နွေဦး ဒိုင်ယာရီ (၆)

အနုပညာကို ခံစားတတ်တဲ့ နှလုံးသား ဖြစ်အောင် လုပ်ပေးခဲ့တဲ့ သူတွေရော အမှန် အမှားကို ဝေဖန်ပိုင်းခြားနိုင်တဲ့ ဉာဏ်ပညာ ကို သင်ပေးခဲ့တဲ့ မိဘ နှစ်ပါးကိုရော ကနေ့ ကျေးဇူးတင်မိတယ်။ Idiots band က vocalist ကိုရေမွန် ငှက်ဖျားနဲ့ ဆုံးသွားတယ်။ တကယ်တော့ Cerebral malaria (ဦးနှောက်ထဲ ငှက်ဖျားပိုးဝင်ခြင်း) ဆိုတာက သေလောက်တဲ့ ရောဂါမဟုတ်တော့တာ ကြာပါပြီ။ ကုလို့ မရနိုင်တဲ့ ရောဂါမဟုတ်တော့တာ ကြာပါပြီ။ ငှက်ဖျားဆေးရှိရင် ကုလို့ ရနိုင်တဲ့ ရောဂါပဲဟာ။ တိုက်နယ်ဆေးရုံမှာတောင် ကုလို့ ရနိုင်တဲ့ ရောဂါ။ ကိုရေမွန် က ငှက်ဖျားကြောင့် သေရတာမဟုတ်ဘူး။ မိအောင်လှိုင်တို့ အာဏာရူးပြီး အာဏာသိမ်းလို့ သေရတာရယ်။ ဂစ်တာကိုင်ပြီး သီချင်းတွေ ဖန်တီးနေတဲ့သူတစ်ယောက် က တော်လှန်ရေးအတွင်းမှာ သေသွားတာ ဒင်းတို့ကြောင့်ပဲ။


လူတွေကသာ အနုပညာရှင် တစ်ယောက် ကြွေလွင့်လို့ ဝမ်းနည်းနေကြတာ။ စစ်ခွေးတွေကတော့ ဝမ်းနည်းဖို့ နေနေသာသာ အနုပညာဆိုတာ ဘာမှန်း ညာမှန်း သိကြတာမှ မဟုတ်ပဲ။ ဒီကောင်တွေကို ခွေးနဲ့ နှိုင်းရတာ တကယ်ဆိုရင် ခွေးတောင် နစ်နာသေးတယ်။ အိမ်ကခွေးကမှ သူ့သခင် ဆုံးသွားတော့ တပါတ်ကျော် တမှိုင်မှိုင် နဲ့ လွမ်းရဆွေးရ ဝမ်းနည်းရကောင်းမှန်းသိသေးတယ်။ ဒင်းတို့တွေက လူတွေ သေတာကို ပျော်နေနိုင်သေးတယ်။ ဒီကောင်တွေမှာ ခံစားတတ်တဲ့ နှလုံးသားလည်း မရှိ၊ မေတ္တာတို့ ဘာတို့ဆို ဝေးရော။ မရှိတော့ ရှိအောင် လုပ်မလားဆိုတော့လည်း လုပ်တဲ့ သူတွေကို နှိမ်ထားတဲ့ စနစ်ကြီး အောက်မှာ နေခဲ့ရတော့ အပြင်က စာတွေလည်း မဖတ်၊ ဒေါ်စိန်အေး သင်ပေးတာပဲ အဟုတ်ကြီးထင်ပြီး ဒေါ်စိန်အေးကိုပဲ ကိုးကွယ်ကြတော့တာ။ ဒေါ်စိန်အေး ပြောတာပဲ လက်ခံတော့တယ်။ ဘယ်သူ ဘာပြောပြော လက်မခံနိုင်ဖြစ်ကုန်လောက်အောင် အသိဉာဏ်တွေ တုံးကုန်ရော။ 

