Skip to main content

စိတ်ကူးပေါက်ရာ စာစုများ

ကနေ့မနက် ဒေါပုံ ကို သွားစရာပေါ်လာတာနဲ့ သွားရတယ်ပေါ့။ ဖြစ်ချင်တော့ သံဖြူဇရပ် က အဒေါ်က ဆေးရုံမှာ ဆေးပြလည်းရောက်နေတယ်။ Bus နဲ့ သွားရင် မှီမှာမဟုတ်ဘူး ဆိုပြီး မစီးတာကြာပြီဖြစ်တဲ့ taxi စီးဖြစ်တယ်။ ပုံမှန်အတိုင်း Grab ကနေ ကြည့်တော့ 6500 ။ နည်းနည်း များတယ်ထင်လို့ လက်တားစီးမယ်ကွာဆိုပြီး လက်တားလိုက်တော့ ၄၀၀၀ ဆိုတာနဲ့ ဈေးတောင်မဆစ်မိပဲ စီးမိလိုက်တယ်။ တကယ်ဆို ဆစ်လိုက်ရင်ရသေးတယ်။ အဲ့ဒါနဲ့ taxi driver နဲ့ စကားတွေပြောရင်း သူက အပြန်လည်း မြောက်ဒဂုံ ပဲ ပြန်မှာလားတဲ့။ ဟုတ်တယ် လို့ပြောတော့ သူထိုင်စောင့်ပေးမယ်တဲ့။ အပြန်အတွက် ခရီးသည် မရမှာစိုးလို့တဲ့။ ကျွန်တော်က "ရုံးကိစ္စက ဘယ်လောက် ကြာမယ် မပြောတတ်ဘူး ဦးလေး အကြာကြီး စောင့်ရမှာ စိုးလို့" ဆိုတော့ "ရတယ် ၁ နာရီလောက်ကတော့ စောင့်ပေးမယ်" အသွား အပြန် ငှားဖြစ်သွားတယ်။ ရုံးမှာ ခါတိုင်းလို မဟုတ်တော့ ဘူး။ Online ကနေ appointment ယူထားတော့ ကိုယ့် နံပါတ်ပြောလိုက်တာနဲ့ form ထုတ်ပေးတယ်။ Form မှာ လိုတာဖြည့်ပြီး ပြန်ပေးလိုက်တယ်။ သူက တိုကင် နံပါတ်ပေးပြီး ဘဏ်တွေမှာလိုပဲ နံပါတ်နဲ့ပြန်ခေါ်တယ်။ ပြန်ခေါ်တယ်ဆိုတာ TV မှာလည်း နံပါတ်နဲ့ပြတယ်။ Speaker ကနေလည်း အော်ပေးတယ်။ ( ကိုယ့်လူတွေပဲ နားလည်မှာ။ ဒီစနစ်ဟာ ကိုယ့်လောကအတွက်တော့ အကြီးဆုံးတိုးတက်မှု့ပဲ) ပြီးရင် ကောင်တာ နံပါတ်တွေ အစဉ်လိုက်တပ်ပေးထားတယ်။ ကောင်တာ ၁ က form ယူဖို့ ၊ ၂ က form ဖြည့်ပြီး ပြန်တင်ဖို့ ၊ ၃ က ပိုက်ဆံသွင်း ဖို့ ဆိုပြီး လုပ်ထားပေးတယ်။ ကိုယ့်အလှည့်ရောက်ရင် ပိုက်ဆံသွင်း၊ လက်ဗွေနှိပ် ဓါတ်ပုံ အရိုက်ခံပြီး ဘယ်နေ့ပြန်လာပါဆိုပြီး ပြောပြီး QR code လေးပေးလိုက်တယ်။ အဲ့တော့ မိနစ် ၂၀ နဲ့ပြီးသွားတယ်။ Taxi ဆရာကြီး သိပ်မစောင့်လိုက်ရတာပေါ့။ အရင်တုန်းကဆို လူအုပ်ကြီးနဲ့ တိုးဝေ့ပြီး စာရေးမဆီက form ဝယ်ရတယ်။ လုယက်ပြီး form တင်ရတယ်။ ပြီးရင် ဘယ်သွားပြီး ဘာဆက်လုပ်ရမယ်မှန်း မသိ။ မရေရာတဲ့ guide line တွေနဲ့ ပွဲစားတွေနဲ့ ဆိုရင်တော့ မြန်တယ် ပေါ့။ ခုလည်း ဒီလောက်လွယ်အောင် လုပ်ပေးထားတာကိုပဲ ပွဲစားတွေနဲ့လုပ်နေတဲ့သူတွေ တွေ့ခဲ့သေးတယ်။ အရင်က အရမ်းကိုပဲ အပြောအဆို ဆိုး အပေါက်ဆိုးတဲ့ ဌာနဝန်ထမ်းတွေ နေရာမှာ ပြောရဆိုရ နူးနူးညံ့ညံ့နဲ့ IT company ကလူတွေ ဖြစ်နေကြပြီ။ ( ကြုံတုန်းပြောရရင် အဲ့ဌာနက ဝန်ထမ်းတွေက ဘွဲ့မရတဲ့သူတွေ ရှိတယ်၊ လခက တလကို အစိုးရလစာပဲ ရှိပေမယ့် outside ရတာ တလကို ၁၀ သိန်း အထက်ရှိတယ်၊ ဒါတောင် form ရောင်းတဲ့သူပဲ နော် ) အဲ့ဒါနဲ့ taxi ပေါ်ပြန်ရောက် ဆေးရုံကိုသွားတော့ ( ဆေးရုံက အိမ်နားလေးတင်) Taxi ဆရာကြီး ကပြောတယ်။ ခရီးသည်ကို မနည်းရှာနေရတယ်တဲ့။ ရတဲ့ခရီးသည်ကို အသွားအပြန် ဆိုလည်း ခုလို စောင့်ပေးပြီး ခေါ်ရတာပဲတဲ့။ ဒါတောင် owner ခ ကို တဝက်ပဲ ပေးရတော့လို့ တော်သေးတယ်တဲ့။ Owner ခ ဘယ်လောက်လဲ မေးကြည့်တော့ ခုက တရက်ကို ၇၀၀၀ ပဲ ပေးရတော့တယ်တဲ့။ ဒါတောင် ဆီဈေး နည်းနည်းပြန်တက်သွားလို့တဲ့။ မဟုတ်ရင် ထပ်လျှော့ပေးလို့ရသေးတယ်တဲ့။

