Skip to main content

နွေဦးဒိုင်ယာရီ (၄)

 မေ ၁ ရက်နေ့။ နိုင်ငံအနှံ့ ဖြစ်ပျက်တာတွေက များလွန်းတော့ ဒီလကစပြီး ဘလော့က သက်သက် ဖြစ်ပျက်မှတ်တမ်းက သက်သက် ရေးတော့မယ်။ မန္တလေးက ဆန္ဒပြသူတွေကို အခမဲ့ ရှေ့နေလိုက်ပေးနေပတဲ့ ရှေ့နေ မေဇွန်အဖမ်းခံရတယ်။

မနေ့ကပဲ တစ်လ အပစ်အခတ်ရပ်မယ် ပြောတဲ့ စစ်သူပုန်တွေက ကနေ့မှာ လေကြောင်းကနေပြီးတော့ KIA, KNU နယ်မြေတွေကို အသည်းအသန် ထိုးစစ်ဆင်နေတယ်။ KIA ဘက်ကို ဆိုရင် ၁၂၂ မမ လက်နက်ကြီးတွေနဲ့လည်း ဗန်းမော်ကနေ ဆက်တိုက်ပစ်တဲ့ အပြင် မြေပြင်အင်အား ၃၀၀ ကျော်နဲ့လည်း ထိုးစစ်ဆင်တယ်။ ရှမ်းဘက်က တော့ ငြိမ်နေတယ်။ RCSS က သူ့ဌာနချုပ်ပတ်လည်မှာ ဝ တပ်နဲ့ စစ်သူပုန်တွေ ပတ်လည် ပတ်ခံထားရတယ်လို့ သိရတယ်။ မင်းတပ်မှာတော့ ညှိနှိုင်းရေး လုပ်နေတယ်လို့ ပြောတယ်။

ထိုင်း-မြန်မာ နယ်စပ်မှာ အမေရိကန်ဒေါ်လာ ဘီလျံနဲ့ချီပြီး အကုန်ကျခံပြီး ဒုက္ခသည်စခန်းတည်ဆောက်ဖို့ တောင်ကိုရီးယားအစိုးရက စီစဉ်နေတယ် လို့ သတင်းဖတ်လိုက်ရတယ်။ အာဆီယံက မြန်မာနိုင်ငံ ဒီမိုကရေစီရတာ မမြင်ချင်ဘူး ဆိုတာ အသိသာကြီး။ အဆင့် ၁ မှာ ရှိနေတဲ့ သူတွေက အဆင့် ၁၀ သမားကို စာကူကြည့်ပေးနိုင်ပေမယ့် အဆင့် ၈, ၉ တွေက တော့ သူတို့ထက်သာမှာ စိုးရိမ်နေတာ သဘာဝပဲ။

ပြည်တွင်းက export တွေလည်း ထိုးကျသွားတယ်။ ထိုင်းဘက်က သွင်းကုန်တွေကိုလည်း ထိုင်းအစိုးရက ပိတ်လိုက်တယ်။ တရုတ်ဘက်ကလည်း ကိုဗစ်ကို အကြောင်းပြပြီး မြန်မာဘက်က ကုန်ပို့တာကို ရပ်ထားတယ်။ စီးပွားရေးလုပ်ငန်းတွေမှာလည်း ငွေလွှဲတာကို cash ပဲ လက်ခံလာကြတော့တယ်။ ဗဟိုဘဏ်က ဒေါ်လာ ၁၂သန်း ထုတ်ရောင်းပြီး ဒေါ်လာဈေးကျအောင် လုပ်ခဲ့ပေမယ့် မနေ့က ဈေးကွက်ပိတ်ချိန်မှာ ၁၅၈၀ ထိ တက်လာတယ်။ နိုင်ငံတွင်းအလုပ်လက်မဲ့ ပိုများလာဖို့ပဲ ရှိတယ်။ ကျွန်တော်တောင် နောက် ၂ လ လောက်ဆိုရင် အလုပ်လက်မဲ့ စာရင်းထဲ ဝင်ပြီပဲ။ နိုင််ငံတကာ ရင်းနှီးမြှုပ်နှံမှု့ကတော့ ပြောမနေနဲ့။ Huawei လို company တောင် လူတွေလျော့ပြီး ပြန်လွှတ်နေပြီ။ JICA  ပရောဂျက် အကြီးတွေလည်း ရပ်တန့်ကုန်ပြီ။ ကိုရီးယားရဲ့ မြစ်ကူးတံတားနဲ့ မြို့သစ်စီမံကိန်းလည်း ရပ်သွားပြီ။ Telecom Operator တွေ အဓိက ဝင်ငွေရတဲ့ mobile data ကလည်း ပိတ်ထားတော့ Telecom တွေလည်း ရှေ့ဆက် ဘယ်လို ရပ်တည်မလဲ စဉ်းစားနေရပြီ။ Total, Chevron, Posco, Petronas တို့လို ရေနံကုမ္ပဏီကြီးတွေကိုလည်း  NUG က ဖိအားပေးပြီး အခွန်မပေးဖို့ လုပ်နေတယ်။ စစ်သူပုန်တွေရဲ့ စစ်အသုံးစားရိတ်ကို ဖြတ်တောက်ပစ်ဖို့ NUG က လုပ်နေတာ မှန်ပေမယ့် ဒီဒဏ်တွေကို ပြည်သူတွေကလည်း မျှခံရမှာ ဖြစ်တယ်။ စစ်သူပုန်တွေ ရဲ့ ဝင်ငွေ ရသမျှ လမ်းတွေကို ပိတ်ထားပေမယ့် စစ်သူပုန်တွေက မရ ရတဲ့ နည်း အကြမ်းဖက်တဲ့ နည်းတွေကို သုံးပြီး ဝင်ငွေ ရှာနေဦးမှာပဲ။ နောက်ဆုံး မရတော့ရင် သေနတ်နဲ့ ထောက်ပြီး ပြည်သူ့ဆီက ဓါးပြ တိုက်တော့မှာပဲ။