မြေပြင်မှာတော့ Facebook ပေါ်က အခြေအနေတွေနဲ့ ကွာနေတာတွေ အများကြီး ရှိနေတယ် လို့ ကျွန်တော် အမြဲတမ်း ပြောတယ်။ တကယ်လည်း ကွဲနေတာတွေ အများကြီးပဲ။ Social Media ပေါ်မှာသာ တိုက်ပွဲတွေကြားထဲကလို ပုံဖော်နေကြတာ။ ကျွန်တော် ကော့သောင်းရောက်တော့ အကုန်လုံးက ပုံမှန် ပြန်လှုပ်ရှားနေကြတာပဲ။ အစစ်အဆေးတွေလည်း သိပ်မရှိဘူး။ မြို့ပြကြီးနဲ့ အလှမ်းဝေးလို့လားတော့ မသိဘူးပေါ့။ ရန်ကုန် ပြန်ရောက်ရင်တော့ အခြေအနေ ဘယ်လို ရှိတယ်ဆိုတာ သိရမှာပဲ။ ငါတို့ နိုင်ပြီ ဆိုပြီး positive ဘက်ကတွေးနေတာလည်း တွေးနေတာပေါ့။ ဒါပေမယ့် ဘယ်ဘက်တွေက ကျဆုံးနေလဲ ဆိုတာကိုလည်း မြင်အောင်ကြည့်ဖို့ လိုနေတယ်။ ဒါမှ ကျဆုံးနေတဲ့ ဘက်တွေကို ဘယ်လို အနိုင်ရအောင် ပြန်လုပ်ရမလဲဆိုတာကိုပါ တွေးမိမှာ။ မဟုတ်ရင် ကျဆုံးပြီး ရင်း ကျဆုံး နေတော့မှာ။

CDM ကိစ္စတွေကလည်း အတော်ဆိုးတယ်။ ရဲနဲ့စစ်သား ဈေးမရောင်းပါဆိုပြီး စာချိတ်ထားတဲ့ ဆိုင်ကို CDM ဝန်ထမ်း တစ်ယောက်က အလုပ်သွားလျှောက်တာ CDM လုပ်ထားလို့ အရှုပ်အရှင်း ရှိမှာစိုးလို့ မခန့်နိုင်ဘူး ဆိုပြီး ပြန်လွှတ်လိုက်တယ် ဆိုတဲ့ အကြောင်း တွေ ကြားရတယ်။ CDM ဝန်ထမ်းတွေကို အလုပ်အကိုင် အခွင့်အလမ်းတွေ ပေးမှ CDM က အသက်ဆက်နိုင်မှာပေါ့။ CDM ဝန်ထမ်းတွေကို ပိုက်ဆံ ထောက်ပံ့နေတာက အစကတည်းက ရေရှည်အတွက် ဖြေရှင်းနိုင်မယ့် နည်းလမ်းမဟုတ်ခဲ့ဘူး။ CDM လုပ်ဖို့ လိုက်နှိုးဆော်နေတဲ့ NLD အမတ်တစ်ယောက်ကလည်း သူ့ အမျိုးတွေကို ကျ CDM မလုပ်ခိုင်းတာမျိုးတွေလည်း မြင်နေရတယ်။ လူတွေဟာ အတ္တကြီးလွန်းတယ်။ 
လူတွေက သိတာ နည်းနည်းနောက်ကျတယ်။ အခုတော့ လက်နက်ကိုင်တော်လှန်ရေးတွေအတွက် လှူနေကြပြီ။ စကတည်းကသာ အဲ့အတွက် များများလှူနိုင်ရင် လက်နက်ကိုင်တော်လှန်ရေးက အတော်လေး ခရီးပေါက်နေပြီ။ 