အဲ့ဒါနဲ့ ဆေးရုံကိုရောက်တယ်ပေါ့။ မြောက်ဒဂုံက ပင်လုံ ဆေးရုံပါ။ အဒေါ်က မျက်ရိုးတွေ တအားကိုက်ပြီး ခေါင်းနောက်ပိုင်းက ကိုက်နေတယ်။ ခေါင်းလည်း လှည့်လို့မရဘူး။ မူးတယ်ပဲ ပြောနေတယ်။ သူပြနေကျ အာရုံကြော အထူးကုက ဒီဆေးရုံမှာပဲထိုင်တော့တာမို့လို့ ဒီဆေးရုံ ကို လာတာတဲ့။ သံဖြူဇရပ်က ညကြီး ထွက်လာပြီး မနက် ရန်ကုန် ရောက်၊ ခဏနားပြီး ဆေးရုံ တန်းလာတာတဲ့။ အဲ့ဒါနဲ့ ဆရာဝန် ကဘယ် အချိန် ချိန်းလည်း မေးတော့ ၁၂ နာရီတဲ့။ အဲ့ဒါနဲ့ ကျွန်တော်လည်း အဒေါ် နားပါစေပြီးပြီး အဒေါ် ခဏနားဦး ဆိုပြီး ညီမဖြစ်သူနဲ့ စကားထိုင်ပြောနေတာ နေ့လည် ၁ နာရီ ထိုးသွားတယ်။ အဲ့ဒါနဲ့ နင်တို့ဆရာဝန်က မလာသေးဘူးလား ဆိုတော့ ဟုတ်တယ်နော်တဲ့ သွားပြောဦးမှပါ ဆိုပြီးထသွားတယ်။ အဲ့ဒါနဲ့ သွားပြောပြီး ၁၀ မိနစ်လောက် နေတော့မှ consult အခန်းထဲဝင်လို့ရပါပြီဆိုပြီး လာခေါ်တယ်။ ကျွန်တော်ကတော့ လိုက်မသွားတော့ဘူး။ ညီမ ဖြစ်သူပဲလိုက်သွားတယ်။ အဲ့ကျမှ သိတယ်။ ဆရာဝန်က Video call နဲ့ပဲ consult လုပ်တာ။ လူကိုယ်တိုင် မလာဘူးတဲ့။ Vcall နဲ့ consult လုပ်တာတောင် ၁ နာရီ နောက်ကျတာပဲလားလို့ မေးလိုက်ချင်တာ။ အဲ့ဒါနဲ့ သူတို့ ဝင်သွားတာ ကို မစောင့်နိူင်တော့လို့ food zone သွားပြီး နေ့လည်စာ စားဖို့လုပ်တော့ ဘာမှ မတွေ့တာနဲ့ ခေါက်ဆွဲကြော် မှာပြီး စားမယ်လုပ်တယ်။ တော်တော်နဲ့ကို ခေါက်ဆွဲကြော်က မရဘူး။ အဲ့ဒါ စောင့်ရင်း ကော်ဖီထိုင်သောက်နေရင်း ဖုန်း ကိုကြည့်တော့ တိုင်ပျောက်နေပါလေရော။ အဲ့ဒါနဲ့ ဟိုခုံပြောင်းထိုင် ဒီခုံပြောင်းထိုင်နဲ့ အတော်ကြာမှ လိုင်းမိ တဲ့ နေရာ ကို တွေ့တော့တယ်။ နာရီဝက်ကျော် မှ ရတယ်။ ရတော့လည်း လာချပေးတဲ့ တူက ဘိတ်ချဉ်တွေပေပြီး ကိုင်မရတာနဲ့ တူ နောက်တစုံ သွားတောင်းလိုက်ရသေးတယ်။ စားမလို့ လုပ်တော့ ညီမဆီက ဖုန်းဝင်လာတယ်။ ပြန်တော့မလို့တဲ့။ ကျွန်တော့်ကို ဖုန်းခေါ်နေတာကြာပြီတဲ့။ ကျွန်တော်ဖုန်းမကိုင်လို့ တဲ့။ ခေါက်ဆွဲကြော် တောင် မစားလိုက်ရဘူး။ ဒီအတိုင်းထားပြီး ပြေးရတော့တာပဲ။

