ကျောင်းသားတွေ အပါအဝင် ၂၈ ရက်နေ့က ဖမ်းဆီးခံရတဲ့ သူတွေကို ဘားအံတရားရုံးက ထောင်ဒဏ် ၂ နှစ်ချမှတ်လိုက်တယ်။ ပြည်ခိုင်ဖြိုး ပါတီဝင်တွေလည်း တယောက်ပြီး တယောက် အရှော့ခံနေရတုန်းပဲ။

ဇွန် ၁၂ ရက်နေ့။ ချင်းပြည်နယ်မှာတော့ စစ်ခွေးတွေ တော်တော်အကျအဆုံးများတယ်။ ဒါတောင် လက်နက်ကိုင် ပြည်သူပဲ ရှိသေးတယ်။ PDF  က မလာသေးဘူး။ စစ်ဘက်က တပ်ပြေးတွေကိုလည်း မင်းတပ် CDF အဖွဲ့က ကူညီစောင့်ရှောက်ထားတယ်လို့ သိရတယ်။ တပ်ပြေးတွေလည်း နည်းနည်း နည်းနည်းနဲ့ များလာပြီ လို့ ဆိုရမယ်။ တကယ် ဦးနှောက်ပါတဲ့ သူဆို ဘယ်ဘက်က ရွေးရမလဲ သိပါတယ်ဗျာ။  စစ်နဲ့ အတူပဲ စစ်ခွေးတွေ မုဒိန်းကျင့်တဲ့ သတင်းတွေလည်း တက်လာတယ်။ နမ့်ဖက်ကာ မှာ ၁၄ နှစ်အရွယ် သီလရှင်လေးကို စစ်ခွေးက မုဒိန်းကျင့်တယ် လို့ သတင်းက ဆိုတယ်။ တောင်ကိုရီးယား သတင်းတွေမှာလည်း တောင်ကိုရီးယားရောက် မြန်မာတွေ ကြိုးစားမှု့နဲ့ မြန်မာ့အရေး သတင်းတွေ ပါလာပြီ။ စစ်သူပုန်တွေ ဝါဒဖြန့်တဲ့ TV channel မှာတော့ အမျိုးမျိုး မရိုးရအောင် ဝါဒဖြန့် သတင်းမှားတွေ ဆက်တိုက်တင်နေတုန်းပဲ။ ကျောင်းတွေ တက်တဲ့ သူတွေ ရှိနေပြီ။ ဆရာဝန်လောက က ပိုပြီး ခွေးတိုးပေါက်က တိုးတဲ့သူ များသဗျ။ ကျောင်းဆရာ လောက လည်း အတူတူပဲ။ CDM လုပ်တယ် ဆိုပြီး CRPH က ပေးတဲ့ လစာလည်း ယူတယ် ခွေးတိုးပေါက်က တိုးပြီး ကျောင်းပြန်တက်နေတဲ့ ဆရာမ တွေလည်း တွေ့ရတယ်။ ငါတို့ လည် လို့ ငါတို့ ပိုက်ဆံရတာ။ ဘယ်သူနိုင်နိုင် ငါတို့ အရှုံး မရှိဘူး ဆိုတဲ့ အချိုးနဲ့ သူတွေလည်း တွေ့ရသဗျ။ မြေပြင်မှာ ဖြစ်နေတာ အတော် ဆိုးဆိုးတွေ လည်း ပါတယ်။ စစ်တပ်နဲ့ ပတ်သတ်တဲ့ အလုပ်အကိုင်တွေကလည်း ဆက်လုပ်နေတုန်းပဲ။ ပိုတောင် အရှိန်ရလာမယ် ထင်တယ်။ အရင်က NLD ကို ကြောက်နေရတာကိုး။ ခုက ပေါ်တင် စစ်တပ်နဲ့ လက်ဝါးချင်း ရိုက်ပြီး လုပ်လို့ ရသွားတာကိုး။ မြန်မာငွေ ကျပ် ၅၀၀ ဘီလီယံဖိုး ငွေတိုက်စာချုပ် ထပ်ရောင်းဦးမယ်တဲ့။ ဘယ်လို လာဦးမလဲ မသိဘူး။

ဇွန် ၁၃ ရက်နေ့။ bitcoin exchange ကနေ KBZ bank ကို ငွေလွှဲတာ ဘဏ်အကောင့်ပိတ်ခံလိုက်ရပြီး လူပါ အဖမ်းခံလိုက်ရတယ်။ ခေတ်ကို နောက်ပြန်ဆွဲနေတာ ဘယ်အထိဆွဲမလဲ မသိဘူး။ လူတွေအတော် အတ္တကြီးတာကို ​ဒီတော်လှန်ရေးမှာ ပီပီပြင်ပြင်မြင်ရတာပဲ။ Boycott ဆိုတာမျိုးက ဒီလူတွေ ဒီလုပ်ငန်းတွေကို ချီးကို ရွံသလို ရွံရှာလို့ သပိတ်မှောက်တာ။ သူများသုံးတာ မသုံးတာထက် ကိုယ်တိုင်က ရွံလို့ မသုံးပဲ နေတာမျိုး ဖြစ်နေရမှာ။ သပိတ်မှောက်တယ် ပြောပြီး ခိုးသုံးနေတယ်ဆိုရင်တော့  လူမသိအောင် ချီးခိုးစားသလိုပဲ ဖြစ်မှာပဲ။ စစ်သူပုန်တွေရဲ့ သတင်းစာရှင်းလင်းပွဲမှာ တပ်မတော်ထောက်ခံသူတွေကို တရားဝင် လက်နက်ကိုင်ဆောင်ခွင့်ပေးဖို့ သတင်းစာရှင်းလင်းပွဲတက်လာတဲ့ စစ်တပ်ထောက်ခံသူလို့ မိတ်ဆက်ထားတဲ့ အမျိုးသမီးတယောက်က တောင်းဆိုတယ် တဲ့။ သတင်းစာ ရှင်းလင်းပွဲပါဆိုမှ အဲ့လို လူမျိုးတွေ လာတက်ပြီး ပွဲလုပ်နေတာဆိုတော့ ဟုတ်ကို မဟုတ်ဘူးလို့ ပြောရတော့မှာပဲ။ တပြိုင်နက်တည်းမှာပဲ မင်းကင်းမှာ ဖြစ်နေတဲ့ တိုက်ပွဲတွေမှာ ပြည်ခိုင်ဖြိုးပါတီဝင်တွေက စစ်ဝတ်စုံတွေ ဝတ်ပြီး စစ်သူပုန်တွေဘက်က ပူးပေါင်းတိုက်ပွဲဝင်တယ်လို့ သတင်းတက်လာတယ်။ မော်လမြိုင်မှာ တော်လှန်ရေးတပ် MRF ကိုဖွဲ့စည်းတယ်လို့ သတင်းထုတ်ပြန်တယ်။ မွန်ပါတီတွေတော့အစကတည်းက ပုံမလာဘူး။ တော်လှန်ရေးတပ်နဲ့ ပါတီနဲ့ ဘယ်လို နှစ်ပါးသွား က ကြမလဲ ဆိုတာလည်း စောင့်ကြည့်ရမှာပဲ။