တော်လှန်ရေးကြီးက စက်ဆုပ် စရာကြီး။ ပိုက်ဆံရှိတဲ့သူတွေက ပိုက်ဆံတွေ ဘယ်လိုလုပ်ရမလဲ တွေးပူနေကြရတော့ တော်လှန်ရမယ် ဆိုတာ စိတ်ထဲမထည့်ကြဘူး။ 
တကယ်တော်လှန်နေတဲ့ လူတွေမှာ သွေးတွေ ချွေးတွေရင်း။ တော်လှန်တဲ့သူတွေကို ထောက်ပံ့တဲ့သူတွေကလည်း နိုင်ငံရပ်ခြားမှာ အိမ်ဖော် ဆိုတဲ့ ကလေးတွေက အများဆုံး။ သူဌေးကြီးတွေက ထောက်ပံ့မယ် ဆိုရင် ပိုလို့တောင် တော်လှန်ရေးက မြန်သွားမယ် ဆိုတာ ချွင်းချက်မရှိပဲ။ ဒါပေမယ့် ဘယ်သူဌေးကမှ တော်လှန်ရေး ကို စိတ်မဝင်စားကြဘူး။ သူတို့ ဥစ္စာစည်းစိမ်တည်မြဲရေး အတွက်ပဲ စိတ်ပူနေကြတယ်။ ဒီလိုပဲ ပညာရေးဌာနတို့ ဆရာဝန် အသိုင်းအဝန်းတို့မှာလည်း ရာထူးတည်မြဲရေး ရာထူးတိုးရေးအတွက် အသည်းအသန် ခွေးတိုးပေါက်ကနေ တိုးနေကြတဲ့သူတွေ ကိုလည်း ဘောက်ချာစုတ်ရမယ့်အထဲ ထည့်ထားရမယ်။ ဒီတော်လှန်ရေးကနေ ဘာအမြတ်ရမလဲ ဆိုတာကို ကြည့်နေကြတဲ့သူတွေ အတော်များလာတယ်။ အမြတ်ဆိုတာလည်း ကိုယ်ကျိုးအတွက်ပေါ့။ ရွံစရာကောင်းတဲ့ လူ့အဖွဲ့အစည်း ကြီးကို စိတ်ပျက်လာမိတယ်။ 
မြန်မာက လူတွေကပဲ adapt လုပ်တာ နှေးတယ်ထင်တာပဲ။ တခုခုဆို တယောက်ယောက် ရဲ့ ဦးဆောင်မှု့ကို လိုက်ချင်တယ်။ Coup စဖြစ်ခါစက ၇၂ နာရီ ငြိမ်နေရမယ် ဘာညာဆိုပြီး ဂျင်းသတင်းကို ယုံနေကြတာကိုပဲ ဥပမာ ကြည့်ပေါ့။ 
ပြည်သူတွေကတော့ ကြားထဲက နာကြတာပေါ့။ ကိုစစ် အပြင် ကိုဗစ်ကလည်း အတော်ဆိုးနေတယ်။ မြို့ပြကြီးတွေမှာ အောက်ဆီဂျင်ပြတ်တဲ့ အထိဖြစ်ကုန်ကြပြီ။ အရင်ကလို lockdown လည်း မလုပ်နိုင်တော့ အကုန်လုံး ရွာတွေပျက်ကုန်ကြတယ်။ စစ်သူပုန်တွေကတော့ အတော်ကို သဘောကျနေမယ်ထင်တယ်။ ကျည်ဆံမကုန်ပဲ လူတွေကို အိမ်ထဲကနေ အိမ်အပြင်မထွက်ပဲ ငြိမ်နေတာကိုး။ ပြီးတော့ ကျည်ဆံမကုန်ပဲ သေကုန်ကြတာလည်း ဝမ်းသာနေမယ်ထင်တယ်။ သူတို့မှာက အကုန်နီးပါး ကာကွယ်ဆေးကလည်း ထိုးထားတယ်။ စစ်ဆေးရုံတွေရော ပြည်သူ့ဆေးရုံတွေရော အကုန် အပိုင်စီးထားသေးတယ်။ ဒီကြားထဲ အောက်ဆီဂျင်ထုတ်တဲ့ စက်ရုံတွေကို မောင်ပိုင်စီးပြီး ပြည်သူတွေကို အောက်ဆီဂျင် မပေးတော့ပဲ သူတို့ပဲ ယူလိုက်တယ်။ နိုင်ငံက စစ်ဘေး ရောဂါဘေး အငတ်ဘေး ကပ်ကြီး ၃ ပါး ဆိုက်နေပြီ။ ဒီတခါ third wave က အတော်ကိုပြင်းတယ်။ လုံးဝ break out ဖြစ်တာ။ ပိုးကလည်း