အစက ဒီက ပြန်ရင် အဖေ့ဆီက (အမေမသိအောင်) ခွင့်ပြုချက်တောင်းပြီး တော်လှန်ရေးအတွက် အလုပ်လုပ်မယ် ဆိုပြီး စိတ်ကူးနေတာ။ ခုတော့ ခွင့်ပြုပေးမယ့်သူလည်း မရှိတော့ဘူး။ မရှိတော့တဲ့အပြင် သူ့ပခုံးက ကိုယ့်အပေါ် ရောက်လာတယ်။ ကျေကျေနပ်နပ်ကြီး တာဝန်ယူရတာပေါ့။ နေ့လည်ကပဲ မိသားစုအတွက် တာဝန်ယူပါ့မယ်လို့ သူ့ကို ပြောခဲ့လိုက်တော့ အဖေလည်း စိတ်ဖြောင့်မယ် လို့ ထင်တာပဲ။ စောတာနဲ့ မြန်တာပဲ ကွာတာပါ။ တကယ့်ကို ငပေ။ ကျန်းမာရေး မကောင်းတာ သိသိနဲ့ပေနေတာ။ ဘယ်လောက် ပေ လဲ ဆို မန္တလေးကို ဆေးပြသွားတာ တယောက်တည်း ဆိုင်ကယ်နဲ့ သွားတာ။
အရာရာဟာ ရုပ်ရှင်ကြည့်နေရသလိုပဲ။ ဖြစ်ပျက်ခဲ့တာတွေက ဖလင်တလိပ်ချင်း ပြနေသလိုကို မြင်နေရတာ။ အကုန်လုံးက မနေ့တနေ့ကလိုပဲ။
ကျွန်တော်က အဖေနဲ့ ချွတ်စွပ်ဗျ။ မျက်နှာရော စိတ်ဓါတ်ရော။ အဖေက သူတတ်သမျှ သင်ပေးတယ်။ ကျွန်တော် ရလိုက်တာ ရှိသလို မရလိုက်တာတွေလည်း အများကြီး။ ဆိုင်ကယ်မောင်းတာ ကားမောင်းတာဆိုရင် ခုထိ သူ့ခြေဖျားကို မမှီဘူး။ သူဆို ဆိုင်ကယ်တစီးနဲ့ မြန်မာနိုင်ငံအနှံ့ ကို သွားခဲ့တာ။ ကားနဲ့ဆို ပိုဆိုးပေါ့။ နေ့မအိပ် ညမအိပ် ကားမောင်းနိုင်တဲ့ တကယ့် ကားသမားစစ်စစ်ကြီး။ ကျွန်တော်ဆို တရက်လောက် ကားမောင်းရင်ကို ညောင်းပြီး မလှုပ်နိုင်ဖြစ်တာ။ ရလိုက်တာဆိုလို့ ဓါတ်ပုံရိုက်တာပဲ ရှိတယ်။ ဒါတောင် အကုန်ရခဲ့တာမဟုတ်ဘူး။ သူ့အယူအဆတွေ အတွေးအခေါ်တွေ ဘာမှ မရခဲ့ဘူး။ ကျွန်တော် ရိုက်တဲ့ ဓါတ်ပုံတွေကို သူ့ကိုပြရင် သူပျော်တယ်။ ကျွန်တော် ပထမဆုံး ဓါတ်ပုံပြိုင်ပွဲမှာ ဆုရတဲ့ ပုံလေး ကိုလည်း အိမ်လာလည်တဲ့ သူတိုင်းကို ထုတ်ကြွားတယ်။ ကျွန်တော် အကြွားသန်တာလည်း အဖေ့ဆီက အမွေရထားတဲ့ဟာပဲဗျ။ Drone မောင်းရင်လည်း သူမောင်းရင် ငြိမ်နေတာပဲ။ ကျွန်တော်သူ့လောက် Drone ကောင်းကောင်းမမောင်းနိုင်သေးဘူး။ ရဲ လည်း ရဲတယ်။ တခါက ရွာအလှူတခုမှာ ဆင်နဲ့ အလှူလှည့်တာ။ ဆင်ဘေးက ကပ်ပြီး Drone shot ရိုက်သွားတယ်။ ကျွန်တော်က ဘေးကထိုင်ကြည့်ပြီး အူတွေအသည်းတွေယားနေတာ။ မတော်လို့ ဆင်က drone ကိုလန့်ပြီး ထိန်းမရတော့ရင် အကုန်ဆင်နင်းခံရကိန်း ရှိတာကိုးဗျ။
အဖေနဲ့ နေခဲ့ရတဲ့အချိန်တွေက နည်းလွန်းတယ်။ နည်းလွန်းတယ်ဆိုတာ အသက်ကြီးလာမှပါ။ ငယ်ငယ်က လူမှန်း မသိတတ်ခင်ကတော့ အဖေနဲ့ အမြဲ တတွဲတွဲကို နေခဲ့ရတာ။