မေ ၂ ရက်နေ့။ နိုင်ငံအနှံ့ သပိတ်စစ်ကြောင်းတွေ ထွက်ကြတယ်။ ကမ္ဘာပေါ်က မြန်မာရှိတဲ့ အရပ်တိုင်းမှာလည်း သပိတ်စစ်ကြောင်းတွေ ထွက်ကြတယ်။  အရင်လို လူအုပ်ကြီးနဲ့ သပိတ်စစ်ကြောင်းတွေကို ပြန်တွေ့နေရပြီ။ ရန်ကုန်လို နေရာမှာတောင် စစ်ခွေးတွေ အရင်လောက် မရှိတော့ဘူးလေ။ ရှေ့တန်းစစ်မျက်နှာပြင်ကို ရောက်ကုန်ပြီ။ ရဲတွေပဲ ကျန်ခဲ့တယ်။ တကယ်တော့ ဒီလို အချိန်က မြို့ပြတိုက်ပွဲ အတွက် အချိန်ကောင်းပဲ။ ကျောက်မဲ သပိတ်မှာတော့ စစ်ခွေးတွေက ဒီတိုင်းထိုင်ကြည့်နေတယ်။ ဒါပေမယ့်လည်း နိုင်ငံအနှံ့ ၈ ယောက် ကျဆုံးတယ်။

မိအောင်လှိုင်က ရန်ကုန်ကို ရောက်နေပြီးတော့ သူ့သမီးပိုင်တဲ့ ဆေးရုံဖွင့်ပွဲ လာတက်တယ်။ လှိုင်သာယာ အပါအဝင် ရန်ကုန်နေရာ တော်တော်များများ ဗုံးကွဲတယ်။ မြစ်ကြီးနား သတင်းဂျာနယ် ကို စစ်သူပုန်တွေက ပိတ်လိုက်တယ်။ သူတို့ကတော့ သူတို့ ဝါဒဖြန့်တဲ့ မီဒီယာကလွဲလို့ ကျန်တာ အကုန် လိုက်ပိတ်မှာပဲ။

RCSS က ပန်သပြေရွာထဲက လူ တစ်ထောင်ကျော်ကို ရွာအပြင်ထွက်ခိုင်းတယ်။ ရွာသားတွေမှာတော့ စပါးစိုက်ခင်းတွေကို ပစ်ပြီး ထွက်ရမှာမို့ မထွက်ချင်ကြဘူး။ RCSS ရောက်လာတဲ့ ရွာတိုင်း မီးရှို့ခံရတဲ့ ရာဇဝင်ကလည်း ရှိနေတယ်။ ရှမ်းနဲ့ ပအိုဝ့် ပေါင်းပြီး စစ်သူပုန်တွေကို ပြန်တိုက်ဖို့ သဘောတူပြီး နယ်မြေ ၃ ခုမှာ ထိုးစစ်ဆင်နေပြီ လို့ လည်း ကြားတယ်။ ဒီသတင်းကတော့ သိပ် မသေချာဘူး။ ပအိုဝ့်တွေ PNO က စစ်သူပုန်လက်အောက်ခံ ဆိုတာ သိနေကြတာကိုး။ KNPP ကနေ စစ်သင်တန်းဆင်းပြီးတော့ ပြန်လာတဲ့ လူငယ် ၇၀ ကျော် အဖမ်းခံရတယ်။ ဖုန်းတွေ ယူစစ်တော့ ဖုန်းထဲက စစ်သင်တန်းက ပုံတွေကိုတွေ့သွားပြီး ဖမ်းသွားတာလို့ ဆိုတယ်။ ကိုယ့်ကောင်တွေကလည်း ဒါလေးတောင် မဖွက်တတ်ကြဘူးလားမသိ။

မေ ၃ ရက်နေ့။ RCSS နဲ့ TNLA ချတာ ထုံးစံအတိုင်း မန်လီကျေးရွာက အိမ်တွေ မီးလောင်ကုန်တယ်။ KIA ဘက်မှာတော့ စစ်သူပုန် ရဟတ်ယာဉ်တစ်စင်း ပျံနေတုန်း အပစ်ခံရတယ်။ KIA က နိုင်ငံခြာရေးရာကလူက twitter မှာ NUG အနေနဲ့ ဒီအတိုင်းဆက်သွားနေရင်တော့ NGO အဖွဲ့အစည်းသာသာ ပဲ ဖြစ်သွားလိမ့်မယ်။ လူထုက အရေးပါတယ်ဆိုပေမယ့် ခုလိုအာဏာရှင်နဲ့ တိုက်ခိုက်နေတဲ့ အချိန်မှာတော့ စုပေါင်း လက်နက်ကိုင် တော်လှန်ဖို့ လိုနေပြီလို့ tweet လာတယ်။ ပြည်သူတွေကိုယ်တိုင်က Revolution ကို တောင့်တနေတဲ့ အချိန်မှာ diplomatic လုပ်နေတာကလည်း ပြည်သူတွေကို အားလျော့စေတယ် လို့ ကျွန်တော်ကတော့ မြင်တယ်။ NUG က ဝန်ကြီး ၂ ယောက်၊ ဒုဝန်ကြီး ၄ ယောက်ကို ထပ်ခန့်လိုက်တယ်။ ဒီရက်ပိုင်း NUG ဘာတွေလုပ်နေတယ်တော့မသိဘူး။ စာမလာ အသံမကြားနဲ့။ တော်ကြာ NUG ကိုယ်တိုင် CDM လုပ်သွားမှဖြင့် အကုန် တိုင်ပတ်ကုန်မယ်။ လေတပ်က အရာရှိ စစ်သည် ၈၀ နီးပါး CDM လုပ်ပြီး ပုန်းနေကြတယ် လို့ သတင်းတက်လာတယ်။

မနေ့က အဖမ်းခံရတဲ့ လူငယ် ၇၀ ကျော်က Youth Empowerment သင်တန်းက အပြန်မှာ ဖမ်းခံရတယ်လို့ ထပ်ကြားရတယ်။ ပြန်လွတ်အောင်လည်း လုပ်နေကြတယ်လို့ ပြောတယ်။ တရားစီရင်ရေးကလည်း ပျက်သွားပြီလို့ ပြောလို့ရတယ်။ ဥပဒေဆိုတာ သူတို့ ပါးစပ်ထဲမှာပဲ ရှိတော့တာကိုး။ ရန်ကုန် ဗိုလ်ချုပ်လမ်းမပေါ်မှာ ရပ်ထားတဲ့ ကားတွေကို စစ်ခွေးတွေက ကားမှန်တွေ ရိုက်ခွဲ တာ ပြဿနာတွေ တက်ကုန်တယ် လို့ ကြားတယ်။ သာကေတမှာတော့ ရပ်ကွက်ရုံးထဲကို ဧည့်စာရင်းတိုင်မယ် လို့ပြော ဝင်လာပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးကို ဓါးနဲ့ ဝင်ထိုးသွားတယ်လို့ ပြောတယ်။ အဲ့ ရပ်ကွက်လူကြီးကလည်း စစ်သူပုန်အားပေးပြီး ပြည်သူကို တော်တော်နှိပ်စက်တယ်လို့ နာမည်ကြီးနေတဲ့ သူ။ ကနေ့ က စစ်သူပုန်တွေ ဘဏ်အကောင့်အသစ်တွေ ဖွင့်ပေးတဲ့ နေ့။ အကောင့်သစ်ထဲကို ထည့်သမျှ အကုန် ပြန်ထုတ်ပေးမယ် ဆိုပြီး ကြေညာထားတာကိုး။ သူတို့ စကား ယုံမယ့် သူ မရှိတာ ခက်တယ်။

