လေးဖြူရဲ့ လိပ်ပြာ album တစ်ခုလုံးက နားထဲ မရောက်တဲ့ သီချင်း အပုဒ်ရယ်လို့ကို မရှိတာ။ တစ်ခွေလုံး ရှယ်တွေချည်းပဲ။ တေးရေးက အယ်လ်ဖြူ နဲ့ မောင်မောင်ဇော်လတ် နှစ်ယောက်တည်း ကြဲသွားတာ။ သူတို့နှစ်ယောက်ရဲ့ masterpiece လို့ ဆိုရမှာပဲ။ ဒီ အခွေ အကြောင်း နောက်မှ ပြောမယ်။
ခုပြောချင်တဲ့ အကြောင်းက အဲ့အခွေထဲက “လေလွင့်လူ” ဆိုတဲ့ သီချင်းတစ်ပုဒ်အကြောင်းပေါ့။
ကျွန်တော် အဲ့ သီချင်းကို ကြိုက်လည်း မကြိုက်ဘူး။ တန်းတန်းစွဲ နားလည်း မထောင်ခဲ့ဘူး။ ဒါပေမယ့် တစ်ခုသော အကြောင်းဖန်လာတာက တစ်ခုသော ည တစ်ညမှာပေါ့။ တစ်ယောက်သူက သီချင်းဆိုပြီး ချော့သိပ်ပေးပါတဲ့။ ဘယ်သီချင်း ဆိုရမလဲဆိုတော့ လေးဖြူ ရဲ့ လေလွင့်လူ တဲ့။ အဲ့ဒီက စပြီး ဆယ်နှစ်နီးပါး ညတိုင်းလို ဆိုပြခဲ့ရတဲ့ သီချင်းဖြစ်သွားတယ်။ ကျွန်တော်ပြောဖူးတယ် ထင်တယ်။ သီချင်းတွေက ခံစားချက်နဲ့ တိုက်ဆိုင်သွားမှ ရင်ထဲကို ရောက်သွားတယ် ဆိုတာပေါ့။ စိတ်မကောင်းစွာနဲ့ပဲ သူ မရှိတော့မှ ဒီသီချင်း က ရင်ထဲ ကို ရောက်လာတယ်။
လေလွင့်လူ ဆိုတဲ့ ခေါင်းစဉ်နဲ့ သီချင်းစာသားမှာ “ ဘယ်ကိုသွားမလဲ အတိအကျမသိတဲ့ ခရီးသည်တစ်ဦးရဲ့ ညနေများ “ လို့ ရေးဖွဲ့ထားတယ်။ ကျွန်တော်တို့တွေက ဘဝ ခရီးသည် တွေချည်းပဲ မဟုတ်လား။ ကျွန်တော်တို့ ဘယ်ကို သွားနေတယ် ဆိုတာ သိနေတဲ့ သူတွေ လည်း ရှိရင် ရှိမှာပေါ့။ ဒါပေမယ့် ဘယ်အချိန်မှာ ဘယ်ကို ရောက်မယ် ဆိုတာတော့ မသိဘူး မဟုတ်လား။
“တစ်ညလုံးငါ့ရဲ့အနား သက်ပြင်းများ ကြွေကျ” တဲ့။ သက်ပြင်းချတယ်ဆိုတာ အတော်ကို မွန်းကြပ်တဲ့ အချိန်တွေမှာပဲ ချမိတတ်ကြတာ မဟုတ်လား။ တစ်ညလုံးတောင် သက်ပြင်းတွေ ချနေတယ် ဆိုတော့ အတော်လေးကို မွန်းကြပ်နေရှာမှာပဲ။
“လေနှင်ရာလွင့်ခဲ့ တိမ်တိုက်တစ်ခုပါပဲကွယ်
ယုံကြည်ကိုးစားထားတဲ့ မင်းမျက်လုံး မှိတ်ပစ်လိုက်ပါကွယ်
စိတ်ကူးနဲ့ အိပ်မက်ရယ် တကယ်တမ်းဖြစ်မလာခဲ့
နေရစ်ခဲ့ပါကလေးရယ်
ငါအဝေးဆုံးကို ပြေးသွားချင်တယ်“
မျှော်လင့်ထားတာတွေက လက်တွေ့မှာ ဖြစ်မလာတဲ့အခါ ဘယ်သူ့ကိုမှ အပြစ်မတင်ရက်သလို ဘယ်သူ့ကိုမှ ဒုက္ခမပေးရက်တော့လို့ အဝေးဆုံးကို ထွက်ပြေးချင်နေတဲ့အခိုက်အတန့်၊ အားကိုးတကြီး မျှော်လင့်နေတဲ့ မျက်ဝန်းတစ်စုံကို ခဏလောက်မှိတ်ဖို့ ပြောပြီး သူ မသိတဲ့ အခိုက်အတန့်လေးမှာ ထွက်ပြေးဖို့ ကြိုးစားနေသူတစ်ယောက်ရဲ့ ဝေဒနာကို မြင်ရမယ်ထင်တယ်။
Comments
Post a Comment