ဒီနေ့တော့ သီချင်းတွေနားထောင်ရင်း စာတစ်ပုဒ်ရေးဖြစ်သွားတယ်။ ဒီစာကို သီချင်းတွေနားထောင်နေရင်းနဲ့ ရေးဖြစ်ခဲ့တယ်။ ရေးမယ် ရေးမယ် တေးထားတာလည်း အတော်ကြာနေပြီ။ မရေးဖြစ်ပဲ စိတ်ထဲပဲ ချရေးနေဖြစ်တဲ့ စာတွေလည်း အများကြီးပဲ။ ( ဘာမှမဟုတ်ဘူး။ စာမကျက်ချင်လို့ သီချင်းခွေတွေလျှောက်ကြည့်ပြီး သီချင်းနားထောင်ရင်း ထိုင်ရေးတော့တာ)
ဒီ သီချင်းတွေ အကြောင်းမှာတော့ သီချင်းစာသားတွေ အကြောင်းကို မပြောတော့ပဲ သီချင်းတွေကို ကျွန်တော် ဘယ်လို နားထောင်ခံစားမိတယ် ဆိုတာကို ရေးကြည့်တာပါ။
နာမည်အတိုင်းပဲ။ သီချင်းတွေအကုန်လုံး သူ့ခေတ်သူ့အခါတုန်းက ခေတ်ရှေ့ပြေးနေတယ်။ အဆိုတော်က အန်းတိတ်သမား။
“ဝင်သက်ထွက်သက်များ” က မျိုးကျော့မြိုင်ရဲ့ R&B နဲ့ စ ထွက်တယ်။ “ဒိုးရတော့မယ် အချစ်ရယ်” ကလည်း ပေါက်သီချင်းကို ပြန်လည်ဖန်တီးအသက်သွင်းထားကြတာ။ “အမိန့်” ကတော့ ကျော်ဟိန်းရဲ့ လေးလေးပင်ပင်နဲ့ ဆိုတာကို ပိုကြိုက်မိတယ်။ ဇော်ပိုင် ဆိုထားတာလည်း ရှိပေမယ့် ဘယ်လိုမှ နားထဲကို မတိုးဘူး။ ကျော်ဟိန်းရဲ့ “မင်းခိုင်းသမျှ သေတွင်းကို ဆင်းဆိုလည်း ငါဆင်းရမှာပဲ၊ မင်းအမိန့်တော်အတိုင်း” ဆိုပြီး အားမရှိတော့ပဲ တိုးလျှိုးတောင်းပန်နေတဲ့ အသံက နားထဲ မထွက်တော့တာ။ မုဒ်ကွာတာ လို့ပဲ ကျွန်တော် ထင်တယ်။ “အမှန်လွန်အမှား” မှာလည်း စောန အပုဒ်လိုပဲ အသံနဲ့ပဲ ထိန်းသွားတာ။ အကြိုက်ဆုံးက အဲ့သီချင်း တစ်ပုဒ်လုံး bass သံနဲ့ ဆိုတော့ bass အလုံးတွေကို ကြိုက်နေမိတဲ့အချိန်မှာ နားထောင်မိတာကြောင့်လည်း ပါမယ်။
“ထွက်ပြေး” သီချင်းမှာ စ နားထောင်လိုက်တာနဲ့ “ဟ ဒီဘဲ အလွတ်ကြီးဆော်တာဟ” ဆိုပြီး ပထမဆုံး နားထောင်ဖူးတဲ့ အကြိမ်မှာတင် ငြိ သွားတော့တာပဲ။ တီးထားတာကလည်း electric guitar သံကို ညံ ထွက်နေအောင် တီးထားတာ။ Show ပွဲမှာ ပရိတ်သတ်ကလည်း အားအပြည့် အဆိုတော်ကလည်း မုဒ်အပြည့် အလွတ်ကြီး ပေါက်ကွဲလို့ ရတဲ့ ပွဲဦးထွက် ပွဲခံသီချင်းမျိုးဗျာ။
“အလင်း” က နောက်ကနေ စကားပြောတွေ ရွတ်နေတာ ဘယ်သူရွတ်နေမှန်း မသိခဲ့ဘူး။ နားထောင်ပြီး အတော်ကြာမှ အဲ့တာ ဒိုးလုံး မှန်း သိတာ။ သီချင်းက alter punk rap အထာဗျာ။ ဒါပေမယ့် tempo က အနှေးနဲ့။ ဒီတစ်ပုဒ်က လုံးဝ မော်ဒန်အင်းန်တစ်ခ် ပဲ။
“ငါတစ်ယောက်တည်းလား” Guitar riff တွေနဲ့ စ ဝင်လာပြီး တစ်ပုဒ်လုံး riff တွေကြားထဲ မျောပါသွားအောင် ဖန်တီးထားခဲ့တယ်။
“အချစ်ငရဲသား” ဒီသီချင်းက ရယ်ရမှာလား ငိုရမှာလား မသိတဲ့ သီချင်းဗျ။ သီချင်းက အသည်းကွဲတဲ့ သီချင်း၊ ဒါပေမယ့် မြူးမြူးလေး လုပ်ထားတော့ ငိုရင်း က ကြရတာပေါ့။ “ရှင်းလား ငါ့အသည်းဟာကြေမွ ဘယ်တော့မှ အကောင်းပြန်မရတော့” ဆိုပြီး သီချင်းကို ရေးထားတာက ဒိုးလုံး။ ဆိုတာကလည်း ဒိုးလုံးနဲ့ ကျော်ဟိန်း။ ဒီ အခွေမှာ ဒိုးလုံး ချည်း ၂ ပုဒ်ပါတယ်ဆိုတော့ ဦးကျော် နဲ့ ဒိုးလုံး အတော် အတွဲမိတာပဲဟ ဆိုပြီး ဖြစ်သွားတယ်။
“ဘယ်တော့မှ မမေ့ဘူး” သီချင်းကတော့ ဘာအညွှန်းမှ ရေးစရာကို မရှိတာ။ ဒါပါပဲ။
P.S သီချင်းကက်ဆက်အခွေကို လက်ဆောင်ပေးတဲ့ ကိုစည်သူ ကို ဒီကနေ ကျေးဇူးတင်ပါရစေ။

Comments
Post a Comment