ထိုင်းနဲ့ အိန္ဒိယ မှာ ကိုဗစ်က တော်တော် ဆိုးနေတယ်။ တရုတ်က မြန်မာကို ကိုဗစ်ဆေး ၅ သိန်း လှူတဲ့ ဆေးတွေ မြန်မာကို ရောက်လာပြီ။ မြောက်ကိုရီးယားလည်း ဒီ အခင်းအကျင်းထဲ ပါလာပြီလို့ ထင်ရတာပဲ။

မေ ၄ ရက်နေ့။ #maythe4thbewithyou ကနေ့က StarWars နေ့ပဲဗျ။


 KNU က သူ့နယ်မြေမှာ ခြေကုတ်ရအောင် အသည်းအသန်လုပ်နေတယ်။ စစ်သူပုန်တွေ တပ်စွဲထားတဲ့ ခိုကြာခို စခန်းကို သိမ်းလိုက်တယ်။ ဒါတောင် သံလွင်မြစ်ကမ်းဘေးမှာ စစ်သူပုန်တွေရဲ့ အဓိက စစ်စခန်း ၅ ခုကျန်နေသေးတယ်။ ဒီ ၂လ အတွင်းမှာပဲ KNU နဲ့ စစ်သူပုန်တွေကြား တိုက်ပွဲပေါင်း ၂၀၀ ကျော် ဖြစ်ခဲ့ပြီး ပြည်သူ ၄ သောင်း ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ KNU နိုင်ငံခြားရေးတာဝန်ခံ ပဒိုစောတောနီး က RFA နဲ့ အင်တာဗျူးမှာ ပြောထားတယ်။ စစ်သူပုန်တွေက KNU ကို ပြန်တိုက်ဖို့ ကရင် နယ်ခြားစောင့်တပ် BGF ကို လွတ်ပြီး ကရင်အချင်းချင်း ပြန်တိုက်ခိုင်းမယ့် သဘောရှိတယ်။ အရင်ကလည်း အဲ့လို တိုက်ခိုင်းခဲ့တာတွေ ရှိနေခဲ့ဖူးတယ်။

CDM သမားတွေလည်း မလွယ်ဘူး။ လှူတဲ့သူတွေရှိလို့သာ ဒီလောက် တောင့်ခံနိုင်တာ။ မဟုတ်ရင် အစောကတည်းက ပွဲသိမ်းနေပြီ ထင်တယ်။ CDM လုပ်လို့ အလုပ်ထုတ်ခံရတဲ့ ဝန်ထမ်းတွေပါ ရှိလာပြီ။ CRPH က လခပေးနိုင်အောင် လုပ်နေတယ် ဆိုပေမယ့် ခုထိ ဘာမှ မကြားသေးဘူး။ လွတ်မြောက်နယ်မြေဖြစ်တဲ့ တိုင်းရင်းသားလက်နက်ကိုင် နယ်မြေတွေက လွဲလို့ ကျန်တဲ့ နယ်မြေ၊ မြေပြင်မှာတော့ နေရာ အနှံ့ စစ်ခွေးတွေ ရှိနေတုန်းပဲ။ NUG အနေနဲ့ လေလှိုင်းပေါ်က အစိုးရကနေ မြေပြင်အစိုးရ ဖြစ်ဖို့ တော်တော် လုပ်ယူရမယ့် အနေအထားမှာ ရှိတယ်။ ပြည်သူတွေကလည်း Federal Army ကို မျှော်လှပြီ။ ၈၈ တုန်းက NCGUB က တော့ သိခဲ့တဲ့ အတိုင်း အဖမ်းခံလိုက်ရပြီး ဇာတ်သိမ်းသွားတယ်။ NUG  အဖမ်းခံလိုက်ရရင် expectation အကုန်ကျသွားပြီပဲ။ NUG အစိုးရက expectation ပဲ။

စစ်သူပုန်တွေကတော့ ဇွန်လဆန်း ကျရင် အကုန်လုံး ထိန်းချုပ်နိုင်မယ်လို့ ပြောနေပြီ။ အဲ့ကျရင် ဆန္ဒပြပွဲတွေ မရှိတော့ သလောက်ဖြစ်သွားမယ်လို့ သူတို့က ယုံကြည်နေကြတယ်။ ထီပေါက်တဲ့သူတွေကို တစ်ပါတ်ကို သိန်း ၂၀ ထုတ်ပေးတယ်။ ထီကနေ ပိုက်ဆံပြန်ရှာဖို့ လုပ်နေတာလား သေတွင်းပဲ တူးနေတာလားပဲ။

Mobile internet တွေကတော့ ပြန်ရ သလိုလို ဖြစ်နေတယ်။ VPN တွေနဲ့ သုံးရင် ရတယ်။ ဒီကောင်တွေ ဘာတွေ ထပ်လုပ်နေတယ် မသိဘူး။ ဒီကောင်တွေ သူတို့အမှား သူတို့ သိပြီး ပြန်ဖွင့်တာ။ သူတို့ နာလာလို့ ပြန်ဖွင့်တာပဲရှိတာ။ Telenor Myanmar ကတော့ ၂၀၂၁ ပထမ ၃ လ အတွင်း ဒေါ်လာ ၇၈၃ သန်း ဆုံးရှုံးသွားတယ်လို့ ကြေညာတယ်။ Telenor ကနေ Ant Finacial နဲ့ YOMA တို့နဲ့ ပူးတွဲ လုပ်နေတဲ့ fintech business ကို ဆက်ပြီး သက်တမ်းမတိုးတော့ဘူး လို့ ဆိုတယ်။ ရန်ကုန် မှာ ည မထွက်ရ အမိန့် က ည ၁၀ နာရီကနေ မနက် ၄ နာရီ အထိ ပြောင်းသွားတယ်။ တရုတ်ကုလ သံအမတ်က ပြည်တွင်းစစ်ဖြစ်နိုင်တယ် ဆိုပြီးပဲ ပြောနေတယ်။ လက်ရှိ ပြည်တွင်းစစ်ဖြစ်နေတာ ဘယ်လောက်ကြာပြီလဲ။ ဖက်ဒရယ်အစိုးရ တက်လာရင် လက်ရှိပြည်တွင်းစစ်တောင် ပြီးသွားမှာ မဟုတ်လား။