ဇွန် ၁၄ ရက်နေ့။ ကိုဗစ်ပိုးတွေ့လူနာ ၃၇၃ ဦးတွေ့တယ်ဆိုပြီး ကြေညာတယ်။ အရင်ကလို တိုင်းနဲ့ပြည်နယ် အတိအကျမဟုတ်ပဲ အကုန်ရောပြတယ်။ စစ်သူပုန်ဘက်က ဒေါက်တာခင်ခင်ကြီး facebook ပေါ်တင်နေတာတွေက နည်းနည်းတော့ သတိထားရမယ်။ ဘွဲ့လွန်နဲ့ ဆေးပညာမဟာ ဖြေဆိုသူတွေ အရင်နှစ်တွေထက် ပိုများတယ်ဆိုပြီး ပိုစ့်တင်တယ်။ ကိုဗစ်ကာလ နဲ့ စီးပွားရေးအဆင်မပြေတာနဲ့ နိုင်ငံရေးမတည်ငြိမ်တာနဲ့ ဒီလို အခြေအနေမျိုးမှာ ဝင်မဖြေဘူးကွာဆိုပြီး နေတဲ့ ဆရာဝန်တွေ အများကြီးရှိမယ် ဆိုတာ သူလိုကိုယ်လို သာမာန်လူတောင်တွေးမိပါတယ်။ ဒေတာ အတိအကျနဲ့ ကြည့်တော့လည်းနည်းတာပါပဲ။ ဒေါ်ခင်ခင်ကြီးလို ဒေတာနဲ့ အလုပ်လုပ်ရတဲံ ဌာနက အကြီးအကဲကိုယ်တိုင်က ဒီလို ပေါက်ကရ ပြောနေတာကတော့ တော်တော်ရယ်ရဖို့ ကောင်းတာပါပဲ။ ဘွဲ့လွန်နဲ့ ဆေးပညာမဟာ တက်တဲ့သူတွေလည်း ရှိတာတော့ ရှိတာပေါ့။ MSc ရော PhD ရော ၂ ဘွဲ့ တပြိုင်နက် ယူတဲ့ သူတွေတောင် ရှိနေသေးတယ်။ တော်လှန်ရေးက စက်ဆုပ်စရာကြီး။ ပိုက်ဆံရှိတဲ့ သူတွေက ပိုက်ဆံတွေ ဘယ်လို လုပ်ရမလဲပဲ တွေးပူနေကြပြီး တော်လှန်ရမယ် ဆိုတာကို ခေါင်းထဲ မထည့်နိုင်ရှာဘူး။ တကယ် တော်လှန်ရေး လုပ်နေတဲ့ သူတွေမှာတော့ သွေးတွေ ချွေးတွေရင်း အကုန်လုံး စွန့်လွတ်ပြီး လုပ်နေကြတယ်။ တော်လှန်တဲ့သူတွေကို ထောက်ပံ့တဲ့ သူတွေကလည်း အလယ်အလတ်တန်းစားနဲ့ အောက်ခြေလူတန်းစားတွေ။ သူဌေးတွေက သူတို့ ဥစ္စာတည်မြဲရေးကိုပဲ ခေါင်းထဲမှာ ရှိနေကြတယ်။ ပညာရေး အသိုင်းအဝန်း ဆရာဝန် အသိုင်းအဝန်းတွေမှာလည်း ရာထူး တည်မြဲရေး ရာထူးတိုးတက်ရေး အတွက် အသည်းအသန် ခွေးတိုးပေါက်ကနေ တိုးနေကြတဲ့သူတွေကိုလည်း တော်လှန်ရေးပြီးရင် ဘောက်ချာစုတ်ရမယ့်အထဲ ထည့်ထားရမယ်။ ဒီတော်လှန်ရေးကနေ ကိုယ်ကျိုး အမြတ်ထုတ်နေတဲ့သူတွေကိုလည်း တွေ့နေရတယ်။ ရွံစရာကောင်းတဲ့ လူ့အဖွဲ့အစည်းကြီးကို အတော်လေး စိတ်ပျက်မိတယ်။ ( ကျွန်တော့်ကို စာပဲ ထိုင်ရေးပြီး ဖောင်းထုနေတယ်လို့ ထင်ရင်လည်း ရပါတယ်။ ကျွန်တော် လုပ်နေတဲ့ အရာတွေကို တော်လှန်ရေးပြီးသွားရင် တော့ ဒီမှာ ရေးရင်ရေး ဒါမှမဟုတ် တယောက်ယောက်ကို ပြောမိချင် ပြောမိပါလိမ့်မယ်။ )

ချင်းပြည်နယ် ပလက်ဝမှာလည်း စစ်ရှောင်တွေ အတော်ဒုက္ခရောက်နေကြတယ်။ ပြည်မက လူတွေကတော့ hotpot လေးစားလိုက် bar လေးသွားလိုက်နဲ့ အတော်ကို ဟုတ်နေကြတာပါပဲ။ မန္တလေးကနေ ဗန်းမော်ဘက်ကို ရေကြောင်းနဲ့ စစ်ကူပို့နေတာကို KIA က ကြားကနေ ဖြတ်တိုက်နေတာ အခုထိ ကောင်းကောင်း ပို့လို့ မရသေးဘူး။ ကနေ့တော့ သင်္ဘောပေါ်မှာ သဲအိတ်တွေ နဲ့ တာယာတွေကာပြီး ဗန်းမော်ကို ထပ် ပို့ဖို့ လုပ်နေကြပြန်တယ်။ ကျွန်တော်သာ KIA မှာ အသိမိတ်ဆွေရှိရင် သင်္ဘောကို တခါတည်း မြှုပ်ပစ်ဖို့ အကြံပေးမိမလားပဲ။ 
ဇွန် ၁၅ ရက်နေ့။ ကိုဗစ်ကလည်း မျိုးဗီဇပြောင်းအနေနဲ့ အတော်ကို ဆိုးနေတယ်။ စစ်သူပုန်တွေက ကျောင်းတွေကို အတင်း ရအောင်ဖွင့်တယ်။ လှည်းကူးက မဟော်သဓာ ကိုယ်ပိုင်အထက်တန်းကျောင်းမှာ ကိုဗစ်တွေ့ပြီး အယောက် ၁၀၀ နီးပါး ကူးတယ်လို့ ဆိုတယ်။ အရင် အစိုးရတုန်းက အဆဲခံပြီးတော့ကို ကျောင်းတွေကို ပိတ်ပစ်တာ။ ခုကျ ကိုဗစ်ကို မကြည့်ပဲ နိုင်ငံ ပုံမှန်ပြန်လည်ပတ်နေပြီ ဆိုတာကို ပြချင်တော့ ကျောင်းတွေကို အတင်းဖွင့်ခိုင်းတော့ ကြားထဲက ကျောင်းသားတွေ ကျောင်းသားမိဘတွေ ကျောင်းဆရာမတွေပဲ ဒုက္ခရောက်ကြတာ။ ပြောသာပြောတာ ဒီအချိန် ကျောင်းတက်တဲ့ သူတွေကလည်း အလိုတူ အလိုပါပဲ။