အရင်ကထက်ကို ပြင်းတယ်လို့ ပြောလို့ရတယ်။ လူငယ်တွေတောင် ပိုးထိရင် အလူးအလဲ ခံ ရတာ။ လူကြီးတွေ ဆိုရင် SpO2 တိုင်းတာလေး နဲ့ တောက်လျှောက်သာတိုင်းနေပေတော့ပဲ။ ၈၀ အောက် ရောက်သွားလို့ အောက်ဆီဂျင် မပေးနိုင်ရင် ဆုံးပြီပဲ။ အဲ့လို အခြေအနေမှာကိုပဲ အောက်ဆီဂျင် က နေရာအနှံ့ လိုနေတယ်။ လိုအားနဲ့ ရှိတဲ့ အောက်ဆီဂျင် အိုး အရေအတွက်နဲ့က မမျှတော့ဘူး ဖြစ်နေတယ်။ ဖောင်ကြီး ကိုဗစ်စင်တာ ပြန်ဖွင့်ဖို့ လုပ်နေတယ်။ ဒါပေမယ့် အရင်လို ဗော်လန်တီယာ တွေ မရှိတော့ဘူး။ တကယ် ကုပေးမယ့် ဆရာဝန်တွေကိုလည်း ဖမ်းဆီး နှိပ်စက်တော့ ဆရာဝန်တွေလည်း ပြေးနေရပြီ။ သူတို့ စစ်ဆေးရုံက ဆရာဝန် အင်အားနဲ့ non CDM ဆရာဝန်တွေ ရဲ့ အင်အားနဲ့ ပဲ လည်ပတ်နိုင်တော့မှာ။ ဒါတောင် ကျွန်တော် မြင်တာပြောရရင် CDM လုပ်တဲ့ ဆရာဝန်တွေက ကိုယ့် ပတ်ဝန်းကျင် အသိုင်းအဝိုင်း ဆွေမျိုးထဲက covid ဖြစ်တဲ့ လူနာတွေကို ဒီအတိုင်း teleconsulation လုပ်ပေးနေ ကွင်းဆင်းပြီး ကုပေးနေလို့ စစ်ခွေးတွေ workload လျော့နေတာ။ ပြောသာပြောတာပါ။ ကိုဗစ် ရှိလို့ စစ်ဆေးရုံသွားရင်လည်း လက်မခံပဲ မောင်းထုတ်ခံနေရတာပဲ။ စစ်ဆေးရုံတွေမှာလည်း သူတို့ စစ်ခွေးလူနာ အပြည့်နဲ့ပဲ။ လ တဝက် လောက်ရောက်တော့ ဇာတ်လမ်းက ဘယ်လိုဖြစ်လာသလဲ ဆိုတော့ စစ်တပ်က အကြီးတန်း အရာရှိတွေပဲ covid center တက်ခွင့်ရသတဲ့။ ကျန်တဲ့ လက်အောက်ငယ်သားတွေ ကိုဗစ်ဖြစ်ရင်တော့ ဂျင်းပြုတ်ရည်ပဲ တိုက်ပြီး အိမ်မှာပဲ နေခိုင်းတော့တယ်။ သေချင်သေ ဆိုတဲ့ သဘောပဲ။ ဒါကိုလည်း အောက်က ကောင်တွေက နာကျည်း လိမ့်မယ် မထင်နဲ့။ ကျိတ်မှိတ်ပြီး ခံနေတာပဲဗျ။ အေးလေ အထဲ ရောက်ကတည်းက လူ့အခွင့်အရေးဆိုတာ ဘာမှန်း မသိတော့တာဆိုတော့လည်း ကိုယ့်အခွင့် အရေး က ဘာမှန်းတောင် မသိတော့တာ လည်း မဆန်းဘူး။ 
နယ်တွေမှာ ညဘက်ကြီး အိမ်တွေကို တံခါးဖွင့်ခိုင်းပြီး သန်းခေါင်စာရင်းစစ်သလိုနဲ့ လူငယ်တွေကို လိုက်ဖမ်းနေတယ်။ အမြင်ကပ်ရင် ဖမ်းသွားတာပဲ။ အဲ့တော့ ကိုယ့်မှာ အပြစ် ရှိရှိ မရှိရှိ၊ ဒင်းတို့ နဲ့ မျက်နှာချင်းမဆိုင်မိအောင်သာ ပုန်းနေ ရှောင်နေတာ အကောင်းဆုံးပဲ။ လက်သုံးချောင်းထောင်တဲ့ ပုံ ဖုန်းထဲမှာ ရှိရင်ကိုပဲ ဖမ်းနေတော့တာကိုး။ 
အောင်ချိမ့် ရဲ့ ကဗျာ တပုဒ်ရှိတယ်။



