ကြောင်ပျောက် ရှာပုံတော်

 ဘဝက တက်လိုက်ကျလိုက်ပဲ။ တခါတလေ အခုလက်ရှိက တက်နေတာလား ကျနေတာလား မသိဘူး။ ခေတ်စကားနဲ့ ပြောရရင် ကြောင်ပျောက်နေတာပေါ့။ ရှေ့ရေးကို လှမ်းကြည့်တော့လည်း ဘာမှ မမြင်ရဘူး။ လက်ရှိအလုပ်ကလည်း တိုးတက်မှု့ ရှိမလာခဲ့ဘူး။ ကိုယ့်အထက်လူကြီးရဲ့ မျက်နှာအခြေအနေ ကို ကြည့်နေရပြီး လုပ်နေရတဲ့ အလုပ်ကို တော်တော်စိတ်ပျက်လာတယ်။ အလုပ်ကို အလုပ်လို့ ခုထိ မမြင်နိုင်သေးတာပဲ နေမယ်။ မြင်အောင်ကြည့်မှ ရတော့မယ် ဆိုပြီး ဝုန်းဒိုင်း ထ လုပ်လိုက်မှ ရတော့မယ် ထင်တယ်။ အခုက ကိုယ့်ကိုကိုယ် ညှာလွန်းနေလို့ ခုလိုတွေ ဖြစ်နေတာနေမယ်။ အနုပညာအလုပ်နဲ့ အသက်မွေးဝမ်းကြောင်းလုပ်ရအောင်လည်း အဆင်ပြေမယ် မထင်ဘူး။ ကိုယ်တတ်တဲ့ပညာတွေက ဘယ်နားသွားသုံးလို့ သုံးရမှန်းမသိဘူး။ တခါတလေ နေတတ်လို့ အဆင်ပြေနေပေမယ့် ကိုယ် ဘာအတွက် အသက်ရှင်နေရလဲဆိုတာ ကိုယ်တိုင်လည်း မသိဘူး။ တခုခုထဲကို နစ်မြုပ်ချင်နေပေမယ့် ဘယ်ထဲ ခေါင်းသွားစိုက်ရမှန်းမသိဖြစ်နေတာလည်း တဒုက္ခပဲ။ စာရေးချင်လား ဆိုတော့လည်း ရေးမယ့်သာ ရေးနေတာ ရေးချင်စိတ်မရှိတဲ့ အချိန်ကများနေတာ။ ကင်မရာ ကိုင်ပြန်တော့လည်း နည်းနည်းကြောက်သလို။ Spanner ကိုင်ပြန်တော့လည်း ယုံကြည်မှု့က မရှိ။ ကွန်ပျူတာ ရှေ့ရောက်တော့လည်း လုပ်မယ်ကြံထားတာတွေ မလုပ်ဖြစ်ပဲ MTV တွေပဲ ထိုင်ကြည့်နေပြန်ရော။
စာရေးတာက ဒီနှစ်ထဲတော့ အတော်ရေးဖြစ်တယ် လို့ ပြောလို့ရတယ်။ ဒါတောင် ရေးဖို့ အတွေးစိတ်ထဲပေါ်တဲ့ အချိန်မှာ သာ ကောက်ရေးလိုက်ရရင် ဒီထက်ပိုပြီး စာတွေ အများကြီး ပိုရေးဖြစ်မယ်။ ရေးဖို့ အတွေးလေးပေါ်လာလိုက်၊ ကွန်ပျူတာရှေ့ရောက်ရင် အတွေးက ပျောက်သွားလိုက်နဲ့မို့ စာရေးစရာက နည်းနေတာ။ ခုနောက်ပိုင်းတော့ သွားလေရာ ဖုန်းလေးယူသွားပြီး အတွေးလေးဝင်လာလိုက် ဖုန်းနဲ့ စာရေးလိုက်လုပ်နေလို့ ဒီလောက်ရေးဖြစ်နေတာ။
ကင်မရာကတော့ မကိုင်ဖြစ်တာ အတော်ကို ကြာနေပြီ။ တခါတလေမှ ဖုန်လေးဘာလေး သုတ်ရင်း ထိဖြစ်ကိုင်ဖြစ်နေတာ။ ကင်မရာလည်း ကိုင်တာများရင်တော့ လက်က တက်လာမယ်ဆိုတာ သိတယ်။ မကိုင်ဖြစ်တာကြောင့် မကိုင်ရဲတော့ မကိုင်ချင်တော့တာ။
Spanner သာ မကိုင်ချင်တာ။ မသိစိတ်ထဲမှာတော့ ကိုယ်က အင်ဂျင်နီယာ ဆိုတာ ရှိနေတယ်။ တခြားအလုပ်တွေ ဆုံးဖြတ်ချက်တွေ ချရင်တောင်မှ အင်ဂျင်နီယာလို တွေးပြီး ဆုံးဖြတ်ချက်ချမိနေတယ်။ ဒီအလုပ်ကျတော့ အထက်က လူကြီးရဲ့ အပြောအဆိုကို မခံချင်တာ။ သူ့မျက်နှာကို ကြည့်နေရတာကိုပဲ မကြည့်ချင်တော့တာ။  အလုပ်ပတ်ဝန်းကျင်ဆိုတာ တကယ် အရေးပါတယ်ဆိုတာ ခုမှသိတယ်။ ပတ်ဝန်းကျင်ကောင်းရင် မောရ ပန်းရမှန်း မသိ လုပ်နိုင်တယ်။ ခုကျ အထက်လူကြီးနဲ့ မတည့်တာနဲ့ပဲ အလုပ်တခုလုံးကို လုပ်ချင်ကိုင်ချင်စိတ်ပျောက်သွားတော့တာပဲ။
ဆရာ ဒဂုန်တာရာ "မေ" ဝတ္ထုကိုရေးတုန်းက အသက် ၂၀ ပဲ ရှိသေးတယ်။ အဲ့အချိန်မှာ သူက နိုင်ငံရေး ပညာရေး အတော်စုံနေပြီတဲ့။ ကျွန်တော်တို့ကျတော့လည်း ၃၀ နားကပ်နေတာတော် သူ့အသက် ၂၀ တုန်းကလောက် မရင့်ကျက်နိုင်သေးဘူး။
ကြောင်ပျောက်လို့ လိုက်ရှာနေပေမယ့် ကျွန်တော်ကိုယ်တိုင်ကလည်း ကြောင်တစ်ကောင် ဖြစ်ချင်ဖြစ်နေမယ် ထင်တယ်။ 

Comments

Popular posts from this blog

Oppo ဖုန်းများတွင် Unicode ပြောင်းပုံ

Typing Tutor For Myanmar Unicode

ပြည်ထောင်စု font