ကရင်လက်နက်ကိုင် ၄ ဖွဲ့ ဖြစ်တဲ့ KNU, KNLA, DKBA နဲ့ BGF က ခေါင်းဆောင်တွေ ဒီနေ့ ဆွေးနွေးကြမယ်လို့ သတင်းတက်လာတယ်။

ဇွန် ၁၆ ရက်နေ့။  မကွေးတိုင်း ပေါက်မြို့နယ်၊ ကင်းမ ရွာ တရွာလုံး မီး အရှို့ခံရတယ်။ စစ်က တဖြည်းဖြည်းနဲ့ နီးလာပြီ။ လာတော့ လာနေတယ်။ ကြာနေမှာပဲ ရှိတာ။ အရင်က ရခိုင်ဘက်မှာ ရွာလုံးကျွတ် မီးရှို့ခံရတာတွေက သတင်းစီးဆင်းမှု့ဖြတ်တောက်ခံထားရတော့ ပြည်မက လူတွေက မသိကြဘူး။ ခုတော့ သတင်းစီးဆင်းမှု့မြန်တော့ သိကုန်ကြတာပေါ့။ ဒါပေမယ့်လည်း မြေပြင်အခြေအနေမှာတော့ လက်ထဲ လက်နက်ရှိနေတဲ့ စစ်သူပုန်တွေက အသာစီးရနေတုန်းပေါ့။ 

ဒီလကုန်ပိုင်းက စပြီး ကျွန်တော် ဒီ ဒိုင်ယာရီကို ဆက်ရေးဖြစ် မရေးဖြစ်က မသေချာတော့ဘူး။ ဆက်ရေးဖို့တော့ ကြိုးစားကြည့်ရမယ်။ မရေးနိုင်တော့ရင်တော့ မရေးနိုင်တော့ဘူး လို့ မှတ်ပေါ့။ ခုတောင် မနည်းရေးနေရတာ။ မရေးနိုင်တော့ဘူး။ သတင်းတွေက ဘယ်က လိုက်လို့ လိုက်ရမှန်းကို မသိတော့တာ။

ဇွန် ၁၇ ရက်နေ့။ ဘဏ်တွေနဲ့ ပတ်သတ်ပြီး ဗဟိုဘဏ်က စာ ထုတ်တယ်။ Digital payment ကိုပဲ အဓိက ထားပြီး လုပ်ရမယ် ဆိုပြီး ပြောထားတယ်။ နောက်ပြီး တခြားကန့်သတ်ချက်တွေလည်း ထပ်ထုတ်ထားသေးတယ်။ စိုက်ပျိုးရေး နဲ့ သမဝါယမ ဝန်ကြီး ဌာန အသစ်ဖွဲ့တယ်။ ပြီးတော့ မိအောင်လှိုင် က ငှက်ပျောတွေစိုက်ဖို့ကို မျိုးစေ့တွေ ဈေးချိုချို နဲ့ ရောင်းပေးမယ်လို့ သတင်းတွေ တက်လာတယ်။ ကြက်ဆူပြီးတော့ ငှက်ပျော ဆိုပြီး လူတွေက ဝိုင်းဟားနေပေမယ့် ကျွန်တော်ကတော့ မရယ်နိုင်ဘူး။ ကချင်ပြည်နယ် မှာ တစ်သျှူး ငှက်ပျောရဲ့ ဒဏ်တွေ ကိုခံနေကြရပြီ။ တရုတ်မှာတောင် မြေဆီလွှာကို ပျက်ဆီးစေလို့ မစိုက်ရဆိုပြီး ဥပဒေထုတ်ထားတာကို မိအောင်လှိုင် က တရုတ်သြဇာခံပြီး ကိုယ့်နိုင်ငံက မြေဆီလွှာကို ရောင်းစားပစ်တာ တကယ် ကို လူစိတ်မရှိတော့တာ။ မေ့သွားလို့။ ခွေးတွေပဲ ဟာ။ ဘယ်လိုလုပ် လူစိတ်ရှိမှာလဲ။ 



ဇွန် ၁၈ ရက်နေ့။ တာမွေက USDP ရုံးရှေ့မှာ ရပ်ထားတဲ့ စစ်ကားပေါ်မှာ ဗုံးကွဲတယ်။ မြင်းခြံမှာ မော်တော်ပီကယ် တကောင် သေနတ်နဲ့ တေ့အပစ်ခံရတယ်။ မြို့ကြီးပြကြီးတွေပေါ် မှာ တိုက်ပွဲက တဖြည်းဖြည်း နီးလာတယ် လို့ ခံစားရတယ်။ တကယ်တော့ ဗမာ လူမျိုးကြီး ဝါဒကြောင့်ပဲ။ ဗမာတွေပဲ တိုက်ပွဲထဲ မရောက်သေးတာ။ တိုင်းရင်းသားတွေ မှာ တိုက်ပွဲဒဏ်ကို အတော်ခံနေရရှာတာ။ 

မင်းတပ်မှာ စစ်သူပုန်တွေနဲ့ မြို့ခံလူကြီးတွေ ညှိနှိုင်းကြမယ် လို့ သတင်းတက်လာတယ်။ သူတို့လည်း အတော်ခံနေရပြီ။ လူအင်အား လက်နက်အင်အားမှ မမျှကြတာ။ စက်တင်ဘာ လဆန်းပိုင်းမှာလုပ်မယ့် ကုလ အထွေထွေ ညီလာခံမှာ ဆိုရင်တော့ ဘယ်အစိုးရကို လက်ခံမလဲဆိုတာ သိရမယ် ထင်တယ်။ 