အလုပ်ရသွားတော့ ကျွန်တော် အိမ်မှာနေတဲ့အချိန်ကနည်းလာတာကိုး။ ငယ်ငယ်က ကျွန်တော် ၆ တန်း ၇ တန်းလောက်က အဖေနဲ့ နေရတယ်။ အဲ့တုန်းက အဖေက သားရေလုပ်ငန်းကနေ ဖိနပ် ပြောင်းလုပ်နေတာ။ အလုပ်ရုံက အလုပ်သမားတွေ နေတဲ့ စွန်းလွန်းရွာမှာ။ နွေရာသီကျောင်းပိတ်ရက် ရောက်ပြီဆို အိမ်ကထွက်ပြီး အဖေ့ အလုပ်ရုံထဲ အဖေနဲ့ သားအဖ နှစ်ယောက်တည်း နေ့ရောညရော ။ တနေကုန် သားအဖ နှစ်ယောက် အလုပ်ရုံဖွင့် အလုပ် လုပ်ကြ။ ညနေ အလုပ်သိမ်း။ ပြီးရင် ဂိုထောင်ထဲက အလုပ် လုပ်တဲ့နေရာလေးမှာ ဖျာခင်းပြီး အိပ်ကြတာ။ အဖေက ဆယ်တန်းမအောင်ခဲ့ဘူး။ ဒါပေမယ့် ညရောက်ရင် ကျွန်တော့်ကို အင်္ဂလိပ်စာ အမြဲသင်ပေးတယ်။ သူကိုင်တဲ့ သင်ပုန်ကြီးက သျှင်သုန(B.A) ရဲ့ စာအုပ်အဝါကြီး။ တည ကို တခန်းသင်ပေးတယ်။ နောက်နေ့ မနက်ရောက်ရင် သူသင်ပေးတာ ပြန်ဖတ်၊ မှတ်၊ ကျက်၊ ညရောက်ရင် သူက စာပြန်မေးတယ်။ ကျွန်တော် အခုထိ အင်္ဂလိပ်စာ ရေးတတ်ဖတ်တတ် ပြောတတ်တာ အဖေ့ ကြောင့်ပေါ့။
ငယ်ငယ်တုန်းက ဘုရားပွဲဈေးမှာ အမေက တားတဲ့ကြားကနေ အော်ဂင်အသေးလေး ဝယ်ပေးပြီး ဂီတပိုးကို သွင်းခဲ့တာ။ ကျွန်တော်ဂစ်တာ တီးတော့လည်း အဖေ့ ခြေဖျား မမှီပြန်ဘူး။ သူဆို international notes ကြည့်ပြီး ဂစ်တာကို ကောင်းကောင်းတီးတတ်တယ်။ ကျွန်တော်က ဒေါင်ဂွမ် ဒေါင်ဂွမ်လောက်ပဲရတာ။ သူကတော့ သင်ပေးရှာပါတယ်။ ကိုယ်က မယူတတ်ခဲ့တာ။ သီချင်းဆိုရင်လည်း သူ့လို ကီးဝင်အောင် ကာလာဝင်အောင် ခုထိကို မဆိုတတ်သေးတာ။ သူဂစ်တာတီး သီချင်းဆိုပြီဆို ကျွန်တော်က အသာလေး မျက်စိမှိတ်ပြီး ဇိမ်ခံပြီးတော့ကို နားထောင်တာ။ ခင်မောင်တိုးသီချင်းတွေ ထူးအိမ်သင် သီချင်းတွေ ခိုင်ထူး သီချင်းတွေက သူဆိုနေကျပေါ့။ ကျွန်တော်သီချင်းစနားထောင်တော့လည်း Greenday တို့ Korn တို့ နားထောင်တော့လည်း သူလိုက်နားထောင်သေးတယ်။ အဖေက တစ်ခုတော့ရှိတယ်။ သူသိတဲ့ နယ်ပယ်ဆိုရင် မမေးလည်း ဖြေတယ်၊ လမ်းပြတယ်။ ဘာလုပ် ဘာပြီးရင် ဘာဆက်လုပ် ဆိုတာမျိုးပေါ့။ သူမသိတဲ့ နယ်ပယ် ဆို အသာလေး ငြိမ်ပြီးကြည့်နေတာ။ စာအုပ်ဖတ်တာ သီချင်းနားထောင်တာမျိုးဆို သူ မသိတဲ့ နယ်ပယ် ဖြစ်နေတော့ ဘာမှ guideline ချမပေးဘူး။ အသာပဲ ဘေးက ထိုင်ကြည့်နေတာ။
ရုပ်ရှင်ကျတော့ ကြည့်တယ်ဗျ။ ငယ်ငယ်လေးကတည်း အင်္ဂလိပ်ရုပ်ရှင်ကို သူပြလို့ ကြည့်ရတာပဲ။ သူလည်း ရုပ်ရှင်ကြိုက်တယ်။ ကျွန်တော် ၂၀၀၈ အိမ်က ထွက်လာကတည်းက သူလည်း ရုပ်ရှင်နဲ့ ပြတ်သွားတော့တာပဲ။ ငါလည်း မင်းမရှိတော့ ရုပ်ရှင်ကြည့်ရမယ့် အဖော်မရှိဘူးကွ လို့ အိမ်ပြန်လာလို့ ကျွန်တော်ရုပ်ရှင်ကြည့်တိုင်း ကျွန်တော့်ကို ပြောတယ်။ အဲ ရုပ်ရှင်ဆိုမှ ပြောရဦးမယ်။ ခုလို IT ပစ္စည်းတွေ gears တွေ gadget တွေ ကြိုက်တတ်တာလည်း