မေ ၅ ရက်နေ့။ ကနေ့ကတော့ မျက်လုံးပွင့်တာနဲ့ သတင်းကောင်းတန်းမြင်ရတာပဲ။ NUG က ပြည်သူ့ကာကွယ်ရေး တပ်မတော် People Defence Force က ဖွဲ့လိုက်တယ်လို့ စာထုတ်တယ်။ စစ်တပ် တခု ဖွဲ့ဖို့ဆိုတာ တော်တော်မလွယ်တဲ့ ကိစ္စပါ။ ဒီလိုမလွယ်တာကိုပဲ ဒီအချိန်အတွင်း အပြီးလုပ်ရတာ မပြီးပြည့်စုံတာတွေ ရှိနေမှာပါ။ ဒါပေမယ့် ဒီထက်ပိုပြီး မြန်မြန်ဖြစ်စေချင်တာပါ။ ပြည်သူအနေနဲ့လည်း ပြည်တွင်းစစ်ကို ခံနိုင်ဖို့ လုပ်ရဦးမယ်။ စစ်ဖြစ်ရင် ဒီထက် အများကြီး ဆိုးဖို့ရှိနေတယ်။ အပျက်လမ်းကိုပဲ သွားရမှာ။ ဒီကြားထဲ စစ်တပ်ဖွဲ့တာထက် နိုင်ငံတကာမှာ NUG ကို ရိုဟင်ဂျာ အရေးနဲ့ ပတ်သတ်ပြီး ဖိအားပေးနေကြတယ်။ ဒီကိစ္စကလည်း အကိုင်အတွယ်မတတ်ရင် တော်တော် ပြဿနာတက်မှာ။ စစ်သူပုန်တွေက ထွေအုပ်ကို ပြည်ထဲရေးလက်အောက်ကို ပြန်ပြောင်းလိုက်တယ်။ သူတို့ မြန်မြန်ပြုတ်မှပဲ အေးတော့မယ်။ ဒီပွဲက ကြာမယ်ဆိုတာ သိနေပေမယ့် တချို့ကိစ္စတွေကို ကျန်တဲ့သူတွေတော့မသိဘူး ကျွန်တော်တော့ စိတ်သိပ်မရှည်ဘူး ဖြစ်နေတယ်။ 

ရခိုင်အမျိုးသားပါတီ ANP က စစ်သူပုန်နဲ့ လက်တွဲဖြုတ်လိုက်ပြီလို့ ကြေညာလိုက်တယ်။ AA လည်း တိုက်ပွဲထဲ ပါလာပြီ။ ကွက်ခိုင်ကနေ မူဆယ်ဘက်သွားတဲ့ လမ်းနားမှာ KIA,AA,TNLA,MNDAA ပေါင်းပြီး စစ်သူပုန်တွေကို တိုက်ကြတယ်။ TNLA က ခုထိ ဘယ်ဘက်ကမှန်းကို မသိသေးဘူး။ သူနဲ့ AA ရဲ့ ရပ်တည်ချက်က တသီးတသန့်ဆန်တယ်။ TNLA နဲ့ RCSS တိုက်ပွဲဖြစ်တဲ့နေရာက ပြည်သူတွေရဲ့ အိမ်ခြေ ၁၀၀ ကျော် မီးလောင်ကုန်တယ်။ KNU နယ်မြေမှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေမှာ စစ်သူပုန်ဘက်က ၂၀၀ ကျော် ကျပြီး KNU ဘက်က ၉ ဦးကျတယ်လို့ KNU က သတင်းထုတ်တယ်။ 

ရန်ကုန်နဲ့ နယ်တွေ နေရာအနှံ့ ဗုံးပေါက်ကွဲမှု့တွေ ရှိနေတယ်။ ကျောင်းတွေ ကနေ့ ပြန်ဖွင့်တယ်။ တက်တဲ့သူ နည်းနည်းပဲ ရှိတယ်။ ကျောင်းရှေ့မှာလည်း စစ်ခွေးလက်နက်ကိုင်အစောင့်ရှိနေပြီး ကျောင်းလာတက်တဲ့ သူတွေကို စစ်ဆေးတာတွေ လုပ်တယ်။ ဘယ်သူက ကျောင်းတက်ချင်တော့မှာလဲ။ သူတို့ တက်ဖွင့်တဲ့ ပညာရေးစနစ်မှာ အာမခံချက်မှ မရှိတာ။ အရင်အစိုးကတုန်းက အခမဲ့ အခြေခံပညာရေးစနစ်ကို အခု စစ်သူပုန်တွေက ပိုက်ဆံကောက်တယ်။ ဒီလို ပညာရေးကို မြေတောင်မြှောက်ပေးတဲ့ အစိုးရကို ကြိုက်တဲ့သူတွေက ဘယ်လိုလူတွေလဲ ဆိုတာ တွေးစရာကို မလိုတာ။ 

မေ ၆ ရက်နေ့။ Aya ATM က ငွေထုတ်တာ တပါတ်ကို အရင်က ၁၀ သိန်းထုတ်လို့ ရတာကနေ ၃ သိန်းပဲ ထုတ်လို့ရတော့တယ်။ ငွေသား နည်းလာပြီ။ ရွှေဈေးကလည်း ကနေ့ ၁၅ သိန်းနားကပ်နေပြီ။ ကမ္ဘာ့ရွှေဈေးကလည်း တက်နေတယ်။ ပိုက်ဆံ အသစ်တွေ ရိုက်ထုတ်မယ် ဆိုတဲ့ သတင်းကြားရတယ်။ ရိုက်ထုတ်မယ် ဆိုတာထက် ရိုက်နေပြီလို့တောင် ကြားတယ်။ မကြေညာသေးတာပဲ ရှိတာနေမယ်။ ဆယ်တန်းအောင်တွေကို တက္ကသိုလ်တက်ဖို့ ဝင်ခွင့်လျှောက်လွာ တင်လို့ ရပြီ။ ပညာရေးက ဘယ်လို လာမလဲ။ ပြည်သူတွေကပဲ ကျောင်းမအပ်ပဲ နေနိုင်ကြပါ့မလား။ 