ဇွန် ၁၉ ရက်နေ့။ ဒီနေ့ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့။ တစ်နိုင်ငံလုံး ပန်းတွေ ပန်ပြီး မွေးနေ့ဆုတောင်းကြတယ်။ ခုတော့ လူတော်တော်များများက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရင်ကြားစေ့ရေး မူဝါဒကို လက်မခံနိုင်တော့မှန်းသိလာကြတာလည်း အမြတ်လို့ ပြောလို့ရတယ်။ 

ဇွန် ၂၀ ရက်နေ့။ မနေ့ ဇွန် 18 ရက်နေ့က မြန်မာ့အရေး General Assembly ကို UN က ပြုလုပ်ပြီးသွားပါပြီ။ vote ထည့်ရန် ငြင်းဆန်သူ 36 နိုင်ငံ vote မပေးသူ 37 နိုင်ငံကလွဲလို 119 မဲ 1 မဲနဲ့ အနိုင်ရရှိသွားပါပြီ။ 

ဆိုတော့ 193 နိုင်ငံပါဝင်တဲ့ UN ရဲ့ တောင်းဆိုချက် အတည်ပြုချက်ကတော့ အောက်ပါအတိုင်းပါ။ 

(1) Arms Armbargo : လက်နက်ရောင်းခြင်းဝယ်ခြင်းကို ပိတ်
(2) ပြည်သူ့ခေါင်းဆောင်များအားပြန်လွတ်ပေးရေး
(3) သတ်ဖြတ်နေမှု ရပ်တန့်ရေး
(4) လူမှုကယ်ဆယ်ရေးလုပ်ဆောင်ချက်ကိုဝင်ခွင့် ပြုလုပ်ခွင့် ပေးရေး 

General Assembly ရဲ့ president က ပြောသွားပါတယ်။ ခုချိန် နောက်ကြောင်းပြန်လည့်မယ်ဆိုရင် မှီပါသေးတယ်တဲ့။ ခု General Assembly ဆုံးဖြတ်ချက်ဟာဆိုရင် condemnation အကြီးစားတစ်ခုဖြစ်ပြီး စစ်အေးကာလအပြီးမှ ဖြစ်ထောင့်ဖြစ်ခဲ GA လေးခုထဲက တစ်ခုဖြစ်ပါတယ်။ မြန်မာ့အရေးကို နိုင်ငံကတာက ကူညီနေလျက်ရှိတာ သိသာထင်ရှားပါတယ်။ ဒါက condemnation ဖြစ်ပြီး condemnation ကို UN လို ခေါ်တဲ့ ကမ္ဘာလုံးဆိုင်ရာအဖွဲအစည်းက ပြောခြင်းဟာ တစ်ကမ္ဘာလုံးကို ကိုယ်စားပြူခြင်းဖြစ်ပါတယ်။ မ vote သူကော ဆန့်ကျင်သူကော လက်ခံရပါတယ်။ ဆိုတော့ arms embargo ကို အတည်ပြုခြင်းဖြစ်ပြီး လက်နက်ရောက်းဝယ်ဖောက်ကားမှုကို တင်းကြပ်တဲ့ တားဆီးပိတ်ပင်တဲ့ next step လာမှာပါ။ လက်နက်မရှိတော့တဲ့ စစ်တပ်ဆိုတာ စစ်ဆက်တိုက်ဖိုမလွယ်ပါဘူး။ မြန်မာနိုင်ငံအတွက် ‌အမေစုမွေးနေ့မှာ အကောင်းဆုံး သတင်းစကားတစ်ခုပဲ ဖြစ်ပါတယ်။



ဇွန် ၂၁ ရက်နေ့။ မနေ့က UN က arm embargo အတွက် ဆုံးဖြတ်ချက် ချအပြီးမှာ စစ်သူပုန်ခေါင်းဆောင် မိအောင်လှိုင် တယောက် ရုရှားကို ထွက်သွားတယ်။ လက်နက်ကိစ္စ အတွက်ပဲလို့ အကုန်လုံးက ထင်ကြေးပေးနေကြပေမယ့် ဘာအတွက်သွားတယ် ဆိုတာ ဘယ်သူမှ မသိ။  Road map  အနေနဲ့ ကျနော်မြင်တာကတော့ UN Security council ရဲ့ အထွေထွေ ညီလာခံဟာ မကြာခင်ရှိပါတယ်။ အဲ့မှာ Global arms embargo ကို ဥရောပ နိုင်ငံတစ်နိုင်ငံငံက အဆိုတင်သွင်းလိမ့်မယ်။ ရုရှားနဲ့ တရုတ် ဗီတိုသုံးနိုင်ချေများပေမယ့် မသုံးခဲ့လို အတည်ပြုရင် စကစ ဘေးကြပ်နှံကြပ်ဘဝရောက်ပါပြီ။ ဗီတိုအသုံးခံရပြီဆိုရင် လုပ်လက်စဖြစ်တဲ့ NUG ကို တရဝင်အစိုးရအဖြစ် အတည်ပြုသတ်မှတ်ပေးရေး လမ်းကြောင်းကို အားပြု အားပေးရပါမယ်။ တရားဝင်အစိုးရလို သတ်မှတ်ခံရပြီဆိုရင် နိုင်ငံတကာ support တွေရပြီ စကစ ဟာ အလိုအလျောက် တရားမဝင် လက်နက်ကိုင်အဖွဲအစည်းတစ်ခုဖြစ်သွားပါလိမ့်မယ်။ အဲ့ချိန်ကျရင် တရားမဝင်အဖွဲအစည်းကို လက်နက်ရောင်းတယ်ဆိုရင် ရုရှားနဲ့ တရုတ်ဟာ smuggling လုပ်တယ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဂုဏ်သိက္ခာအကျခံမလား ဆိုတာ ကြည့်ရပါမယ်။ ဒါပေမယ့် NUGကို တရားဝင်အစိုးရအဖြစ် သတ်မှတ်မှုကို UN ကနေသွားလိုမရလောက်ပါ။ ဗီတိုအသုံးခံရနိုင်ချေများပါတယ်။ အမေရိကန်နဲ့ ဥရောပပနိုင်ငံကြီးတွေရဲ့ ထောက်ခံ endorsement ပြုလုပ်မှုကို ယူပြီး ၁၉၃ နိုင်ငံစလုံးလက်ခံအောင် ခရီးရှည်သွားရမှာပါ။ ဒါပေမယ့် အမေရိကန်၊ NATO, G7 အဖွဲတွေ လက်ခံပြီဆိုရင်‌ကို ကမ္ဘာက အသိအမှတ်ပြုတဲ့ level တစ်ခုအထိ ရှုမြင်နိုင်ပါပြီ။ India လဲ ပါလာဖို အရေးကြီးပါတယ်။ ဆိုတော့ diplomatic roadmap က ရှည်ပါတယ်။ ဒီ diplomatic roadmap ကို မြန်အောင်တွန်းပိုပေးမှာကတော့ ပြည်တွက်းက မငြိမ်မသက်မှုတွေ ရှိနေမှုပါ။ ဒါကြောင့်မို ပြည်သူတွေဟာ ကိုယ့်ကံကြမ္မာကို ကိုယ်တိုင်ဖန်တီးသွားနေမှုမှာလဲ အပြစ်မရှိပါဘူး။ ဆိုးမွေအားလုံးဟာဆိုရင် စကစ ရဲ့ အပြစ်သာဖြစ်ပြီး စကစမှာသာ accountability ရှိတယ်လိုလဲ UN က ပြောထားပါတယ်။ အငတ်ဘေးနဲ့ ဆင်းရဲကပ်ဘေးတွေကို ဖန်တီးခဲ့သူဟာလဲ စကစသာ ဖြစ်တယ်။