သူ့ဆီက အမွေရခဲ့တာ။ ၂၀၀၅-၂၀၀၆ ဝန်းကျင်လောက်ကပေါ့။ တနေ့ကျ သူက ကျွန်တော့်ကို လက်ဖက်ရည်ဆိုင်ထိုင်တော့ ပြောတယ်။ ကျွန်တော် ၃ တန်း ၄ တန်းနှစ်ကတည်းက သူလက်ဖက်ရည်ဆိုင်ထိုင်ရင် ကျွန်တော့်ကို ခေါ်သွားနေကျ၊ အတူတူထိုင်နေကျ။ အခုကျွန်တော်မရှိတော့လည်း ကျွန်တော့်ညီဝမ်းကွဲ အငယ်ဆုံးကောင်ကို ခေါ်သွားနေတုန်းပဲ။ သူ့ကြောင့် ပဲထပ်တရာနဲ့ လက်ဖက်ရည်ကို မနက်စာ အဖြစ် စားတတ်ခဲ့တာ။ ထားပါတော့။ လိုရင်းကို ပြန်ဆက်ရရင် လက်ဖက်ရည်ဆိုင်ရောက်တော့ ကျွန်တော့်ကို ပြောတယ်။ "ဖိုးထက် ငါ soundbox ဝယ်မလို့ကွ။ ဒါပေမယ့် ငါစုံစမ်းကြည့်တော့ ၂ မျိုးတွေ့နေရတယ်။ တခုက မင်းတို့ ငါတို့ သိတဲ့ ဘယ်၊ညာ နဲ့ Stereo System ပေါ့။ နောက်တခုက 5.1 လို့ ခေါ်တဲ့ surround system ကွ" ဆိုပြီး အသေးစိတ်ရှင်းပြတယ်။ ပြီးတော့ ဘယ်ဟာဝယ်မလဲ တိုင်ပင်တယ်။ သားအဖ နှစ်ယောက်က အဲ့တုန်းက ရုပ်ရှင် အသေကြည့်တော့ နောက်ဆုံးပေါ်တဲ့ စနစ်ဖြစ်တဲ့ 5.1 ပဲ ဝယ်ဗျာ အဖေ ရာ ဆိုပြီး ကျွန်တော်က ပြောပြီး ဆုံးဖြတ်ချက်ချပေးလိုက်တယ်ပေါ့။ အဲ့တာနဲ့ နောက်တပါတ်လောက်ကျတော့ သူ မန္တလေးသွားပြီး ပြန်လာတော့ 5.1 ကြီး ဝယ်ချလာတာပေါ့။ JUMBOY ဆိုတဲ့ တရုတ်တံဆိပ်နဲ့ကောင်လေး။ ဈေးတော့ မမှတ်မိတော့ဘူး။ မမှတ်မိဘူး ဆိုတာက ဈေးကို သူက မပြောပြဘူးရယ်။ မပြောဘူး ဆို အဲ့နေ့က အမေနဲ့ သူနဲ့ ရန်ဖြစ်တာကိုး။ လက်စသတ်တော့ ဖိနပ်ချုပ်ဖို့ အပ်ချုပ်စက်ဝယ်ဖို့ ပိုက်ဆံပိုက်ပြီး တက်သွားတာ ချုပ်စက် ဝယ်မလာပဲ အဲ့ speaker ကြီး ဝယ်လာတာကိုးဗျ။ အဲ့တာနဲ့ အဲ့စက်ကို DVD player နဲ့တွဲပြီး ဆင်ကြတပ်ကြ ရုပ်ရှင်ကြည့်ကြတာပေါ့။ သူခေတ်မှီတယ် ဆိုတာ တကယ် လက်ဖျားခါတယ်။ မှီယုံတင်မကဘူး။ ရှေ့ကို ပြေးတာမှ လွန်နေတာ။ အဲ့ speaker က အခုထိ အကောင်းအတိုင်းရှိနေသေးတယ်။
ခုလို IT ပစ္စည်းတွေ gears တွေ gadget တွေ ကြိုက်တတ်တာလည်း သူ့ဆီက အမွေရခဲ့တာ။ ကျွန်တော်တို့ အင်တာနက် စ သုံးတော့ broadband နဲ့ ပေါ့။ ၂၀၀၇ မှာ အင်တာနက်ဆိုင် ဆိုတာ တမြို့လုံးမှာ ရှားရှားပါးပါး တဆိုင်ပဲ ရှိတယ်။ သူက data usage နဲ့ ပေးရတာ။ ဈေးကလည်းကြီးသလား မမေးနဲ့။ google.com လို့ ရိုက်လိုက်ရင်ပဲ ၅၀၀ လောက် ကုန်တာမျိုး။ အဲ့တာ အဖေက သူ့ထုံးစံ အတိုင်း အင်တာနက် ဆိုတာကြီး ကို အင်မတန် စိတ်ဝင်စားတာ။ ကျွန်တော် အင်တာနက်ဆိုင်သွားရင် လိုက်လာပြီး လိုက်ကြည့်တယ်။ အဲ့တာ အိမ်မှာ အမ တက္ကသိုလ်တက်တော့ Desktop တလုံး မဖြစ် ဖြစ်အောင် ဝယ်ပေးထားတယ်။ မဖြစ်ဖြစ်အောင် ဆိုတာက ကျွန်တော်တို့ မိသားစုက အလယ်အလတ်တန်း ထဲမှာပါတယ်။ ကွန်ပျူတာ ဆိုတာကို Air Con နဲ့ ထားတဲ့ ခေတ်ကြီးမှာ အလယ်အလတ်တန်း မိသားစု အဖို့ ဝယ်ဖို့ ဆိုတာ တော်တော် စဉ်းစားရတဲ့ အခြေအနေ။ အဲ့တာကို အမ အတွက် လိုတယ် ဆိုပြီး မရမက ဝယ်ပေးခဲ့တယ်။ အဲ့တာ တရက် သူမန္တလေးကို အလုပ်ကိစ္စနဲ့ သွားပြီးပြန်လာတော့ dial-up Access card တခုဝယ်လာတယ်။ ကြိုးဖုန်းနဲ့ အင်တာနက် ကို ချိတ်သုံးရတဲ့ စနစ်ပေါ့။ အိမ်မှာကြိုးဖုန်းက မရှိဘူး။ အဲ့တာ ဘာလို့များ ဒါကြီး ဝယ်လာတာလဲပေါ့။ ညကျတော့မှ အိမ်ရှေ့က သွယ်ထားတဲ့ ဖုန်းလိုင်းကြိုးတွေထဲက တကြိုးကို အသာလေး ဓါးလေးနဲ့ လှီး၊ ဘက်ထရီအိုးညှပ်တဲ့ ကလစ်လေးနဲ့ ချိတ်၊ ကြိုးကို အိမ်ထဲသွယ် USB Modem ကနေ တဆင့် ကွန်ပျူတာနဲ့ချိတ်၊ သုံးလို့ရအောင် ကြံဖန်လုပ်သွားတာ။ ပြောချင်တာက သူ့လို သာမာန်ကနေ ဒီလို ချိတ်ဖို့ idea ထွက်အောင် ဘယ်လိုများ လုပ်ခဲ့လဲ ဆိုတာ ခုထိ မမေးရသေးဘူး။ အဖေက ပညာလောဘကြီးတယ်လို့ ပြောလို့ရတယ်။ အမကို ကွန်ပျူတာဝယ်ပေးပြီး သူလည်း သုံးတတ်အောင် ကျွန်တော့်ဆီက ပြန်သင်တယ်။ ကွန်ပျူတာ တလုံးကို end user မက power user လောက် အထိ သုံးနိုင်အောင် လေ့ကျင့်ခဲ့တယ်။ ကွန်ပျူတာ သုံးတတ်သွားတော့ Photoshop တတ်အောင် ဆက်သင်တယ်။ ပြီးတော့ Power Director နဲ့ video edit လုပ်တတ်အောင် ထပ်သင်တယ်။ အဲ့လိုပေါ့။ ဆယ်တန်းဖြေပြီး နွေရာသီကျောင်းရက်ရှည်ပိတ်တော့ ကျွန်တော့်ကို အဲ့ ကွန်ပျူတာ တလုံးနဲ့ ပိုက်ဆံ ရှာတတ်အောင် သူကိုယ်တိုင် ရှေ့က လမ်းပြပြီး သင်ပေးတယ်။ အဲ့တုန်းက မြန်မာကားတွေ ကိုအခွေဆိုင်တွေက နေ ပြန်ယူပြီး CD copy လုပ်စားတဲ့ ဈေးကွက်ရှိတယ်။ကျွန်တော်က ကြောက်တတ်တယ်။ အဖေ ဖြစ်ပါ့မလားလို့ မေးတော့ ဖြစ်အောင်လုပ်ရမှာပေါ့ကွ ဆိုပြီး ကျွန်တော့်လက်ကို ဆွဲပြီး ဆိုင်တွေမှာ ကျွန်တော်တို့ CD copy ကူးတဲ့ ဆားဗစ်ကို မိတ်လိုက်ဆက်ပြီး အလုပ်စခဲ့တာ။ အဲ့လမ်းကြောင်းပေါ်တင်ပေးလိုက်တာ ကွန်ပျူတာတလုံး အရင်းပြုပြီး မြန်မာကားငှားတဲ့ အခွေဆိုင်ပိုင်ရှင်ဘဝ ပါ ရောက်သွားရော။ အဲ့တာ တနှစ်အတွင်းဖြစ်သွားတာနော်။ အဲ့လိုနဲ့ နွေရာသီရက်ရှည်ပိတ်ပြီး ဆယ်တန်းအောင်စာရင်းထွက်တော့ ကျွန်တော် ဂုဏ်ထူး တစ်ဘာသာပဲ ပါလို့ သူက သိပ်မကြည်ဘူး။ အဲ့နေ့က သူ့မျက်နှာကို ကျွန်တော် မှတ်မိနေသေးတယ်။ အမှတ်စာရင်းတွေ ရလာတော့မှ သူ ပြုံးတော့တာ။ အမှတ်စာရင်းတွေ ရတော့ သူက ပြောသေးတယ်။ ဖိုးထက် မြင်းခြံလို နေရာမှာ ကျောင်းတက်ရင် အမြင့်ဆုံး