Skip to main content

Back to Analog

ကျွန်တော်တို့မှာ Youtube ရှိတယ်၊ Spotify ရှိတယ်။ အဲ့ကနေ တစ်ကမ္ဘာလုံးက သီချင်းတွေနားထောင်လို့ရတယ်။ သီချင်းတွေနားထောင်ရင်း AI က recommand လုပ်ပေးတဲ့ တခြား playlist တွေ သီချင်းတွေပါနားထောင်လို့ရတယ်။ အဲ့တာနဲ့ပဲ အဲ့ထဲက ရုန်းမထွက်နိုင်ဖြစ်ကုန်ကြရော။ ဖုန်းစွဲတယ် Youtube စွဲတယ်ဖြစ်ကုန်ကြတယ်ပေါ့။ သူတို့ရဲ့ အဓိက ရည်မှန်းချက်ကလည်း အဲ့တာပဲ မဟုတ်လား။ သူတို့ရဲ့ AI ကနေ algorithm တွေထုတ်ပြီး လူတွေကို ဒီထဲက မထွက်အောင် ဒီသီချင်းလေး နားထောင်မိရင် ဒါလေးပါ နားထောင်ကြည့်ပါ့လား ဆိုပြီး ထပ်ထပ်ပြရင်း လူတွေက ဒီထဲကနေ မထွက်နိုင်အောင် ဖြစ်ကုန်ကြတော့တာပဲ။ 


ဒီနှစ်ထဲ ဓါတ်ပြားတွေ ကက်ဆက်ခွေတွေ ပြန် နားထောင်ဖြစ်တယ်။Analog ဘက်ကို ပြန်လှည့်ဖြစ်တာပေါ့။ 





အိမ်ပြန်တော့ အဖေ့ရဲ့ walkman လေး နဲ့ ကက်ဆက်ခွေတချို့ ယူလာပြီး ကက်ဆက်နဲ့ သီချင်းတွေ နားထောင်ဖြစ်တယ်။ ကက်ဆက်နဲ့ ဓါတ်ပြား နားထောင်တော့ ရွေးချယ်စရာ သီချင်းက လက်တစ်ဆုပ်စာပဲရှိတော့တယ်။ ကျွန်တော့်ဆီမှာဆို လောလောဆယ် ကက်ဆက်အခွေ ၁၀ ခွေပဲ ရှိသေးတယ်။ အိမ်ကနေတော့ ထပ်ပို့ပေးဖို့ ပြောထားတုန်း။ ဘာဖြစ်သလဲဆိုတော့ အဲ့ ၁၀ ခွေပဲ ပတ်နားထောင်ဖြစ်တယ်။ ရွေးစရာများများစားစား မရှိတဲ့အတွက် အဲ့အတွက် အချိန်လည်း မကုန်တော့ဘူး။ နောက်ပြီး အဖေ့ကက်ဆက်ခွေတွေဆိုတော့ အဖေ ဒီကက်ဆက်ခွေတွေကနေ ဘာတွေ ရှာဖွေတွေ့ရှိခဲ့သလဲဆိုတာလည်း သိချင်လို့ နားထောင်တာလည်း ပါတယ်။

အဖေ နဲ့ အမေ့ နာမည်ထိုးထားတဲ့ အဖေ့ရဲ့ အခွေတစ်ခွေ


 ဒီတစ်လလုံး Youtube ကနေ သီချင်းနားမထောင်ဘူး လို့ ဆုံးဖြတ်ထားတယ်။ Learning လုပ်ဖို့နဲ့ ညအိပ်ချိန် podcast နားထောင်ဖို့အတွက်ပဲ သုံးဖြစ်သွားတယ်။ မဟုတ်ရင် youtube ကနေ reel တွေကြည့်ပြီး မပြီးနိုင်မစီးနိုင် ဖြစ်ပြီး အိပ်ချိန်တွေပါ ပါ ကုန်တယ်။ အဲ့တော့ ကက်ဆက်နဲ့ သီချင်းနားထောင်မယ် ဆုံးဖြတ်လိုက်တော့ မဖြစ်စလောက် အချိန်ပိစိလေး ကိုယ့်အတွက် ပိုထွက်လာတယ်။ အရင်လို့ Youtube ကနေ သီချင်းတွေ လျှောက်ရှာတာ မရှိတော့ နောက်ထပ် အချိန် ပိစိလေးတွေလည်း ထပ်ထွက်လာတယ်။ 