ဇွန် ၂၂ ရက်နေ့။ ကနေ့ မန္တလေးမှာ Mandalay PDF တွေ ရှိနေတဲ့ နေရာကို စစ်သူပုန်တွေ ဝင်စီးတော့ MPDF က ပြန်ခုခံတယ်။ တနေကုန် အပြန်အလှန်ပစ်ကြခတ်ကြနဲ့ တနေကုန်ပဲ။ ဒလန်က သတင်းပေးလို့ နေရာကို အနံ့ခံမိပြီး ဝင်စီးတာလို့ ပြောကြတယ်။ Covid vaccine တွေလည်း pre order မှာပြီး ဝယ်ထိုးလို့ ရနေပြီ။ တစ်လုံးကို 35$ ကနေ 50$ လောက်အထိ ဈေးရှိသတဲ့။ ဘယ်နိုင်ငံမှာမှ ဝယ်မထိုးရပဲ နိုင်ငံရဲ့ အစိုးရတွေကနေပဲ အလကားထိုးပေးနေတဲ့ ဆေးကို ဒီနိုင်ငံမှာ ဝယ်မှ ထိုးလို့ ရတော့မယ့် အခြေအနေဖြစ်တော့မယ်။ အသိတယောက်က အစိုးရ ထိုးပေးတဲ့ ဆေးကို သွားစုံစမ်းတာ မေလ ကတည်းက ဆေးထိုးပေးတာတွေ ရပ်ထားတယ် လို့ ပြန်ပြောတယ်။ ဘယ်အချိန် ပြန်ထိုးလို့ရမလဲ ဆိုပြီး ထပ်မေးတော့ မြဝတီ မှာ ကြေညာပါ့မယ်လို့ ပြန်ပြောသတဲ့။ CRPH ရဲ့ ကနေ့ အစည်းအဝေး အရ ဒုသမ္မတ ကို ယာယီသမ္မတ (Acting President) အဖြစ် ပြောင်းလဲ ခေါ်ဆိုဖို့ စာထုတ်လိုက်တယ်။





ဇွန် ၂၃ ရက်နေ့။ မနက် စောစောစီးစီး ဖုန်းဖွင့်လိုက်တာနဲ့ IDIOTS band က ကိုတွတ်ပီ ဆုံးသွားတယ် ဆိုတဲ့ သတင်း အရင်ဆုံး မြင်ရတာပဲ။ ဂီတကို ဖန်တီးနေတဲ့ သူတယောက် တောခိုပြီး ဆုံးသွားရတာ အင်မတန်ကို ဝမ်းနည်းဖို့ကောင်းတယ်။ မန္တလေးက သပိတ်တွေကို ဦးဆောင်တဲ့ ဒေါက်တာတေဇာဆန်း ရဲ့ ဇာတိရွာကို စစ်ခွေးတွေ လာပြီး မွှေတယ်။ မနေ့က မန္တလေးမှာ ပစ်ကြခတ်ကြတဲ့ဟာနဲ့ ပတ်သတ်ပြီး လူတော်တော်များများကို ဖမ်းသွားတယ်။ Facebook ပေါ်မှာ တက်ကြွယ်တဲ့ UG က လူ တစ်ယောက်ကို မြင်လိုက်ရတော့ ဘာပြောရမှန်းတောင် မသိဘူး ဖြစ်သွားတယ်။ ခရီးသွားတွေကိုလည်း အတော်လေး စစ်နေ ဆေးနေတာတွေ့ရတယ်။ အမြန်လမ်းပေါ်မှာတင် မကဘူး။ လမ်းဟောင်းတွေမှာပါ မြို့အဝင်တွေမှာပါ စစ်ဆေးရေး ကို ဖိ နေတာ တွေ့ရတယ်။ 



ဇွန် ၂၄ ရက်နေ့။ မန္တလေးက ကိစ္စရဲ့ အဆက်တွေကို စစ်ခွေးတွေက အနံ့ခံရင်း လက်နက်တွေ ဖမ်းမိတယ် ဆိုပြီး သတင်းတွေ တက်လာတယ်။ သတင်း က ဟုတ် မဟုတ် ဘယ်သူမှ အတည်ပြုမပေးနိုင်ဘူး။ ICJ မှာ တရားရင်ဆိုင်ဖို့ အတွက် စစ်သူပုန်ဘက်က ဝဏ္ဏမောင်လွင် ကို တာဝန်ပေးထားတယ် လို့ အမိန့်စာတွေ ထွက်လာတယ်။ သူငယ်ချင်းတယောက်ရဲ့ အကို Facebook မှာ ပိုစ့်တင်လို့ဆိုပြီး ၅၀၅ နဲ့ အဖမ်းခံရပြီး ကနေ့ကျ တရားရုံးက ထောင်ဒဏ် ၂ နှစ် ချလိုက်တယ်။ ဒီလူတွေ ၂ နှစ်လုံး ထောင်ထဲမှာ နေရတော့မှာ။ NUG အစိုးရကရော ၂ နှစ်အတွင်းမှာ ဘာဆက်လုပ်ဖို့ ရှိလဲ။ အရင် ၈၈ တုန်းကလို ပြည်ပြေးအစိုးရ ဖြစ်သွားရင်ရော ကျဆုံးခဲ့တဲ့သူတွေ ထောင်ထဲ ရောက်သွားတဲ့ သူတွေ က ပါးစပ်ရာဇဝင်ဖြစ်သွားတော့မှာလား။ NUG က လွင်ကိုလတ်က ပေးဆပ်မှု့နဲ့ အလုပ်လုပ်ရမယ် ဘာညာ ပိုစ့်တင်လိုက်တာ သူလည်း အတော် အဆဲခံလိုက်ရတယ်။ သူတို့ကလည်း သူတို့ပဲ။ KNU က နေရာပေးလို့ နေစရာလေး ရတာတောင် ကျေးဇူး တင်သင့်နေတာကို။ NUG ကို ထိန်းကျောင်းရမယ့် NUCC ကိုဖွဲ့ထားတာမှာ NUCC က နေရာ အကြီးပိုင်းတွေမှာ NUG က လူတွေပဲ နေရာဝင်ယူထားလို့ အဲ့မှာလည်း ရန်တွေ ဖြစ်နေကြတယ်။ တိုင်းရင်းသားတွေ မှာ ပေးစရာ ဘာကျန်သေးလဲ။ ပြီးခဲ့တဲ့ အစိုးရ အစဉ်အဆက် စစ်မြေပြင်ဖြစ်နေခဲ့တဲ့ သူတို့ ဒေသတွေ မှာ ပေးဆပ်မှု့တွေက ခုဆို အကုန် မြင်ကြားသိနေရပြီပဲ။ 

