ကျွန်တော်နဲ့ ဂြိုလ်သား

ကျွန်တော့်မှာ ဂြိုလ်သားမိတ်ဆွေ တယောက်ရှိတယ်။ သူက ကျွန်တော့်ထက် ခေတ်ရှေ့ပြေးတယ်။ ကျွန်တော် ရှာဖွေခဲ့တဲ့ အရာတွေကို သူ့ဆီမှာ ဆယ်နှစ်လောက် စောပြီး တွေ့ခဲ့ရတယ်။
ဒါတွေကို ဘာလို့ ခုမှ ပြောလဲ ဆိုရင် ဂြိုလ်သားနဲ့ ကျွန်တော် သိတာ ဆယ်စုနှစ် တခု ကြာတော့ တရက် မှာ နှစ်ယောက်သား စကား ထိုင် ပြောဖြစ်ကြတယ်ပေါ့။ အဲ့ချိန်ကျမှ ကျွန်တော် လွန်ခဲ့တဲ့ ၁၀  နှစ်က ရှာခဲ့တာတွေကို ဂြိုလ်သား ဆီမှာ အကုန်တွေ့တော့တာပဲ။
သူ အခု ပြောနေပြီ။ သူ ဒီ ကမ္ဘာပေါ် မနေနိုင်တော့ဘူးတဲ့။ ကျွန်တော်က မသွားသေးပါနဲ့လို့ တားနေရတယ်။
ကျွန်တော်လည်း နောက်ထပ် ဆယ်စုနှစ် တခုကြာရင် ဒီမှာ နေချင်မယ် မထင်ဘူး။

ဂြိုဟ်သားက အမြဲတမ်း အသစ်တွေကို ရှာဖွေတယ်။ သူကိုယ်တိုင်လည်း ရှာဖွေတယ်။သူများကိုလည်း သူရှာတွေ့တဲ့ အသစ်တွေကို မျှဝေပေးတယ်။ ကျွန်တော့်ကို မျှဝေတာတွေလည်း ရှိတယ်။ တခါတလေ သူ့ကိုယ်သူ ရှာဖွေနေရင်းလည်း ပျောက်နေတတ်တယ်။

ဂြိုဟ်သားနဲ့ ကျွန်တော်တူတာတွေတော့ရှိတယ်။ အပြင်ပန်းမှာ Rock တွေ Metal တွေ ကြိုက်တယ် ပြောလေ့ ရှိပေမယ့် တကယ်က blue လို jazz လို အေးအေးလေးတွေ ကို အသည်းထဲက ကြိုက်တာမျိုးပေါ့။ တခါတုန်းကဆိုရင် Auroa ရဲ့ Murder Song ကို ဖွင့်ပြီး က နေတဲ့ ဂြိုလ်သား ကို မြင်ရင် ခင်ဗျား အံ့ဩမိမှာသေချာတယ်။ အဲ့နေ့ကဆိုရင် ဂြိုလ်သား က တာ ကို ကျွန်တော် ပါးစပ်အဟောင်းသားနဲ့ ကြည့်နေမိခဲ့တယ်။ ဂြိုလ်သားက နည်းနည်းတော့ ထူးဆန်းတယ်။ သူ Radiohead သီချင်းတွေကို ကြိုက်တယ်။ ကျွန်တော့်ကို နားထောင်ကြည့်ပါ့လားလို့ မပြောခဲ့ဘူး။ သူပြောလိုက်လို့ ကျွန်တော်နားထောင်ဖြစ်ပြီး မကြိုက်သွားမှာ စိုးလို့တဲ့။ ဒါပေမယ့် တစ်ရက်ကျတော့ The Umbrella Acedamy ကြည့်နေရင် Radiohead နားထောင်ဖို့ အကြောင်းဖန်လာတယ်။ ကျွန်တော် ဒီ post ကို ဂြိုလ်သားရဲ့ အကြိုက်ဆုံး သီချင်းဖြစ်တဲ့ Radiohead ရဲ့ Subterranean Homesick Alien နားထောင်ရင်း ရေးနေတာပေါ့။ ဒီလောက်ဆို ကျွန်တော့် ဂြိုလ်သားက ဘယ်သူဆိုတာ ခင်ဗျားသိလောက်ပြီလို့ ကျွန်တော် ထင်တယ်။

ဂြိုဟ်သား နဲ့ စတွေ့တုန်းက ဂြိုဟ်သားလက်ထဲမှာ စာအုပ်တအုပ် အမြဲတွေ့ရတတ်တယ်။ ခုတော့ ဂြိုဟ်သား စာအုပ်ကိုင်တာ မတွေ့ရတော့ဘူး။ ဂြိုလ်သား ဖတ်တဲ့ စာအုပ်တွေက ကျွန်တော် နားမလည်နိုင်ဘူး။ ကျွန်တော် လိုက်လို့ မမှီဘူးလို့ ပြောတာ ပိုမှန်မယ်။ 

အခုဂြိုလ်သားက ပြောနေပြန်ပြီ။ လူသားတွေက အဆိပ်တွေတဲ့။ သူကိုယ်တိုင်လည်း လူ့လောကမှာ နေချင်တဲ့ စိတ်မရှိတော့တာ သိသာနေတယ်။ သူထွက်သွားဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့တယ်။ မအောင်မြင်ခဲ့ဘူး လို့ ဆိုရမယ်။ ဂြိုလ်သား နဲ့ စကားပြောနေရင် ကျွန်တော် Inception ရုပ်ရှင်ကို ဖြတ်ခနဲ သတိရသွားတယ်။ တစ်ယောက်ယောက်က idea တစ်ခုကို ခေါင်းထဲ ထည့်ပေးခဲ့တယ်လို့ ဆိုရင် ဂြိုလ်သားခေါင်းထဲကို ဘယ်သူတွေ idea တွေ လာထည့်သွားလဲ ဆိုတာ ကျွန်တော် သိချင်တယ်။ 

Comments

Popular posts from this blog

Oppo ဖုန်းများတွင် Unicode ပြောင်းပုံ

ပြည်ထောင်စု font

Typing Tutor For Myanmar Unicode