အဲ့ဒါနဲ့ ဆေးရုံမှာ အဒေါ်ကို consult လုပ်ပြီး CT ရိုက်လိုက်တယ်တဲ့။ အဲ့ဒါနဲ့ ဆေးမှတ်တမ်းစာအုပ် ယူဖတ်ကြည့်တော့ ခံစားရတဲ့ လက္ခဏာတွေနဲ့ ပေးလိုက်တဲ့ ဆေးနံမည်တွေပဲ ရေးထားတယ်။ ( ကျွန်တော် ဆရာဝန် မဟုတ်ပါဘူးနော်၊ နည်းနည်းပါးပါး လျှောက်ဖတ်တယ်လို့ သဘောထားလိုက် ) ပေးလိုက်တာတွေကလည်း Vitamin B အုပ်စု ထဲက ဟာတွေ ဆိုတော့ support သဘောမျိုးပဲ။ တခြားဘာမှ ရေးမထားဘူး ဆိုတော့ နက်ဖြတ် CT result ရမှပဲ သိရမယ်ပေါ့။ အဲ့ဒါနဲ့ အဒေါ် ရော သူ့ယောကျာ်း ရော IQ vision မှာ မျက်မှန် လုပ်ဦးမယ်ဆိုတာနဲ့ လိုက်သွားပါလေရော။ ဦးချစ်မောင် က IQ vision ပါ။ ကျွန်တော်ရယ် ဦးလေးရယ် အဒေါ်ရယ် ၃ ယောက်ပဲ ဆိုင်ထဲဝင်ပါတယ်။ ညီမက သူ့ကလေး ဂျီကျနေလို့ လိုက်မလာတော့ဘူးဆိုပြီး ကားထဲနေခဲ့တယ်။ ကျွန်တော့် အဒေါ်က အာရုံကြော အားနည်းနေတော့ သူ့လက်ကို ကိုင်ထားမှပဲ သူ လမ်းလျှောက်နိူင်တော့တယ်။ ဆိုင်ထဲဝင်တော့ Body Temp တိုင်းပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် သုံးပေ ခွာဖို့ အဝင်မှာ ကောင်မလေးက ပြောပါတယ်။ အဒေါ်က သူ့ကို မမြင် သူပြောတာကိုမကြားပဲ အထဲ ဝင်တော့ ကျွန်တော်ပါ ကန့်လန့်ကြီးပါသွားတာပေါ့။ အဲ့တော့ သူ့နား ကပ်သွားသလိုဖြစ်သွားတာပေါ့။ ကျွန်တော်က အဒေါ်ကို ခဏရပ်ဖို့ပြော သတ်မှတ်ထားတဲ့ နေရာမှာရပ်ခိုင်းတော့ ဆိုင်က ကောင်မလေးက ကျွန်တော်နဲ့ အဒေါ်ကို လူခွာခိုင်းဖို့ပြောပါတယ်။ ကျွန်တော်က ဘာမှ ပြန်မပြောပဲ ခွာပေးလိုက်ပါတယ်။ သူလည်း အပူချိန် တိုင်းပြီး မျက်လုံး ပါဝါစစ်ဖို့ ထိုင်ခုံမှာ ထိုင်စောင့်နေချိန် စောန အကပ်မခံတဲ့ ကောင်မလေးက ကျွန်တော့်ဘေး ရောက်လာပြီး နာမည်တွေ ဘာတွေမေး မျက်မှန်တပ် မတပ်မေး ပါလေရော ( သူ့ဟာသူ ဘေးလာကပ်တာနော် တစ်ပေတောင် မကွာဘူး) ကျွန်တော် လုပ်မှာမဟုတ်ဘူး ။ အဒေါ် နဲ့ ဦးလေး မျက်မှန်လုပ်မှာပါ ပြောမှ ကျွန်တော့်ဘေးကခွာပြီး အဒေါ်ဘေး ရောက်သွားပါလေရော။ အဲ့ဒါလည်း ၁ ပေတောင် မကွာဘူးနော်။ အဲ့ဒါ သူတို့ မျက်စိစစ်နေတုန်း ကျွန်တော်က ဆိုင်ထဲ ထိုင်ပြီးကြည့်မိတော့ တော်တော်များများက faceshield နဲ့ဗျ။ တစ်ခုပဲ။ ရှေ့ကို ချ မထားပဲ ။ ခေါင်းပေါ်ပဲ တင်ထားကြတာ။ ( ဒီပိုစ် ရဲ့ အနှစ်ချုပ်ကတော့ I hate $ ပို ၊ လို့ ပြောချင်တာပါ။ ) မလုပ်ဘူး ဆိုလည်း မလုပ်နဲ့။ လုပ်ရင်လည်း ပီပီပြင်ပြင်လုပ်ကြပေါ့။ ခုဟာက မြင်ရတာ ဆဲချင်စရာကြီး။