ရွာသူကြီး သမီး၊ ဆယ်အိမ်ခေါင်းသမီးလောက်ပဲ ဖွန်ကြောင်လို့ ရမှာကွ။ အဲ့တော့ ရန်ကုန်သွားချေ။ ရန်ကုန်က ဆော်တွေက ပိုမိုက်တယ်ဆိုပြီး ရန်ကုန်ပို့လိုက်လို့ ကျွန်တော် ရန်ကုန်ရောက်လာတာပဲ။ ကျွန်တော်က ပိန်ပိန်နဲ့ လူကောင်သေးတော့ အလုပ်ကြမ်းလုပ်နိုင်မှာ မဟုတ်ဘူး။ မင်းက ပညာတတ်အောင်သင်၊ ပညာနဲ့ ရှာစားမှ ရမယ့်ကောင် လို့ အမြဲပြောခဲ့တာ။ ခုလို အလုပ်ကြမ်းတွေလုပ်တာ အဖေ မြင်ရရင် သွားကြီး ဖြီးပြီး "ငါ ပြောသားပဲ၊ သူ့ဟာနဲ့သူ ဖြစ်လာမှာပါ" ဆိုပြီး ပြောမှာ ကျွန်တော်သိတယ်။
ဆယ်တန်းအောင်တော့ မင်းကို လောကကြီးထဲ ပို့ရတော့မှာ လို့ ပြောပြီး သူ့အသိ သိုင်းဆရာဆီမှာ သိုင်းသင်ခိုင်းခဲ့သေးတယ်။ အဲ့တုန်းကလည်း ကျွန်တော်က မသင်ပဲ ထွက်ပြေးခဲ့တယ်။ အဲ့တုန်းက အဖေ စိတ်ဆိုးတာပြောမနေနဲ့တော့။ ၂၀၁၁ အဖေ ရန်ကုန်လာတော့ ကျွန်တော့်အခန်းထဲ ချိတ်ထားတဲ့ ကရာတေးဝတ်စုံ ကိုတွေ့တော့ ရယ်တယ်။
သူကိုယ်တိုင်က လွတ်လပ်ခြင်းကို ကြိုက်တဲ့သူမို့ သူ့သားသမီးတွေကိုလည်း လွတ်လပ်မှု့အပြည့်ပေးခဲ့တယ်။အဖေနဲ့ ကျွန်တော်နဲ့က သားအဖလို မဟုတ်ဘူး။ ကျွန်တော် ဆယ်တန်းအောင်ပြီး နောက်ပိုင်းက စ လို့ သူငယ်ချင်းပေါင်း ပေါင်းတော့တာ။ သူသွားလေရာ ဖဲဝိုင်း အရက်ဝိုင်း နေရာစုံအောင် လိုက်ရတာ။ ဆယ်တန်းဖြေပြီး သူသင်ပေးတဲ့အထဲမှာ ဖဲ ရိုက်တာလည်းပါတယ်။ သူက ဖဲ အစုံရိုက်တတ်တယ်။ ကျွန်တော်က 21 နဲ့ ရှမ်းကိုးမီးပဲ ရိုက်တတ်တာ။ ကျန်တဲ့ ပိုကာ ဘာညာ ဘာမှကို မရိုက်တတ်တာ။ 21 ရိုက်တာတောင် သူသင်ပေးခဲ့တာ။ တကယ်တော့ 21 ရိုက်တာနဲ့ တခြားဟာတွေက ဥပဒေသပဲ ကွာတာ။ အခြေခံတွေက အတူတူပဲ။ New Year ည တွေဆို အိမ်မှာဖဲဝိုင်းအမြဲရှိတယ်။ အမေ၊ အမ၊ ကျွန်တော်၊ အဖေ နဲ့ တခြား အမျိုးတွေ၊ အမ သူငယ်ချင်းတွေနဲ့ ပေါ့။ အဲ့လိုဆို အဖေက သူနဲ့ ကျွန်တော် ပေါင်းပြီး အမြဲ တအိမ်လုပ်တယ်။ ဘယ်သူ့ကိုဖမ်း၊ ဘယ်သူ့ကိုတော့ နောက်တစ်ချပ်ဆွဲပြီးမှ ဖမ်း ဆိုပြီး သူကနောက်ကနေ ပြောပြတယ်။ ပြီးရင် ဘာ့ကြောင့် တန်းပြီး ဖမ်းခိုင်းရတာလဲ၊ ဘာ့ကြောင့် ဟိုတစ်ယောက်ကိုကျ နောက်တချပ်ဆွဲပြီးမှ ဖမ်းခိုင်းရတာလဲ ဆိုတာ ရှင်းပြတယ်။ ဖဲ ရိုက်ရင် မှင် ကောင်းဖို့၊ သွေးမပျက်ဖို့ ကံ ကို ဘယ်လို ချိန်ပြီး ဘယ်လို ထိုးရတယ် တို့၊ လောဘ မကြီးဖို့ သင်ပေးတယ်။ အဲ့လိုနဲ့ ဖဲ ရိုက်တတ်အောင်သင်ပေးခဲ့တာ။ သူများတွေလို 21 ဆိုတာ ဘယ်လို ဆော့ရတယ် ဆိုတာ သင်ပေးတာမဟုတ်ဘူး။ ဘယ်လိုဖဲရိုက်နည်းဖြစ်ဖြစ် ဆော့တတ်အောင်၊ ဖဲလိမ်ရိုက်တာတွေကို ဘယ်လိုသိအောင်လုပ်မလဲ ဆိုတာအစ ဖဲ သမားတို့ တတ်အပ်တဲ့ ပညာအစုံကို သင်ပေးခဲ့တာ။