ကက်ဆက်ခွေဈေးကလည်း ကြောက်စရာကောင်းအောင်ကို ဖြစ်နေတာ။ ထူးအိမ်သင် အခွေ တစ်ခွေကို ၂ သောင်းခွဲ တဲ့။ ဒိုးလုံး အခွေ လိုချင်လို့ လိုက်ရှာတာ ဘယ်မှကို ရှာမရဘူး။ တွေ့တော့လည်း တစ်ခွေကို သုံးသောင်းတဲ့။ ပြန်ရောင်းတဲ့သူတွေကလည်း စုတဲ့သူတွေရှိမှန်းသိတော့ ကြိုက်ရောင်း ကြိုက်ဝယ်ဈေးကွက် ဖြစ်နေတာပေါ့။ Derik Millar အခွေဆိုလည်း တစ်သိန်းဝန်းကျင်လောက် ရှိသတဲ့။ အငဲ ရဲ့ ဇာစ်မြစ် အခွေ တွေ့လို့ မေးကြည့်တော့ ငါးသောင်း တဲ့။ တစ်သောင်းလောက် ဆိုရင်တောင် ဝယ်ဖြစ်မှာ သေချာတယ်။ အဲ့ရောင်းတဲ့သူက နောက်တစ်ပါတ်လောက်နေတော့ လေးသောင်းနဲ့ ဈေးလျော့ပြီး ရောင်းနေတာ ထပ်တွေ့ရပါလေရော။ တတ်လည်းတတ်နိုင်တဲ့ လူတွေဗျာ။ ( Post Edit on 12 May 2026 : ကနေ့ကျတော့ အဲ့လူ အဲ့အခွေကို ၂ သောင်း ၅ ထောင်နဲ့ ရောင်းနေပြန်တယ်။)



အဲ့တာနဲ့ ကက်ဆက်ခွေထဲ မုဒ်အတောင့်လိုက်ဝင်နေတုန်း walkman လေးက ဘာမှ မလာတော့ဘူး။ ပါဝါလည်းမလာတော့ဘူး။ ဘာမှလည်း နှိပ်မရတော့ဘူး။ အဲ့အချိန်မှာပဲ မောင်ဗလ က ဘန်ကောက်ရောက်နေတယ် ဘာမှာချင်တာရှိတုန်း လို့ မေးတာနဲ့ casstte player လေး တစ်လုံး ဝယ်ခဲ့ပေးပါ ဆိုပြီး မှာလိုက်ဖြစ်တယ်။ အဲ့တာနဲ့ နောက်ထပ် ကက်ဆက်ခွေဖွင့်စက် တစ်ခု ရလာပါလေရောပေါ့။ ထုံးစံအတိုင်း ပေါချောင်ကောင်း ChiFi ထဲက FIIO CP 13 လေး မှာလိုက်တာပါ။



 အရောင်က အစတုန်းကတော့ အဖြူရောင်လေး ယူမလို့ပဲ၊ ဒါပေမယ့် transparant လေးက ပိုလှသလိုလိုရော sale ချထားတာရော ဖြစ်နေတာနဲ့ transparant လေးပဲ ယူဖြစ်သွားတယ်။






ဒီကောင်က walkman လိုပဲ portable ဖြစ်အောင်လုပ်ထားတယ်။ Walkman လို ဓါတ်ခဲထည့်စရာမလိုပဲ Type C နဲ့ အားသွင်းရတယ်။ 