အရပ်သားကာကွယ်ရေးဝန်ကြီးဌာနအောက်မှာ ကာကွယ်ရေးဦးစီးချုပ်ကို ထားပြီး ပြည်တွင်းစစ်ကိုချုပ်ငြိမ်းဖို့ စစ်တိုင်း ၅ တိုင်းဖွဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ကို နှိမ်နင်းဖို့ ခြေလှမ်းစတင်လိုက်ပြီလို့  NUG ဒု ကာကွယ်ရေးဝန်ကြီး ဒေါ်ခင်မမမျိုးက အင်တာဗျူးမှာ ဖြေထားတယ်။ မြေပြင်မှာတော့ စစ်သူပုန်တွေရဲ့ အာဏာက ရှိနေပါသေးတယ်။ သူတို့လက်ထဲ သေနတ်ရှိနေတာကိုး။ ရန်ကုန်လို နေရာမှာလည်း သံပုံးတီးရင် သွားတိုင်တဲ့ ဒလံတွေက ရှိနေသေးတယ်။ ဒလံတွေကိုလည်း ဇာတ်လမ်းဖြတ်ဖို့ လုပ်ကြရဦးမယ်။ London မှာ မြန်မာ့အရေးအတွက် G7 meeting လုပ်တယ်။ ကနေ့ MRTV မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ရေးအရာရှိဟောင်း ဒေါက်တာတင်မာအောင်က စစ်သူပုန် အစည်းအဝေးတက်နေတာ တွေ့လိုက်ရတယ်။ 

KIA က ပြန်သိမ်းလိုက်တဲ့ အလောဘွမ်ကို စစ်သူပုန်တွေက အသည်းအသန်ပြန်တိုက်ယူနေတယ်။ စစ်ရေးအရ အရေးပါတဲ့နေရာဖြစ်လို့ အသည်းအသန်ပြန်တိုက်ယူနေတာ။ ရှမ်းမြောက်ကနေ ကချင်ပြည်နယ်ကို ဝင်တဲ့ လမ်းတကြောလုံးကို စိုးမိုးထားတယ်။ အဲ့တောင်ပေါ်ကနေ လက်နက်ကြီးနဲ့ ပစ်ရင် တော်တော် အသာစီးရနိုင်တာကိုး။ KNU နယ်မြေကိုလည်း BGF တပ်သားတွေ အလုံးအရင်း (၅၀၀ လို့ ပြောတယ်) ပို့ထားတယ်။ တချို့ပြောကြတာကတော့ BGF က KNU ကို  ပထဝီနိုင်ငံရေးကြောင့် တိုက်မှာမဟုတ်ဘူးပြောတယ်။ သောင်ရင်းမြစ်ကမ်းမှာ BGF ရဲ့ ကာစီနိုတွေရှိနေပြီး အဲ့နေရာပတ်ချာလည်မှာ KNU တပ်တွေချည်းပဲ ရှိနေတယ်။ ဆိုတော့ BGF က စစ်သူပုန်ကို ပြန်တိုက်မှာလားဆိုတော့ ပြန်တိုက်မှာမဟုတ်ဘူး။ သူလည်း ခြံစည်းရိုးခွထိုင်နေတာ။ 

မေ ၇ ရက်နေ့။ မြန်မာနိုင်ငံတချို့မြို့နယ်တွေမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ဖွဲ့လာကြတာတွေ့တယ်။ ကနေ့တော့ မြင်းခြံမှာလည်း စဖွဲ့ပြီလို့ ကြားတယ်။ မြင်းခြံက တော်လှန်ရေးရဲဘော်တွေနဲ့ အဆက်အသွယ်ပြတ်နေတာကြာပြီ။ အင်တာနက်က ရလိုက် မရလိုက်ဖြစ်နေတာကိုး။ စစ်ကောင်စီရဲ့ ဗဟိုဘဏ်နဲ့ ပုဂ္ဂလိကဘဏ်တွေ ဆွေးနွေးပွဲလုပ်တဲ့ meeting minutes တွေ တက်လာတယ်။ ဗဟိုဘဏ်ဖြေထားတာ အားရစရာ တခုမှကို မရှိတဲ့အပြင် ဘာမေးမေး ဘာမှကို ရေရေရာရာ မဖြေရှင်းနိုင်ဘူး။ ဒါပေမယ့် စစ်သူပုန်တွေ ခန့်ထားတဲ့ ဝန်ကြီးတွေက ဦးသိန်းစိန်လက်ထက်က လူတွေဖြစ်လို့ ဘယ်လိုနည်းလမ်းတွေသုံးရမယ် ဘယ်လိုကျော်ရခွရ ပေးရကမ်းရမယ် ဆိုတာ နောကျေအောင်သိနေကြတော့ စစ်သူပုန်အတွက် လိုအပ်တဲ့ ငွေကို မရမက ရအောင် ဖန်တီးကြမှာပဲ။ ဒီလူတွေကိုလည်း လျှော့တွက်လို့ မရဘူး။ နေရာအနှံ့ ဌာနအစုံက ဝန်ထမ်းတွေ နဲ့ ကျောင်းအစုံက ဆရာ ဆရာမတွေ အလုပ်ထုတ်ခံရတဲ့ စာတွေ ထွက်လာပြီ။ ဒီလူတွေ မရှိပဲနဲ့ ဘယ်လို နိုင်ငံကို တည်ဆောက်မလဲ ကြည့်ရသေးတာပေါ့။ အောက်ခြေထောက်တိုင်တွေကို သူတို့ကိုယ်တိုင်ရိုက်ချိုးတာပဲလေ။ မီဒီယာနဲ့ စာနယ်ဇင်းတွေကိုပါ စစ်သူပုန်တွေက လိုက်ပိတ်နေပြီ။ ကနေ့ဆို စာပေကင်ပေတိုင်လို့ ခေါ်ကြတဲ့ စာပေစိစစ်ရေးကို စစ်သူပုန်တွေက ပြန်ပြီး အသက်သွင်းကြတာတွေ့ရတယ်။ မနေ့က တွေ့ရတဲ့ ဒေါက်တာ တင်မာအောင် တက်တဲ့ အစည်းအဝေးက ရခိုင်ပြည်နယ် မြောက်ဦးကို ယူနက်စကို ဝင်ဖို့ အဆိုပြုလွှာတင်သွင်းတဲ့ အစည်းအဝေးလို့ သိရတယ်။ 