ဘာမလုပ်နဲ့တခွန်းမပြောဘူး။ လုပ်ချင်တာလုပ် "သမား"မဖြစ်စေနဲ့တဲ့။ အရက်မသောက်နဲ့မပြောဘူး။အရက်သမားမဖြစ်ရင်ရပြီ။ သောက်တာကတော့သောက်ရမှာပဲ လို့ပြောတာ။ တခုတော့ရှိတယ်။ ဘယ်ဆိုင်မှာ သောက်မယ် ဘယ်သူတွေနဲ့ သောက်မယ် ဆိုတာတော့ သူ့ကိုပြောခဲ့ရတယ်။ မပြောရင်တော့ မကြိုက်ဘူး။ မပြောလည်း သူသိပါတယ်။ ဒါပေမယ့် သူ့စည်းကိုယ့်စည်း သိအောင် ထားတာ။ တခါ ကျွန်တော် ၇ တန်းနှစ်တုန်းက စာကြည့်တိုက်လို့ ပြောပြီး ညီအကို နှစ်ယောက် ဂိမ်းဆိုင်မှာ ဂိမ်းထိုင်ဆော့နေတာ နေ့လည်ရောက်တော့ လာခေါ်ပါလေရော။ ဆူတော့ မဆူပေမယ့် လန့်တာပေါ့ဗျ။ သူ့ကိုလိမ်ပြီးထွက်လာတာလေ။ အဲ့ကစပြီး မလိမ်ရဲတော့တာပဲ။
သူ့ကို ကြောက်ရတာတစ်ခုတော့ ရှိတယ်။ သင်တန်းဘာညာတက်ရင် တကယ်တတ်အောင်သင်မှကြိုက်တာ။ ဘာသင်တန်းတက်တက် သူက သင်တန်းပြီးရင် သူ့နည်းသူ့ဟန်နဲ့ စာမေးပွဲစစ်တယ်။ ကျွန်တော်ဆိုင်ကယ်မောင်းတတ်ခါစကဆို သူမန္တလေးကို ဆိုင်ကယ်နဲ့ သွားရင် ကျွန်တော့်ကို ခေါ်သွားတယ်။ ပြီးရင် မောင်းခိုင်းတော့တာပဲ။ သူက နောက်ကထိုင်ပြီး ကားကြီး လာရင် ဘယ်လိုရှောင်ရတယ်၊ အကွေ့မှာ ဘယ်လို အရှိန်နဲ့ ကွေ့ရတယ် ဆိုပြီး ပါးစပ်က ဆက်တိုက်ပြောပြီး စာမေးပွဲစစ်တော့တာ အမတက္ကသိုလ်ပြီးတော့ UFL က English သင်တန်းတက်ချင်တယ် ပြောတော့ သူက ပေးတက်တယ်။ သင်တန်းပြီးလို့ အိမ်ပြန်လာတဲ့အချိန်ကျတော့ အမနဲ့ ကျွန်တော်နဲ့ကို ခေါ်ပြီး ပုဂံကို ဆိုင်ကယ်နဲ့ ထွက်လာတယ်။ ပုဂံလည်းရောက်ရော တွေ့သမျှ နိုင်ငံခြားသားနဲ့ အမ ကို စကားပြောခိုင်းတော့တာပဲ။ အမလည်း ကြောက်ကြောက်နဲ့ ပြောရတောပေါ့။ အဲ့ဒီကစလို့ ကျွန်တော်ဆို ဓါတ်ပုံရိုက်တဲ့ သင်တန်းတက်တာတောင် အဖေ့ကို မပြောရဲခဲ့ဘူး။ သင်တန်းတက်ပြီး ဓါတ်ပုံရိုက်ပြိုင်ပွဲက ဆုရလာတော့မှ အဖေ့ကို သင်တန်းတက်ခဲ့တဲ့ အကြောင်းပြောပြရဲတော့တယ်။
အဖေက ကျွန်တော့်ကို ဆုံးမတဲ့ နည်းက ရယ်ရတယ်ဗျ။ ကျွန်တော်က အပေါင်းအသင်းတအားမက်တာ။ တော်တော်ကိုမက်တာ။ ကျွန်တော်ဆယ်တန်းတုန်းကပေါ့။ သူများမိဘတွေက သားသမီးကို အိမ်ထဲမှာပဲ နေခိုင်းပြီး စာ လုပ်ခိုင်းကြတဲ့ အချိန်ပေါ့။ ကျွန်တော့် အိမ်ကတော့ ဘာမှ သိပ်မပြောပါဘူး။ အမေကတော့ စာကြည့်ဖို့ စာလုပ်ဖို့ ပြောတာပေါ့။ အဖေကတော့ ထုံးစံအတိုင်း ဘာမှကို ဝင်မပြောဘူး။ တရက်ကျတော့ ကျွန်တော်က စာကြည့်မယ်လုပ်ဖို့ပြင်နေတုန်း ဘော်ဒါတယောက်က ဖိုးထက်ရေ့ ဆိုပြီး လာခေါ်တော့ ကျွန်တော်က