အားအပြည့်သွင်းထားရင် သီချင်း ၁၀ ခွေ မက ဖွင့်လို့ရသေးတယ်။ ဘယ်နခွေအထိ ရသလဲဆိုတာတော့ မစမ်းဖြစ်ဘူး။ တစ်ပါတ် တစ်ခါလောက်တော့ အားသွင်းဖြစ်နေတာကိုး။ ၁၃ နာရီ တောက်လျှောက်ဖွင့်လို့ရတယ်လို့တော့ စာ ထဲ ရေးထားတာပဲ။ အသံထွက် ဘာညာကတော့ ပြောမနေတော့ပါဘူး။ ကက်ဆက်ခွေ ကို ဖွင့်တာကိုး။ လေးဖြူရဲ့ လိပ်ပြာ ကို ဖွင့်နားထောင်တော့ အသံက မကြည်ဘူး။ အဲ့တာနဲ့ ဟိုလိုက်ရှာ ဒီလိုက်ရှာ လုပ်တော့ ကက်ဆက်ခွေတွေက မဖွင့်တာကြာရင် ဂျီး (ချေး) တက် တာကိုး။ အဲ့ tape မှာကပ်နေတာတွေကို ဆေးကြောပေးရတယ်တဲ့။ အဲ့တာနဲ့ alcohol pad တွေနဲ့ ဆေးရတော့တာပဲ။ အဲ့ ချေးကပ်နေတဲ့ အခွေတွေကို ဖွင့်မိသွားတော့ ကက်ဆက်ရဲ့ head မှာလည်း ချေးတွေက ကပ်ကုန်ပြန်ရော။ အဲ့တော့ ကက်ဆက်ရဲ့ head ကို ပါ ဆေးပေးရပြန်ရော။ Head ကို တော့ နားကြပ်တဲ့ ဂွမ်းတံလေးကို အရက်ပြန်ဆွတ်ပြီး ပွတ်ပေးလိုက်ရင် ရတယ်။



သီချင်းတစ်ခါနားထောင်ရဖို့ အရေး မလွယ်ပါဘူးဗျာ။



ကက်ဆက်ခွေတွေ ဈေးကြီးတယ်ပြောနေတုန်း တစ်ရက်ကျတော့ ကိုမိုးကြီးနဲ့ သီချင်းတွေ အကြောင်းပြောနေရင်း ညနေကျ အရက်သောက်မယ် လာခဲ့ မတွေ့တာလည်းကြာနေပြီ တွေ့ရအောင် ဆိုပြီး ခေါ်တော့ အရက်သွားသောက်ကြပြီး အပြန်ကျ အိမ်လိုက်ခဲ့ ဆိုပြီးခေါ်သွားပါလေရော။ အိမ်ရောက်တော့ မင်းအတွက်ဆိုပြီး သူ့ကက်ဆက်ခွေတွေ ပေးလိုက်ပါလေရော။ ထူးအိမ်သင်၊ အယ်နောင်း၊ ဒိုးလုံး နဲ့ The Ants နဲ့တင် အတော်ကြမ်းနေပြီ။ အခုလောလောဆယ် ဒီအခွေတွေကဈေးအများဆုံး ဖြစ်နေတာကိုး။ 




တစ်ခါ အညာသား ကလည်း မင်း ကက်ဆက်ခွေတွေ စုနေတာ ငါ့ရွာမှာ ကက်ဆက်ခွေတွေကို ပဲကြီးလှော်နဲ့ လဲ စားနေကြတာ။ ငါ ဝယ်ပြီး ပို့ပေးလိုက်မယ် ဆိုပြီး ရောက်ချလာတာ အခွေ ၁၀၀ ကျော်တယ်။ မနည်းမနောပဲ။ ရောက်လာတာကလည်း အစုံပဲ။ တရားခွေတွေရော၊ အဝေးသင်တက္ကသိုလ်က အခွေတွေရောပဲ။ 