ထိုင်း-မြန်မာနယ်စပ်က ဥသုတ ခြေကုတ်စခန်းကို KNU နဲ့ AA ပေါင်းပြီး တိုက်ပွဲဆင်နွဲ သိမ်းပိုက်လိုက်ကြတယ်လို့ သတင်းတက်လာတယ်။ ဒီနေရာမှာ KNU နဲ့ AA ဘာလို့ ပေါင်းသွားတာလဲ ဆိုပြီး လိုက်ကြည့်တော့ သတင်း ၂ ခု တွေ့တယ်။ လူသိများတာက AA က KIA ထဲမှာ စခဲ့တာဆိုပေမယ့် တကယ်တမ်း ပထမဆုံး AA ကို training ပေးခဲ့တာ KNU ကလို့ သိရတယ်။ ဒါပေမယ့် KNU နယ်မြေထဲမှာ တခြား ရခိုင် EAO တဖွဲ့ ရှိနေလို့ AA က KIA ဘက်ကိုရွေ့သွားတာ။ အဲ့လို ရွေ့သွားပေမယ့် KNU ကို လိုအပ်ရင် AA တစ်ဖွဲ့က အကူအညီပေးဖို့ KNU နယ်မြေထဲမှာ အခုထိ ရှိနေတုန်းပဲတဲ့။ နောက်သတင်းတခုကကျတော့ KNU နဲ့ ပေါင်းတိုက်တဲ့ AA က ခုလူသိများတဲ့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ AA မဟုတ်ပဲ မင်းဇံဝေ ခေါင်းဆောင်တဲ့ ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော် ANC/AA ဖြစ်တယ်လို့ တွေ့ရတယ်။ 

မေ ၈ ရက်နေ့။ KIA သိမ်းထားတဲ့ တာဝါတိုင်စခန်းကို စစ်သူပုန်တွေက ပြန်သိမ်းတယ်။ KIA ကတော့ စစ်ဗျူဟာအရ နောက်ဆုတ်တာ လို့ ပြောတယ်။ KIA ဘက်ကို မသုံးရ တားမြစ်လက်နက်ဖြစ်တဲ့ ဓါတုလက်နက်တွေ သုံးပြီးဗုံးကျဲတယ်လို့  KIA က ဆိုတယ်။ မြို့နယ်တွေမှာ ပြည်သူ့စစ်ဥပဒေ ကို အသက်သွင်းမယ် ဆိုတာ ကြားလာရတယ်။ ရှေးခေတ်ကလိုဆို သူကြီးဘစီ လို အမိန့်တော်ရ နှစ်လုံးပြူးကိုင်ရတဲ့ သူကြီး တွေ ပေါ်လာတော့မယ် ပေါ့။ အရပ်သားကိုပဲ လက်နက်ပေးပြီး အုပ်ချုပ်ခိုင်းတော့မှာ မျိုးပေါ့။ YRTA ကို ဖျက်သိမ်းပြီး YPTC ဆိုပြီး လုပ်ပလိုက်တယ်။ ကွီးဖြိုးရဲ့ YBS ကြီးတော့ ပလုံသွားပြီ။ ဟိုကောင်တွေ လက်ထဲမှာတော့ ဗိုက်ပူကားကိုပဲ စီးရမှာ သိတယ်မလား။ မြို့ဝင်ကြေးကောက်ခံမှု့တွေကို ကုမ္ပဏီ လေလံ ပြန်ပေးမယ် လို့ မော်လမြိုင်က တစ်ယောက်က ပြောတယ်။ 

နိုင်ငံအနှံ့ ဆိုင်ကယ် အရောင်းဆိုင်တွေကို ပိတ်ပစ်တာ ဆိုင်ကယ်တွေ သိမ်းပစ်တာမျိုးတွေ တွေ့လာရတယ်။ နယ်စပ်မှာဆိုရင် ဆိုင်ကယ် တင်သွင်းခွင့် လိုင်စင်တွေကိုပါ ပိတ်လိုက်တယ်။ ပိုက်ဆံပေးပြီး ပြန်ရွေးခိုင်းတာတွေလည်းရှိတယ် လို့ ကြားတယ်။  ဒီ case  ၃ ခုကို ကြည့်ရင် ဒီကောင်တွေ လက်နက်နဲ့ ပိုက်ဆံကို မရ ရတဲ့ နည်းနဲ့ ရှာနေတော့တာ။

CRPH, NUG, PDF ကို အကြမ်းဖက်အုပ်စုအဖြစ် စစ်သူပုန် မီဒီယာ MRTV က ကြေညာတယ်။ NUG သမ္မတ ဒူဝါလရှီးလ က စစ်သူပုန်တွေနဲ့ ညှိနှိုင်းဖို့ မလုပ်တော့ဘူး လို့ ပြောတယ်။ ပြည်သူလူထု လိုလားတဲ့ အခြေအနေတရပ်မှသာ တွေ့ဆုံညှိနှိုင်းမှု့ကို လက်ခံမယ်လို့ ဆိုတယ်။ သမ္မတဦးဝင်းမြင့် အမှု့ကို ရှေ့နေနဲ့ လွဲမယ် ဆိုပြီး သတင်းတက်လာတယ်။ 

တက္ကသိုလ် ဆရာ ဆရာမ စုစုပေါင်း ၇၀၂၈ ယောက် တာဝန်က ရပ်နားခံရတယ်လို့ ဒေတာတွေက သိရတယ်။ ပညာရေးကို ဖျက်ဆီးတော့မယ်။ ဒီကောင်တွေက ပညာရေးနဲ့ ကျန်းမာရေး ဌာနကို အစာကြေတာ မဟုတ်ဘူး။ WHO ကနေပြီးတော့ စစ်သူပုန် အစိုးရ ကို အသိအမှတ်ပြုတဲ့ သဘောနဲ့ ကိုဗစ်အတွက် စာပို့လာတယ်။ နိုင်ငံတကာအဖွဲ့အစည်းတွေ လုပ်နေတဲ့ အချိုးတွေက ညာနဲ့ငြင်း ဘယ်နဲ့ ယူနေသလိုပဲ။ 