တပါတ်ကျော်လောက် ဆက်တိုက် စိတ်ဓါတ်ကျစရာ သတင်းတွေပဲ ကြားနေ မြင်နေရတာ ခုဆို လူလည်း အတော် အခြေအနေဆိုးနေပြီ။ 
ဇွန် ၂၅ ရက်နေ့။ စစ်သူပုန်ခေါင်းဆောင် မိအောင်လှိုင် ရုရှားကိုသွားတာ ပြန်မလာသေးဘူး။ ဒုချုပ် စိုးဝင်း က ရန်ကုန်ရောက်နေတယ်။ လူတွေက အာဏာပြန်သိမ်းမယ် ဆိုပြီး မျှော်လင့်နေကြတာ​။ တကယ်က အတူတူနဲ့ အနူနူတွေ။ ဒီကောင်တွေ အကုန် တကြိတ်တည်း တဉာဏ်တည်းတွေပဲဟာ။ အရင်က ဓါတ်ပုံဆရာလောကမှာ တယောက်တည်းသော ရေအောက်ဓါတ်ပုံဆရာလို့ကို ပြောလို့ ရတဲ့ သူက ကနေ့ စစ်သူပုန်က လုပ်တဲ့ meeting တခုမှာ ကင်မရာကြီးကိုင်ပြီး တက်နေတဲ့ photo တပုံတွေ့လိုက်ရတယ်။ သဘာဝပတ်ဝန်းကျင် ပျက်ဆီးမှာ ကြောက်တယ် ဘာညာ ပြောနေတဲ့ သူက ဒီလူတွေလက်ထက်မှာ သဘာဝပတ်ဝန်းကျင်တင်မကဘူး တိုင်းပြည်တခုလုံး ပျက်ဆီးမှာကိုတောင် မသိတာ အတော် အံ့သြဖို့ကောင်းတာပဲ။ နက်ဖြန်ကျရင် နိုင်ငံရေး အကျဉ်းသားတွေ တချို့ကို လွှတ်ပေးမယ်လို့ သတင်းတက်လာတယ်။

ဇွန် ၂၆ ရက်နေ့။ ရန်ကုန်မှာ ဆန္ဒပြပွဲတွေ ရှိနေသေးတယ်။ နယ်တွေမှာတော့ ရန်ကုန်လိုကို မလုပ်နိုင်တော့ဘူး။ နယ်တွေမှာက နယ်မြေကျဉ်းတော့ ပြေးရပြုရလည်း မလွယ်တာကြောင့်လည်း ပါတယ်။ ကနေ့မှာတော့ မန္တလေးက အာကာမင်း လက်ဖက်ရည်ဆိုင်မှာ မြို့တွင်းရှိတဲ့ PDF တွေကို ဖမ်းနေတဲ့ video ကို facebook မှာ တွေ့ရတယ်။ တကယ်ဖမ်းတာတော့ မဖြစ်နိုင်ဖို့များတယ်။ သူတို့ အတွက် propaganda လုပ်ဖို့ ဖြစ်နိုင်သလို training ဆင်းတာလည်း ဖြစ်နိုင်တယ်။ စစ်ခွေးတွေ ကိုင်ထားတဲ့ သေနတ်တွေကတော့ ပြောင်းသွားပြီ။ မြို့တွင်းအတွက် အဖွဲ့ နဲ့ လက်နက်ကို သက်သက်ခွဲထားတာဖြစ်လိမ့်မယ်။





သူတို့ဘက်က ပြင်ဆင်လာတာတွေ ရှိနေပြီ။ ခုလောလောဆယ် ဒီဘက်မှာ ဖြစ်နေတဲ့ ပြဿနာက NUG က စစ်တိုက်ဖို့ လေသံ လုံးဝ မထွက်တာပဲ နိုင်ငံရေးနည်းနဲ့ပဲ ဖြေရှင်းမယ်ဆိုပြီး လေသံပစ်နေတော့ လူတွေက အားမလို အားမရတွေဖြစ်နေကြတာ။ မနေ့ကလည်း ရန်ကုန် မန္တလေးမြို့တွေမှာ ပြည်သူတွေ ထိခိုက်မှာ စိုးလို့ PDF အနေနဲ့ အဲ့မြို့တွေမှာ စစ်ဆင်ရေးလုပ်မှာ မဟုတ်ဘူးဆိုပြီး NUG က ပြောတယ်။ ရန်ကုန် လူဦးရေက ၁၀ သန်း၊ မန္တလေးက ၁ သန်း၊ ကျန်တဲ့ မြို့နယ်တွေ ရွာတွေ ဘာဖြစ်ဖြစ် ဆိုတဲ့ သဘော ဖြစ်မနေဘူးလား။ စစ်သူပုန်တွေဘက်ကလည်း ရန်ကုန်နဲ့ မန္တလေးကို အပိုင်ကိုင်ထားမှ ရမယ်။ စီးပွားရေး အချက်အချာကျတဲ့ နေရာတွေကိုး။ စစ်ရေးအရ ပြောရရင် အဲ့ ၂ မြို့ရရင် ကျန်တဲ့ မြို့တွေက ဘာမှ လုပ်စရာကို မလိုပဲ အေးဆေး ရသွားမှာ။

ဒီအတိုင်းဆို ရေရှည်သွားရမယ့် တိုက်ပွဲမှာ လွယ်မယ် မထင်ဘူး။ NUG က ကိုယ်တိုင် စစ်မတိုက်ဘူး။ EAO တွေ ရဲ့ စစ်ရေး၊ CDM နဲ့ တခြားပြည်သူတွေရဲ့ ဆန္ဒပြပွဲတွေ၊ နိုင်ငံတကာရဲ့ ဖိအား ပေါင်းစုံနဲ့ စစ်သူပုန်ဘက်က လာညှိတဲ့ လမ်းကြောင်းကို သွားနေတာ လို့ စောင့်ကြည့်တဲ့သူတဦးက ပြောတယ်။