ရန်ကုန်မြို့အပေါ်မှာ
_____________________

ထုန်း...ထုန်း...
မိုးပေါ်ရောက်မှပေါက်တဲ့
အဆင့်မြင့်
ဗျောက်အိုးများ။
ရန်ကုန်မြို့အပေါ်မှာပေါ့လေ
ပျော်အောင်ပေါ့လေ
ထုန်း...
ထုန်း...။
ကြောက်ကြမှာပဲ
နယ်စပ်ပြည်သူတွေဆို။ ။

အောင်ချိမ့်

ခုတော့ အဲ့ကဗျာကို လူတွေ ခံစားနားလည်တတ်ပြီ ထင်တာပဲ။ ဘီလူးမျက်နှာဖုံးက ကွာကျသွားပြီလေ။ 

မြန်မာမှာ ကနေ့ ၁၈ ရက်နေ့ မှာ ကိုဗစ်က outbreak ဖြစ်သွားပြီ။ Failed state ဖြစ်နေတဲ့ နိုင်ငံ အနေနဲ့ ထိန်းနိုင်ဖို့ မလွယ်တော့ဘူး။ India က မျိုးကွဲ က မြန်မာမှာ အတော်ဆိုးတယ်။  အချိန်ကြာလာတာနဲ့ အမျှ virus က အားပျော့သွားရမှာ။ ခုလို  ကိုဗစ်ဖြစ်နေရက်နဲ့ အပြင်ထွက်ပြီး  အောက်ဆီဂျင် လိုက်ရှာနေရတော့ ရောဂါက တမင်ကို ဖြန့်နေသလိုဖြစ်နေတယ်။ သေလောက်အောင် ပြင်းထန်တဲ့ ပိုးက ပိုပြန့်ရော။ တကယ်လို့ ဒါကြီးကို နိုင်ငံတကာက ဂရုမစိုက်ပဲ ပစ်ထားလိုက်ရင် အခု india မျိုးကွဲ delta ထက် ပိုပြင်းထန်တဲ့ မြန်မာမျိုးကွဲ ထွက်လာပြီး ကမ္ယာကို ပြန်ကူး မယ်ဆိုရင်တော့ ဒါတွေအားလုံး ပြဿနာတွေအားလုံးရဲ့ ရင်းမြစ်ဖြစ်တဲ့ အာဏာရှင်ကို တားဆီးဖို့ ပျက်ကွက်ခဲ့လို့ ပြန်ဒဏ်ခတ်ခံရတယ် လို့ပဲ ကိုယ်က ယူဆရတော့မယ်။ 
ဒီလောက် ပျက်ဆီးနေတဲ့ ခေတ်ကြီးမှာလည်း oxygen bottle တွေက လိုသလောက် ဝယ်မရတာ က တမျိုး။ ရှိပြီးသား bottle ဈေးတွေကလည်း 10L အိုးအလွတ်ကို ၃ သိန်း၊ 40L အိုးအလွတ်ကို ၉ သိန်း၊ 60L အိုးအလွတ်ကို ၁၁ သိန်းထိ ထောင်တက်သွားတယ်။ ဒါတောင် ဝယ်ချင်တိုင်းဝယ်လို့မရဘူး။ Oxygen concentrator