မေ ၉ ရက်နေ့။ ရွှေဈေးတက်လာတယ်။ ဒေါ်လာဈေးကလည်း ၁၆၀၀ ဖြစ်သွားတယ်။ ဘဝ မှာ ဒေါ်လာဈေးတက်တာ ဒီတခါပဲ မပျော်နိုင်ဖြစ်တာ။ စစ်သူပုန်တွေက တရုတ်ဆီက USD 2.5 ဘီလီယံ တန်ဖိုးရှိတဲ့ သဘာဝဓါတ်ငွေ့သုံး ဓါတ်အားပေးစက်ရုံ အပါအဝင် ပရောဂျက်တွေကို လက်မှတ်ထိုးပြီး အတည်ပြုလိုက်ပါပြီ။ လျှပ်စစ်နဲ့ တခြား ပရောဂျက်တွေမှ အများကြီးပဲ။ NUG နှေးနေရင် ခံရမယ်ဆိုတာ ဒီလိုဟာတွေပေါ့။ စစ်သူပုန်ဘက်က အကွက်ရွေ့တာ ပိုမြန်နေတယ်။ အာဏာရှင်တော်လှန်ရေး တပ်မတော် DRPA ဆိုတဲ့ အဖွဲ့ ပေါ်လာပြီး နိုင်ငံအနှံ့က ဗုံးပေါက်ကွဲမှု့တွေက သူတို့ လက်ချက်ဖြစ်တယ်လို့ ဝန်ခံလိုက်တယ်။ 

မေ ၁၀ ရက်နေ့။ မနေ့က ၁၆၀၀ ပဲ ရှိတဲ့ ဒေါ်လာဈေးက ကနေ့ ၁၇၀၀ အထိတက်သွားတယ်။ စစ်သူပုန်တွေက မီးရထား ကို ပြန်အသက်သွင်းနေပေမယ့် အရင်လို လည်ပတ်အောင် မလုပ်နိုင်သေးဘူး။ CDM ဝန်ထမ်းတွေကို ကိုဗစ်ကာလတုန်းက ထုတ်ချေးထားတဲ့ ချေးငွေ ၂ လစာကို အတင်းပြန်ဆပ်ခိုင်းနေပြီး မဆပ်ရင် အရေးယူမယ် ပြောနေပြီ။ ဘဏ်တွေကနေ ငွေသားထုတ်တာကို % ပေးပြီး ထုတ်နေကြတာတွေက အခုဆို ၁၀% အထိ ပေါက်နေတယ်။ ငွေကြေးအကြပ်အတည်းတွေက ဘာတွေ ဆက်ဖြစ်လာနိုင်မလဲ။ ငွေကြေးစနစ် ပြိုလဲသွားတော့မှာလား။ နယ်က လူ့အဖွဲ့အစည်းကတော့ အတူတူမျှရင်ဆိုင်မယ်လို့ ကျွန်တော် ထင်တယ်။ မြို့ကြီး ပြကြီးတွေမှာရော ဘယ်လို ဖြစ်သွားနိုင်မလဲတော့ မသိဘူး။ Facebook ပေါ်မှာ ပေါ်တင် ဗုံးခွဲမယ် ဆိုပြီး တင်လာတဲ့ အကောင့်တွေ တွေ့လာရတယ်။ ကနေ့ hot သွားတာက KNU ဥက္ကဋ္ဌ စောမူတူးစေဇိုး က တွေ့ဆုံဆွေးနွေးရေးနည်းလမ်းနဲ့ နိုင်ငံရေးပြဿနာကို အဖြေရှာရန်သဘောထား ရှိပါသည် ဆိုပြီး စာထုတ်လိုက်တာပဲ။ 

KNU နဲ့ BGF တိုက်ပွဲဖြစ်တယ်။ ၂ ဖက်လုံး အထိအခိုက်ရှိတယ်။ ရပ်ရွာတွေက စစ်သူပုန်ခန့်ထားတဲ့ ရပ်ကြေး အုပ်ကြီးတွေ အသတ်ခံရတဲ့ သတင်းတွေ အများကြီးတက်လာတယ်။ 



မေ ၁၁ ရက်နေ့။ ဒီနေ့ဆို ရက် ၁၀၀ ပြည့်ပြီ။ ဒီနေ့အထိ ကျဆုံးပြည်သူက ၇၈၀ ကျော်၊ ဖမ်းဆီးထိန်းသိမ်းခံရတာ မသန်စွမ်း ၁၃ ဦးအပါအဝင် ၃၈၀၀ ကျော်၊  ပုဒ်မ ၅၀၅ နဲ့ ဝရမ်းထုတ်ခံရတာ ၁၅၆၀ ကျော်။ အခေါက်ရွှေ တစ်ကျပ်သားကို ၁၆ သိန်း ၃ သောင်းကျော်အထိ ဈေးတွေထိုးတက်၊ ဝယ်လိုအားလည်း များပြီး ဘဏ်နဲ့ ငွေကြေးဈေးကွက်တစ်ခုလုံး ဖရိုဖရဲဖြစ်ကုန်တယ်။ ဒေါ်လာဈေးကလည်း ၁၇၀၀ လောက်အထိကို တက်သွားတယ်။ 92 ဓါတ်ဆီဈေးကလည်း ၆၅၀ ကနေ ၉၆၀ အထိ တက်သွားတယ်။ မြန်မာငွေသားရှားပါးလာတယ်။ FMI က ၂၀၂၁ အတွင်း အစုရှယ်ယာအမြတ်ငွေ ထုတ်မပေးကြောင်း ကြေညာတယ်။ Boycott လုပ်ကြဖို့သာပြောနေတာ။ မြန်မာဘီယာ ရောင်းအားက ကျမသွားဘူး။ အရင်အတိုင်းပဲ။ ဒီမိုး ဒီရေ ဒီလှေ ဒီလူတွေနဲ့တော့ လို့ပဲ ပြောချင်တော့တယ်။ NUG အနေနဲ့ နိုင်ငံတကာမှာပါ Defacto ယူနိုင်မှ ဖြစ်မယ်။ စစ်သူပုန်တွေက ဝါရှင်တန်သံရုံးက CDM ဝန်ထမ်းတွေနေရာမှာ လူစားလွတ်လိုက်တာတွေ အလုပ်ဝင်လာတာတွေ့ရတယ်။ အလောဘွမ်ကို စစ်သူပုန်တွေ မရမက ပြန်တိုက်နေတုန်းပဲ။ လေကြောင်းကို သုံးပြီး အင်နဲ့အားနဲ့ တိုက်နေတာ။ 