လူတွေက social media ပေါ်က သတင်းတွေကို အာရုံပိုစိုက်ကြတယ်။ မိအောင်လှိုင် ဘယ်သွားတယ် ဘာဖြစ်တယ် ဆိုတာကိုပဲ အာရုံရောက်နေကြတယ်။ တကယ့် အာရုံစိုက်ရမယ့် ပြဿနာတွေက အများကြီး။ တောခိုသွားတဲ့သူတွေ တောထဲမှာ အနေအစား အဆင်မပြေကြတာတွေ၊ ဗမာနဲ့ တိုင်းရင်းသား ကွဲချင်ချင်ဖြစ်နေတာတွေ၊ CDM လုပ်တဲ့သူတွေ လမ်းပျောက်ပြီး ဘာဆက်လုပ်ရမှန်း မသိကြတာတွေ။ တကယ့်ပြဿနာတွေကို ရှေ့တန်းတင်ဖို့ မေ့နေကြတယ်။ Bank နဲ့ပတ်သတ်တဲ့ ကောလဟာလ သတင်းတခုကတော့ AYA bank က ဝန်ထမ်းတွေ နောက်လကစပြီး လစာ တဝက်ပဲ ရမယ်ဆိုပြီး ဘဏ်အသိုင်းအဝိုင်းမှာ ပြောနေကြလေရဲ့။
ဇွန် ၂၇ ရက်နေ့။ ကိုဗစ် တတိယလှိုင်းက အင်နဲ့အားနဲ့ ဝင်လာပြီ။ စစ်သူပုန်တွေက နိုင်ငံ က ပုံမှန်ပြန်လည်ပတ်နေပါပြီကို ပြချင်ဇောနဲ့ ကျောင်းတွေ အတင်းဖွင့်ခိုင်း ဈေးတွေ အတင်းဖွင့်ခိုင်းလုပ်နေတာ အကုန် ပိုဆိုးကုန်တယ်။ ကြားရတဲ့ သတင်းတွေ အရဆို နေပြည်တော်က ဌာနဆိုင်ရာတွေမှာ ကိုဗစ်တွေ့တာ တော်တော်များတယ်။ စစ်သူပုန်ခန့်ထားတဲ့ ရွေးကော်ဝန်ကြီး ဒု ဝန်ကြီး ၅ ယောက်လောက် Positive ထွက်တယ်လို့ လည်း သတင်းရတယ်။ Q ဝင်ပြီး အလုပ် အတင်းပြန်ဆင်းခိုင်းတယ်။ စစ်တပ်ထဲမှာလည်း ကူးနေတာ တော်တော်များနေပြီ လို့လည်း သတင်းရတယ်။ အကြီးပိုင်းတွေကတော့ ကာကွယ်ဆေးထိုးပြီးတော့ ဒူးနှံ့နေကြတာပဲ။ ကိုဗစ် စဖြစ်တုန်းက စောင့်ကြည့်လေ့လာသူတွေလည်း အခု ဝရမ်းထုတ်ခံရတော့ ပုန်းပြီး ဘာမှ မပြောနိုင်ကြတော့ဘူး။ ရခိုင်မှာတော့ ကျောင်းတွေပြန်ဖွင့်နေပေမယ့် covid တွေ့တဲ့ လူနာ များလာတော့ ကျောင်းသားမိဘတွေ က စိုးရိမ်လာကြတယ်။ ကလေးမြို့မှာဆိုရင် ကားတွေ လာလို့မရအောင်ပိတ်ထားလို့ ကိုဗစ်လူနာတွေ အောက်ဆီဂျင် ပြတ်တော့မယ့် အနေအထားဖြစ်နေပြီ။ စစ် နဲ့ ကိုဗစ်နဲ့ ကြားမှာ ပြည်သူတွေက ခံဖက်ကချည်းပဲ။ အာဏာရှင် အာဏာရူးတော့ ပိုဆိုးကုန်တာပေါ့။ 
ကနေ့ hot ဖြစ်တာကတော့ မြိတ်မှာ စစ်သူပုန်တွေရဲ့ စစ်တိုင်းမှုးတယောက် လုပ်ကြံခံရတယ် ဆိုတဲ့သတင်းပဲ။ မူးယစ်ဆေးဝါး ကိစ္စနဲ့ အဖြောင်ခံရတယ် လို့ သတင်းကြားတယ်။ တချိန်တည်းမှာပဲ ရှမ်းပြည်တောင်ပိုင်း ကလောမြို့ ရေယားဂိတ်မှာ ကြံ့ဖွံ့က တည်ထောင်ထားတဲ့ နာရေးကူညီမှု့အသင်း မော်တော်ကားပေါ်မှာလည်း ဘိန်းဖြူတွေ မိတယ်။ သတင်းကို စစ်သူပုန်တွေက ဖုံးဖိထားတယ်လို့ ပြောတယ်။