ဓါတ်ပြားစက် Vinyl Record Player ကလည်း ဘာရယ်မဟုတ်။ ကလိချင်တာရယ် အဲ့လို gadget အသစ်အဆန်းလေးတွေဆို လိုချင်မိတာရယ်နဲ့ ဝယ်မယ်ဆိုပြီး လုပ်နေတာ ကြာပြီ။ ရန်ကုန်မှာ ဘယ်ကဝယ်ရမလဲ လိုက်ရှာနေတာအတော်ကြာပြီ။ တစ်ရက်ကျ စင်္ကာပူက မပိုးက အိမ်ပြောင်းမယ်ဆိုပြီး သူ့ ဓါတ်ပြားစက် ကို ရောင်းနေတာတွေ့တာနဲ့ ကိုယ်လည်း ဈေးမဆစ်ပဲ ဝယ်ချလိုက်ပါလေရော။ ဈေးမဆစ်တာကလည်း သူ့ဟာက သူက first owner ကို ပြန်ရောင်းတာ 50% off ပြီးရောင်းတာဆိုတော့ ပိုးစိုးပက်ဆက် တန်နေတာ မဆစ်ပဲ ဝယ်လိုက်တာပါ။ ဓါတ်စက်ကို စလုံးကနေ ရန်ကုန်အိမ်အထိ သေချာထုပ်ပိုးပြီး ပို့ပေးရှာပါတယ်။ ရန်ကုန်ရောက်တော့ ဓါတ်စက်ကြီးရှိပြီး ဓါတ်ပြားက မရှိဖြစ်နေတာနဲ့ နားမထောင်ရဘူး။ ကောင်းခန့်ဝင်း ဆီ သွားပြီး ဓါတ်ပြား တစ်ချပ်နှစ်ချပ်လောက် ရောင်းစမ်းပါဆိုပြီး ဂျီသွားကျတော့ ယူသွားအကို ဆိုပြီး ဓါတ်ပြား ၂ ချပ် လက်ဆောင်ပေးလိုက်တယ်။ Coldplay အခွေနဲ့ နောက်တစ်ခွေနဲ့။ အဲ့တာနဲ့ အဲ့တစ်လလုံးလည်း အဲ့ ၂ ခွေပဲ ထိုင်နားထောင်ဖြစ်တယ်။ နောက်ကျတော့မှ facebook ကနေ ဓါတ်ပြားရောင်းတဲ့ သူတွေနဲ့ ချိတ်မိပြီး နည်းနည်းချင်း ဓါတ်ပြားတွေ ဝယ်ဖြစ်တော့တယ်။ ဒါတောင် အခု ၂၀၂၅ မှာ ဘိုင်ကျနေလို့ တစ်ခွေမှ ထပ်မဝယ်နိုင်သေးဘူး။ ဓါတ်ပြားခွေဈေးက တစ်ခွေကို တစ်သိန်းဝန်းကျင်လောက်ရှိတယ်။ အဆိုတော် အပေါ်မှာလည်း မူတည်သေးတယ်။ 


Comments

Popular posts from this blog

မြန်မာအဘိဓာန်အက္ခရာစဉ်နည်း

မြန်မာအက္ခရာစဉ်ရာတွင် ၁။ ဗျည်းအက္ခရာစဉ် ၂။ ဗျည်းတွဲ ၃။ သရကာရန် ၄။ အသတ်ကာရန် ဟူ၍ ၄ ဆင့်ရှိပါသည်။ ၁။ ဗျည်းအက္ခရာစဉ် ****************** ဗျည်းအက္ခရာ စဉ်ရာတွင် က မှ အ အထိ အစဉ်လိုက်သာဖြစ်သည်။ မှတ်သားရန်မှာ ဉကလေးကို ညကြီးရှေ့တွင် စဉ်ရသည်။  ဥပမာ >>>ဗျည်းစဉ်များကို သိရန် အောက်ပါစာများကို အက္ခရာစဉ်ကြည့်ပါ။ အိတ်ကပ်၊ ခါသာ၊ မာလာ၊ ငါးသိုင်း၊ ဉာဏ၊ ညအခါ၊ ကတိ။ ကတိ၊ ခါသာ၊ ငါးသိုင်း၊ ဉာဏ၊ ညအခါ၊ မာလာ၊ အိတ်ကပ်။ ဟု အဖြေရပါသည်<<< ၂။ ဗျည်းတွဲ ********** ပင့်၊ရစ်၊ဆွဲ၊ထိုး သည် ယ၊ရ၊ဝ၊ဟ ၏ စာလုံးဆင့်ပုံစံ ဖြစ်ပါသည်။ ထို့ကြောင့် ယ၊ရ၊ဝ၊ဟ အစဉ်လိုက်အတိုင်းစဉ်ရသည်။ ကျ၊ကြ၊ကှ၊ကွ။ ကျွ၊ ကြွ။ ကျှ၊ကြှ၊ကွှ။ ကျွှ၊ကြွှ။ (ကဗျည်းနှင့် ပေါင်းပြထားပါသည်) ရှင်းအောင်ပြရပါက ကျ=က ယ။ ကြ=က ရ။ ကှ=က ဟ။ ကွ=က ဝ ကျွ=က ယ ဝ။ ကြွ=က ရ ဝ ကျှ=က ယ ဟ။ ကြှ=က ရ ဟ။ ကွှ=က ဝ ဟ ကျွှ=က ယ ဝ ဟ။ ကြွှ=က ရ ဝ ဟ ဖြစ်ပါသည်။ ဥပမာ >>>မျောက်ကြီး၊ မွဲတေ၊ မျှတ၊ မြို့မ၊ မှတ်ခြင်၊ မြွေပါ၊ မွှေးပျံ့။ မျောက်ကြီး၊ မြို့မ၊ မွဲတေ၊ မှတ်ခြင်၊ မြွေပါ၊ မျှတ၊ မွှေးပျံ့။ <<< ...