Comments

Popular posts from this blog

မြန်မာအဘိဓာန်အက္ခရာစဉ်နည်း

မြန်မာအက္ခရာစဉ်ရာတွင် ၁။ ဗျည်းအက္ခရာစဉ် ၂။ ဗျည်းတွဲ ၃။ သရကာရန် ၄။ အသတ်ကာရန် ဟူ၍ ၄ ဆင့်ရှိပါသည်။ ၁။ ဗျည်းအက္ခရာစဉ် ****************** ဗျည်းအက္ခရာ စဉ်ရာတွင် က မှ အ အထိ အစဉ်လိုက်သာဖြစ်သည်။ မှတ်သားရန်မှာ ဉကလေးကို ညကြီးရှေ့တွင် စဉ်ရသည်။  ဥပမာ >>>ဗျည်းစဉ်များကို သိရန် အောက်ပါစာများကို အက္ခရာစဉ်ကြည့်ပါ။ အိတ်ကပ်၊ ခါသာ၊ မာလာ၊ ငါးသိုင်း၊ ဉာဏ၊ ညအခါ၊ ကတိ။ ကတိ၊ ခါသာ၊ ငါးသိုင်း၊ ဉာဏ၊ ညအခါ၊ မာလာ၊ အိတ်ကပ်။ ဟု အဖြေရပါသည်<<< ၂။ ဗျည်းတွဲ ********** ပင့်၊ရစ်၊ဆွဲ၊ထိုး သည် ယ၊ရ၊ဝ၊ဟ ၏ စာလုံးဆင့်ပုံစံ ဖြစ်ပါသည်။ ထို့ကြောင့် ယ၊ရ၊ဝ၊ဟ အစဉ်လိုက်အတိုင်းစဉ်ရသည်။ ကျ၊ကြ၊ကှ၊ကွ။ ကျွ၊ ကြွ။ ကျှ၊ကြှ၊ကွှ။ ကျွှ၊ကြွှ။ (ကဗျည်းနှင့် ပေါင်းပြထားပါသည်) ရှင်းအောင်ပြရပါက ကျ=က ယ။ ကြ=က ရ။ ကှ=က ဟ။ ကွ=က ဝ ကျွ=က ယ ဝ။ ကြွ=က ရ ဝ ကျှ=က ယ ဟ။ ကြှ=က ရ ဟ။ ကွှ=က ဝ ဟ ကျွှ=က ယ ဝ ဟ။ ကြွှ=က ရ ဝ ဟ ဖြစ်ပါသည်။ ဥပမာ >>>မျောက်ကြီး၊ မွဲတေ၊ မျှတ၊ မြို့မ၊ မှတ်ခြင်၊ မြွေပါ၊ မွှေးပျံ့။ မျောက်ကြီး၊ မြို့မ၊ မွဲတေ၊ မှတ်ခြင်၊ မြွေပါ၊ မျှတ၊ မွှေးပျံ့။ <<< ...