ဇွန် ၂၈ ရက်နေ့။ စိုးဝင်းက အာဏာပြန်သိမ်းတယ် ဆိုတဲ့ ကောလဟာလ တွေ ထွက်ပြီး မနေ့ညကပဲ မိအောင်လှိုင် ပြန်ရောက်လာတယ်။ လူတွေက coup နဲ့ တော်လှန်ရေးကို စိတ်ဝင်စားမှု့နည်းလာပြီ။ Social media ပေါ်မှာ အတင်းအဖျင်းတွေ ပိုပြောလာကြတယ်။ အရေးမပါတာတွေကို ပိုလုပ်လာကြတယ်။
"တော်လှန်ရေးအတွက် NUG က ထုတ်နေပြီ
လက်နက်တွေလား။
ဟင့်အင်း။ မဂ္ဂဇင်းတွေ"
ဆိုပြီး ကို ZT ရေးထားတာလေး တွေ့လိုက်တော့ စိတ်ညစ်နေတာ ပျောက်သွားတယ်။ ပျောက်သွားတာက နာရီပိုင်းပဲ ရှိသေးတယ်။ ငွေစက္ကူအသစ်တွေ ရိုက်ထုတ်ပြီး လူတွေလက်ထဲ တချို့စတွေ့နေရပြီ ဆိုတဲ့ သတင်း တက်လာတယ်။ ဒါကလည်း မျှော်လင့်ပြီးသားပါပဲ။ NUG အနေနဲ့ ဖိအားတခုတော့ ထပ်တိုးလာတာပေါ့။ NUG က အခုရက်ပိုင်း အားမရဘူး။ အကုန်လုံးက အားမရလို့ ဝိုင်းတွန်းနေကြရတာ။
ကိုဗစ် က လည်း လူ ၆၀၀၀ စစ်တာ ၁၂၀၀ တွေ့တယ်ဆိုတော့ ကိုဗစ်ကူးနှုန်းက ၂၀% လောက်ဖြစ်နေပြီ။ စစ်သူပုန်တွေက ကိုဗစ်ကို လက်နက် အနေနဲ့ အသုံးချနိုင်တယ်။ သူတို့လူတွေအကုန်က ကာကွယ်ဆေးထိုးပြီးသားလေ။ ပြည်သူတွေပဲ မထိုးရသေးတာ။
ဇွန် ၂၈ ရက်နေ့။ လူတွေက ခက်တယ်။ တော်လှန်ရေးနဲ့ ပတ်သတ်ပြီး သတင်း info တွေကို social media ပေါ် မတင်ဖို့ ပြောကြတာလည်း သူတို့ပဲ။ ၅ မိနစ်မကြာဘူး။ ဘယ်နေရာမှာ ပစ်ကုန်ကြပါပြီ ဘယ်သူတွေပစ်ကုန်ကြပါပြီ ဆိုတာ တင်တာလည်း သူတို့ပဲ။ မနေ့ကပဲ မဂ္ဂဇင်းထုတ်တာ ပြောနေတုန်း ရှိသေး NUG က ဒေါက်တာဒေါ်ခင်မမမျိုးနဲ့ ဒေါက်တာဆာဆာ က တော့ အပြိုင်အဆိုင် ကဗျာတွေ စပ်နေကြပြီ။ ဦးရည်မွန် တယောက်ပဲ ကဗျာဆရာပါတယ် ထင်နေတာ။ အနုပညာဗီဇလေးတွေတော့ ပါကြသားပဲ။ ဒေါက်တာဇော်ဝေစိုးက D Day ရောက်တော့ပါမယ် စာထုတ်တာ တကယ်ဟုတ်တာ မဟုတ်တာ အသာထား ဟိုကောင်တွေက ပျာယာကိုခတ်နေတော့တာပဲ။

ဒိုင်ယာရီကို ဒီမှာပဲ ကျွန်တော်ရပ်နားလိုက်တော့မယ်။ ကျွန်တော် နောက်တန်းကနေ ရှေ့တန်းကို ထွက်ဖို့ အချိန်ရောက်ပြီ။

Comments

Popular posts from this blog

Contacts တွေကို one click နဲ့ unicode ပြောင်းနည်း

ios သမားတွေကတော့အရင်ဆုံး App Store ထဲဝင်ပြီး search ကနေ pyaung လို့ရိုက်ရှာပါ။ ပြီးရင် Download လုပ်ပါ။ ရှာ မတွေ့ရင် ဒီ link ကနေ download လုပ်လို့လည်း ရပါတယ်။ https://apps.apple.com/us/app/pyaung/id1039690192 home screen မှာ pyaung app ပေါ်လာရင် ဝင်လိုက်ပါ။Contact ဆိုတဲ့ tap ထဲဝင်ပါ။ zawgyi to uni , uni to zawgyi ကို စိတ်ကြိုက်ပြောင်းနိုင်ပါပြီ။ Android သမားတွေကတော့ ကိုနေရှိန်ဦး လုပ်ပေးထားတဲ့ app ကို အောက်က link ကနေ Download လုပ်ပြီး zawgyi to uni , uni to zawgyi ကို စိတ်ကြိုက်ပြောင်းနိုင်ပါတယ်။ https://play.google.com/store/apps/details?id=com.nso.unicc https://m.apkpure.com/unicontact-converter/com.nso.unicc နောက်တခုက Dev House က ထုတ်တဲ့ MM contact converter ပါ။ သူကတော့ Android သီးသန့်ပါပဲ။ Contacts တွေမှာ zawgyi နဲ့ unicode ရောနေရင်တောင် အဆင်ပြေပါတယ်။  ပြောင်းနေရင်း ဟန်းသွားတာမျိုးမဖြစ်ပါဘူး။ (Main thread မှာအလုပ်လုပ်မလုပ်ပဲ thread ခွဲပြီးပြောင်းလို့ပါ) https://play.google.com/store/apps/details?id=me.myatminsoe.mmcontactsconverter

MacOS Myanmar Unicode Keyboard

  MacOS မှာ ဘယ်တုန်းက ပါလာမှန်းတော့ မသိဘူး။ အစက keymagic နဲ့ပဲ မြန်မာစာကို ရိုက်နေတာ။ သဝေထိုးကို ရှေ့က ရိုက်တာ အကျင့်ပါနေလို့။ ခုကျ ubuntu မှာ messenger က chrominium based ဆိုတော့ သဝေထိုးရှေ့က ရိုက်ရင် bug ပါပြီး ရိုက်မရဖြစ်နေတာနဲ့ default keyboard ကို သုံးရပြန်ရော။ ခုမှ သတိရလို့ Mac မှာပြန်ကြည့်တော့ mac မှာ မြန်မာစာအတွက် ကီးဘုတ်က ၂ ခုပါတာပဲ။ တခုက ရိုက်နေကျ myanmar 3 layout နဲ့ နောက်တခုက ဘာကြီးလဲကို မသိတာ။ စာလုံးတွေက တနေရာစီ။ အဲ့တော့ default myanmar 3 layout keyboard နဲ့ ဆိုတော့ keymagic တောင် ထည့်စရာမလိုတော့ဘူး။ သဝေထိုးကို နောက်မှ ရိုက်တာကလည်း အသားကျနေပြီးသား။  System preferences > keyboard > input source ကနေ  + ကို နှိပ် Burmese ကို ရွေး ။အပေါ်က Myanmar ကို ရွေး။  ရပြီ။  P.S- Catalina နဲ့ BigSur မှာတော့ ရတယ်။ ကျန်တဲ့ အဟောင်းတွေတော့ မသိဘူး။

Oppo ဖုန်းများတွင် Unicode ပြောင်းပုံ

Oppo Ufont ကို အရင်ဆုံး Download လုပ်ပါ။ Click here to download 1. Download   2. Download   3. Download    Color OS 6 နှင့်အထက်ဖုန်းများတွင် 1. Setting / Languages and regions / Regions,တွင် Myanmar ပြောင်းပါ။ 2. Display & Brightness / Support Dai Characters, ကို ဖွင့်ပေးပါ။ Color OS 5.2 ဖုန်းများတွင် 1. Install Font App ကို install လုပ်ပါ။ 2.App ကို Change font ကိုနှိပ်ပြီး နှစ်သက်ရာ font ကို  apply လုပ်ပါ။ ____________________________________________