လိုက်သွားတာတယ်။ အဲ့တယောက်နဲ့ အပြင်က ပြန်ရောက်ပြီး မကြာဘူး နောက်တယောက်ကလာခေါ်တယ်။ ကျွန်တော်က လိုက်သွားတာပဲ။ အဲ့တာနဲ့ မနက် ၇ နာရီကတည်းက အဲ့လို ခေါ်သမျှလူနဲ့ အပြင်ထွက်နေတာ ညနေ ၃ နာရီကျော်တော့ ကျွန်တော် အိမ်ပြန်ရောက်လာပြန်ရော။ အိမ်ရှေ့မှာ ဆိုင်းဘုတ်ကြီး ချိတ်ထားတယ်ဗျ။ ဘာရေးထားတာလဲဟ ဆိုပြီး သွားဖတ်တော့ "ဖိုးထက် မရှိသေးပါ" တဲ့။ အဲ့တာကြီးဖတ်ပြီး အိမ်ထဲဝင်မယ်လုပ်တော့ အိမ်ထဲနေ အဖေက လှမ်းအော်တယ်။ "ဟကောင် ဆိုင်းဘုတ်ကို ပြောင်းပြန်လှည့်ခဲ့" တဲ့။ ပြောင်းပြန်လှည့်လိုက်တော့ ဒီဘက်အခြမ်းမှာရေးထားတာ "ဖိုးထက် အိမ်မှာ ရှိပါသည်"တဲ့။ အိမ်ထဲရောက်တော့ အဖေက ပြောသေးတယ် "မင်းကောင်တွေ ခဏတိုင်း လာလာမေးတာ ဖြေရတာ မောလာလို့ကွ "တဲ့။ အဲ့ကနေ တပါတ်လောက်ကြာတဲ့အထိ ကျွန်တော် ဘယ်သူလာခေါ်ခေါ် မလိုက်တော့ပဲ အိမ်တွင်းပုန်းပြီး လိမ္မာချင်ယောင်ဆောင်ပြီး တပါတ်လောက် စာပဲ ထိုင်ကြည့်လိုက်ရသေးတယ်။
အမျိုးတွေကိုလည်း ချစ်သလား မမေးနဲ့။ ဘယ်အမျိုးက သူ့အပေါ် ဘယ်လိုကောင်းခဲ့တာ ဆိုတာ အမြဲ ပြောတယ်။ သူပြောတဲ့ အမျိုးကို ကျွန်တော်က သွားမတွေ့လို့ကတော့ ငေါက်ခံရပြီသာမှတ်။ ၂၀၁၂ စင်ကာပူ ကို ရောက်တော့ စင်ကာပူက သူ့အသိအိမ်ကို မရမက အရောက်သွားခိုင်းတာ။ ကျွန်တော့မှာ MRT စီးပြီး မရမက သွားရတာပေါ့။ ပြီးတော့ သူနဲ့ ဆိုးဖော်ဆိုးဖက် ဦးစိုးညွန့် ဆီကိုလည်း မရမက သွားခိုင်းခဲ့တာ။ အမျိုးတွေ သူ့အသိတွေ ဆီ သွားလို့ မိတ်ဆက်စရာမလိုဘူး။ ဒီမျက်ခွက်ကြီး က ပုံစံတူ မိတ္တူ လောင်းထားသလိုကို ဖြစ်နေတော့ ဘယ်သူ့ သားပါ ဆိုတာ ပြောစရာကို မလိုတာ။ တခါ သံဖြူဇရပ်က အငယ်မ မင်္ဂလာဆောင်တော့ ကျွန်တော်က လေဆိပ်မှာ မြန်မာကို ပြန်ဖို့ စောင့်နေတဲ့ အချိန်နဲ့ သွားတိုက်ရော။ အဲ့တာ မင်္ဂလာဆောင်ကို မှီအောင်လာခဲ့ ဆိုပြီး ပြောရော။ ကျွန်တော်က flight မှီရင်လာမယ် delay ဖြစ်သွားရင်တော့ မလာတော့ဘူး ဆိုပြီး အကြောင်းပြန်တယ်။ ဖြစ်ချင်တော့ delay ဖြစ်သွားတယ်။ မင်္ဂလာဆောင် မတိုင်ခင် ညနေကြီး မှ ရန်ကုန်ပြန်ရောက်တယ်။ ရန်ကုန်ရောက်ပြီ လို့ အဖေ့ဆီ ဖုန်းဆက်တော့ မှီသေးတယ် ရောက်အောင်လာခဲ့၊ သူ မော်လမြိုင်အိမ်ရောက်နေပြီ ဆိုပြီး လေသံမာမာ နဲ့ ပြောတယ်။ အဲ့တာနဲ့ ညဘက်ကြီး အိမ်က ဘော်ဒါတွေဆီက ဖုန်းတလုံး ငှား၊ ခရီးစားရိတ်ချေးပြီး အဝတ်အစားတောင် မလဲနိုင်ဘူး။ ကားဂိတ်ကို ပြေးပြီး ဘယ်ကားနဲ့ လိုက်လို့ရသေးလဲ ဆိုပြီး လိုက်မေးတော့ ကုန်တင်ကားပဲ ရှိတော့တယ်။ အဲ့တာနဲ့ ကုန်တင်ကားပေါ် ကြက်သွန်အိတ်တွေပေါ် တက်ထိုင်ပြီး မော်လမြိုင်ကို ဆင်းလာလိုက်ရတယ်။ မင်္ဂလာဆောင် မလာရင် သေခန်းပြတ်မယ့် သဘောမှာ ရှိတယ်လို့ သူ့ကို စ တော့ ရယ်ပြီး ပြန်ဆဲတယ်။