Contacts တွေကို one click နဲ့ unicode ပြောင်းနည်း

ios သမားတွေကတော့အရင်ဆုံး App Store ထဲဝင်ပြီး search ကနေ pyaung လို့ရိုက်ရှာပါ။ ပြီးရင် Download လုပ်ပါ။ ရှာ မတွေ့ရင် ဒီ link ကနေ download လုပ်လို့လည်း ရပါတယ်။ https://apps.apple.com/us/app/pyaung/id1039690192 home screen မှာ pyaung app ပေါ်လာရင် ဝင်လိုက်ပါ။Contact ဆိုတဲ့ tap ထဲဝင်ပါ။ zawgyi to uni , uni to zawgyi ကို စိတ်ကြိုက်ပြောင်းနိုင်ပါပြီ။ Android သမားတွေကတော့ ကိုနေရှိန်ဦး လုပ်ပေးထားတဲ့ app ကို အောက်က link ကနေ Download လုပ်ပြီး zawgyi to uni , uni to zawgyi ကို စိတ်ကြိုက်ပြောင်းနိုင်ပါတယ်။ https://play.google.com/store/apps/details?id=com.nso.unicc https://m.apkpure.com/unicontact-converter/com.nso.unicc နောက်တခုက Dev House က ထုတ်တဲ့ MM contact converter ပါ။ သူကတော့ Android သီးသန့်ပါပဲ။ Contacts တွေမှာ zawgyi နဲ့ unicode ရောနေရင်တောင် အဆင်ပြေပါတယ်။  ပြောင်းနေရင်း ဟန်းသွားတာမျိုးမဖြစ်ပါဘူး။ (Main thread မှာအလုပ်လုပ်မလုပ်ပဲ thread ခွဲပြီးပြောင်းလို့ပါ) https://play.google.com/store/apps/details?id=me.myatminsoe.mmcontactsconverter

ပြည်ထောင်စု font

Pyihtaungsu Font Downloads Windows 7 – Microsoft Office အားလုံးအတွက် – Pyidaungsu-1.8_Regular.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) – Pyidaungsu-1.8_Bold.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) Windows 10 & 8 – Microsoft Office 2013, 2016 အတွက် – Pyidaungsu-2.5_Regular.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) – Pyidaungsu-2.5_Bold.ttf ဖောင့်    [ DOWNLOAD ]     Mirror Link (Google Drive) iPhone, iPad အတွက် – Pyidaungsu-2.4.mobileconfig ဖောင့်ပရိုဖိုင် Safari Browser ကိုသုံး၍ ဒေါင်းပါ    [ DOWNLOAD ]     Mirror Link (Google Drive) Download Myanmar Unicode Keyboards KeyMan Keyboard အသုံးပြုခြင်း Download Myanmar Unicode Fonts Myanmar3 အဟောင်း – Myanmar3_MultiOS.ttf ဖောင့်   [ DOWNLOAD ]      Mirror Link (Google Driv...