တွေ ဆိုတာလည်း 15L ကို ၁၄ သိန်း၊ 10L ကို ၂၄ သိန်း အထိ ဈေးတွေ တက်ကုန်တယ်။ ဒါလည်း in stock မရှိတော့ဘူး။ Pre order ပဲ လက်ခံတော့တာ။ အိုး အလွတ်ရှိနေပေမယ့် refill လုပ်ဖို့ကလည်း တန်းစီနေရတယ်။ တန်းစီဖို့ လူငှားရတဲ့ ဈေးကွက်ကလည်း ရှိနေပြန်ရော။ Facebook ပေါ်က oxygen ရနိုင်သည့် နေရာများဆိုတာကလည်း တကယ် ဖုန်းဆက်ရင် ဖုန်းပိတ်ထားတာ များနေတယ်။ မပိတ်ထားတဲ့ ဖုန်းတွေကျတော့လည်း out of stock ဖြစ်သွားပြီပဲ။ ကိုဗစ် ပိုးပြင်းထန်ရင် ထိုးရတဲ့ india က မှောင်ခိုသွင်းတဲ့ remdesivir ဆေးတွေကလည်း မူရင်းဈေး US$ 40 ဝန်းကျင်ကနေ မှောင်ခိုဈေးကွက်မှာ တစ်သိန်းခွဲ ကနေ ၅ သိန်း အထိ  ဈေးပေါက်နေတယ်။ ခေတ်ပျက်ကြီးမှာ လုပ်စားကြတဲ့ သူတွေက မနည်းဘူးပဲ။ Covid က လုံးဝကို outbreak ဖြစ်နေတာ။ အသိထဲက ကိုဗစ်ကာကွယ်ဆေးထိုးထားပြီးတဲ့ သူ တချို့တောင် အနံ့ပျောက်နေကြတယ်။ သူတို့က ကာကွယ်ဆေးထိုးထားတာ ဆိုတော့ အသက်အန္တရာယ်တော့ မစိုးရိမ်ရဘူးပေါ့။ 

ကားလိုင်းတွေ Delivery services တွေက နေ လက်နက်တွေ ပို့တာကို သိမ်းမိတာတွေ များလာတော့ ကားလိုင်းတွေ အနေနဲ့ parcel ပို့မယ်ဆိုရင် အထုတ်ဖောက်စစ်တယ်။ ဟိုဘက်က လက်ခံမယ့်သူကို ဖုန်းအရင် ကြိုဆက်တယ်။ ဟိုဘက်က လူနာမည် နဲ့ ဖုန်းနံပါတ်နဲ့ ကိုက်ပြီး ပို့တဲ့ ပစ္စည်းကို မျက်မြင်ဖောက်ကြည့်ပြီးတော့မှ parcel ကို လက်ခံတော့တယ်။ 

Comments

Popular posts from this blog

Oppo ဖုန်းများတွင် Unicode ပြောင်းပုံ

Typing Tutor For Myanmar Unicode

ပြည်ထောင်စု font