Family is everything လို့ ကျွန်တော် အမြဲပြောပေမယ့် ကျွန်တော်ကိုယ်တိုင်က အိမ်မှာ မနေနိုင်ခဲ့တာကိုး။ တအိမ်လုံးနဲ့ သူနဲ့ အမြဲ ရန်ဖြစ်ပေမယ့် သူတိုင်ပင်စရာ ရှိတာဆို ကျွန်တော့်ကို တိုင်ပင်နေကျ။ မိသားစုအတွက် တာဝန်ကျေတာထက် ကို ပိုခဲ့တယ်။ ကျွန်တော့်အသက် ၃၀ ထိ ကျွန်တော့်ကို မုန့်ဖိုးပေးဖို့ ဆိုပြီး အလုပ် လုပ်နေတုန်း။ ၂၀၁၇ အိမ်ပြန်တုန်းက မင်းကို မုန့်ဖိုးပေးဖို့ ပိုက်ဆံမရှိတော့ဘူး ဆိုပြီး ပြောလို့ အဖေရယ် လို့ တခွန်းပဲ ပြန်ပြောမိတယ်။ မိဘတွေ အမြင်မှာတော့ ဘယ်သားသမီးမဆို ဘယ်အရွယ်ရောက်ရောက် ကလေး လို့ပဲ မြင်တာကိုး။ ကျန်းမာရေးမကောင်းလို့ အဖေ အလုပ်မလုပ်ပါနဲ့ဆိုပြီး တားလည်း မသိအောင် ခိုးလုပ်တာပဲ။ နောက်တော့ သူလည်း အလုပ်မရှိတော့ ပျင်းရှာမှာပဲ ဆိုပြီး လုပ်ချင်ရာ ပေးလုပ်ထားလိုက်ရတော့တယ်။
သူဘာလုပ်လုပ် အမေက နောက်က တကောက်ကောက်လိုက်ရှင်းပေးရတာ။ အမေနဲ့ စကားများပြီး မြဝတီဘက် ထွက်သွားတုန်းကလည်း အမေက နင့်အဖေကို နင်လိုက်ခေါ်ချေ ဆိုပြီး ပြောလို့ ကျွန်တော်ပဲ ညတွင်းချင်း မြဝတီ ကို လိုက်သွားပြီး ပြန်ခေါ်ရတယ်။ ဒါလည်း မလိုက်လာပါဘူး။ အခုနောက်ဆုံးအချိန်အထိ ဘယ်သူပြောတာမှ နားမထောင်ပဲ ကျွန်တော်ပြောတာပဲ နားထောင်တာ။
ကျွန်တော် သတ္တိ ရှိမယ် လို့ ကိုယ့်ကိုကိုယ် ထင်ခဲ့တာ တကယ်ကျတော့ သတ္တိမရှိခဲ့ဘူး။ အဖေ့ရဲ့ နောက်ဆုံးခရီးကို ကြည့်ဖို့တောင် သတ္တိ မရှိခဲ့ဘူး။ မကြည့်ချင်တော့တာ မဟုတ်ဘူး။ မကြည့်ရက်တော့တာ။ မကြည့်ပေမယ့်လည်း အဖေ့မျက်နှာ ဘယ်လိုရှိမယ် ဆိုတာ ကျွန်တော် သိပါတယ်။ အဖေ ဆုံးသွားတာ စောတယ်လို့ လူတွေက ပြောကြတယ်။ ဟုတ်တယ်။ စောတယ် ဆိုတာ ကျွန်တော်လည်း လက်ခံပါတယ်။ ဒါပေမယ့်လည်း ဒါပေမယ့်ပေါ့လေ။ စောတယ် ဆိုတော့လည်း စောတာပေါ့။
စောစော အနားယူပါတော့ အဖေ။ ရောက်လေရာ ဘုံဘဝမှာ ငြိမ်းချမ်းစွာ အနားယူပါတော့။
(ကျွန်တော် အခုထိ ကလေး ဆန်နေတုန်းပဲ။ အဖေ ဆုံးတဲ့ညက အိပ်မက်ထဲ အဖေများလာတွေ့မလားဆိုပြီး မျှော်နေသေးတယ်။)
P.S-အခုမှ ကျွန်တော့်ကို အဖေ့ အကြောင်းတချို့ လာပြောတဲ့ သူရှိလို့ အဖေ့ အကြောင်းတချို့
ကျွန်တော်သိရတယ်။ ကျွန်တော့်ဘဝ တလျှောက်လုံး အဖေ့ရဲ့ တချို့အကြောင်းတွေကို ကျွန်တော် အဖေနဲ့ အတူ မြေမြှုပ်လိုက်တယ် အဖေ။
Comments
Post a Comment