ပြည်ထောင်စု font

Pyihtaungsu Font Downloads Windows 7 – Microsoft Office အားလုံးအတွက် – Pyidaungsu-1.8_Regular.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) – Pyidaungsu-1.8_Bold.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) Windows 10 & 8 – Microsoft Office 2013, 2016 အတွက် – Pyidaungsu-2.5_Regular.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) – Pyidaungsu-2.5_Bold.ttf ဖောင့်    [ DOWNLOAD ]     Mirror Link (Google Drive) iPhone, iPad အတွက် – Pyidaungsu-2.4.mobileconfig ဖောင့်ပရိုဖိုင် Safari Browser ကိုသုံး၍ ဒေါင်းပါ    [ DOWNLOAD ]     Mirror Link (Google Drive) Download Myanmar Unicode Keyboards KeyMan Keyboard အသုံးပြုခြင်း Download Myanmar Unicode Fonts Myanmar3 အဟောင်း – Myanmar3_MultiOS.ttf ဖောင့်   [ DOWNLOAD ]      Mirror Link (Google Driv...

MacOS Myanmar Unicode Keyboard

  MacOS မှာ ဘယ်တုန်းက ပါလာမှန်းတော့ မသိဘူး။ အစက keymagic နဲ့ပဲ မြန်မာစာကို ရိုက်နေတာ။ သဝေထိုးကို ရှေ့က ရိုက်တာ အကျင့်ပါနေလို့။ ခုကျ ubuntu မှာ messenger က chrominium based ဆိုတော့ သဝေထိုးရှေ့က ရိုက်ရင် bug ပါပြီး ရိုက်မရဖြစ်နေတာနဲ့ default keyboard ကို သုံးရပြန်ရော။ ခုမှ သတိရလို့ Mac မှာပြန်ကြည့်တော့ mac မှာ မြန်မာစာအတွက် ကီးဘုတ်က ၂ ခုပါတာပဲ။ တခုက ရိုက်နေကျ myanmar 3 layout နဲ့ နောက်တခုက ဘာကြီးလဲကို မသိတာ။ စာလုံးတွေက တနေရာစီ။ အဲ့တော့ default myanmar 3 layout keyboard နဲ့ ဆိုတော့ keymagic တောင် ထည့်စရာမလိုတော့ဘူး။ သဝေထိုးကို နောက်မှ ရိုက်တာကလည်း အသားကျနေပြီးသား။  System preferences > keyboard > input source ကနေ  + ကို နှိပ် Burmese ကို ရွေး ။အပေါ်က Myanmar ကို ရွေး။  ရပြီ။  P.S- Catalina နဲ့ BigSur မှာတော့ ရတယ်။ ကျန်တဲ့ အဟောင်းတွေတော့ မသိဘူး။