"နိုင်ငံရေးကို စစ်ရေးနဲ့ ဖြေရှင်းလို့ မရနိုင်ဘူးဆိုတာ ကျွန်တော်လည်း လက်ခံတယ်။ ဒါပေမယ့် ဒီနိုင်ငံရေးနည်းကို စစ်ရေးမပါပဲ ဖြေရှင်းလို့ မရဘူးလို့ ကျွန်တော်တော့ အဲ့လိုပဲ ယုံကြည်တယ်။"

ပဒိုစောမိုးမြင့် ( KNU အတွင်းရေးမှူး၊ သထုံခရိုင် )
မေ ၁၂ ရက်နေ့။ စစ်သူပုန်တွေ အထက်ပိုင်းမှာ ရာထူးအပြောင်းအရွေ့တွေရှိတယ်။ ဟိုတလောက ဖမ်းဆီးထိန်းသိမ်းခံရတယ်လို့ သတင်းထွက်လာတဲ့ ဗိုလ်ချုပ်ကြီးရာပြည့်က ပြည်ထောင်စုဝန်ကြီး ဖြစ်လာတယ်။ အထွေထွေအုပ်ချုပ်ရေးကို ပြည်ထဲရေးလက်အောက်ပြောင်းပြီးကတည်းက အစိုးရအဖွဲ့ရုံးက အခွံပဲ ကျန်တော့တယ်။

ငွေထုတ်မပေးနိုင်တော့လို့ အောင်ဘာလေ ထီတောင် ၂ လ မှ တကြိမ်ဖြစ်သွားပြီ။ ဘဏ်တွေမှာ ငွေထုတ်ရမလွယ်တော့ဘူး လို့သာဆိုတာ သူတို့ စစ်တပ်က ဘဘကြီးတွေ လက်မှတ်နဲ့ အကန့်အသတ်မရှိ ငွေတွေလာထုတ်နေတယ်ဆိုတဲ့ သတင်းကလည်း ဘဏ်အသိုင်းအဝိုင်းကြားမှာပြန့်နေတယ်။ ဗဟိုဘဏ်ကနေပြီး money changer တွေကိုပါ ၁ ဒေါ်လာကို ၁၆၄၅ ကျပ်နှုန်းနဲ့ ဒေါ်လာရောင်းပေးတော့မယ်။ ဒီနည်းနဲ့ ဒေါ်လာဈေးတက်နေတာကို ပြန်ချမယ် ဆိုပြီး ကြုံးဝါးနေတာ တွေ့တော့ ဘာပြောလို့ ပြောရမလဲတောင်မသိဘူး။ KBZ, Aya က ငွေသားဖော်တာ ကို ၁၁% အထိ ဈေးပေါက်နေတယ်။ ဒါတွေကလည်း ဘဏ်ထဲက လူတွေက လုပ်စားနေကြတာဆိုတော့ ဒါကြီး ပျောက်သွားဖို့လည်း လမ်းမမြင်ဘူး။

လိုအပ်နေတဲ့ ဆရာဝန် နေရာတွေမှာ ခန့်ဖို့ ဆရာဝန်တွေကို ကန်ထရိုက်စနစ်နဲ့ ခန့်မယ် လို့ စစ်သူပုန်တွေက ကြေညာတယ်။ အပြင်ဆရာဝန်တွေပါ CDM လုပ်ကြမလား ဆိုတာကတော့ စောင့်ကြည့်ရမှာပဲ။ ကျောင်းဆရာ ဆရာမတွေကိုလည်း နေ့စားနဲ့ ခန့်မယ်ဆိုပြီး အလုပ်ခေါ်စာ တင်ထားကြတာတွေ့တယ်။ ဘားအံနည်းပညာအထက်တန်းကျောင်းအုပ်ဆရာမကြီး ဒေါက်တာချိုယုမွန်ကို ဖေဖော်ဝါရီ ၅ ရက်နေ့မှာ ခဏဆိုပြီး ဖမ်းခေါ်သွားပြီး ကနေ့မှာတော့ ဘားအံအကျဉ်းထောင်မှာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၂ နှစ်ချမှတ်လိုက်တယ် လို့ သတင်းတက်လာတယ်။

US က NUG နဲ့ အတူတူအလုပ်တွဲလုပ်မယ် လို့ သတင်းထုတ်ပြန်တယ်။ တရားဝင်အစိုးရအဖြစ်သတ်မှတ်ကြောင်း ကြေညာမယ့်နေ့ကို စောင့်နေတာ ကျွန်တော်တယောက်တည်းတော့ မဟုတ်လောက်ဘူး ထင်တယ်။

မြင်းခြံနဲ့ တလုတ်မှာ ကနေ့ တော်တော်တိုက်ပွဲကြမ်းတယ်။ ပြည်သူ့ဘက်က လက်နက်နဲ့ လူတွေ မိသွားတယ်။ ပြည်တွင်းစစ်က တငွေ့ငွေ့နဲ့ စ လောင်နေပြီ။ ရန်ကုန်လို နေရာမှာ ဖြစ်ရင် မလွယ်ဘူးပဲ။ ရန်ကုန်က လူနေထူထပ်တယ်။ စစ်သူပုန်တွေက ဝါးလုံးသိမ်းရိုက်တဲ့ ကောင်တွေ ဆိုတော့ တကယ်ကို မလွယ်တာ။

မေ ၁၃ ရက်နေ့။ KNU အကြီးပိုင်းတချို့က NCA လမ်းစဉ်ကိုလိုက်ပြီး တွေ့ဆုံပါညှိနှိုင်းပါ ပြောနေကြတယ်။ ဒီနေ့ဆို ဥက္ကဋ္ဌစောရွှေမောင်က အဲ့လို စာမျိုးထပ်ထုတ်တယ်။ KNU ခမျာလည်း pressure ပိနေမယ် ဆိုတာ နားလည်တယ်။ မြန်မာစစ်တပ်က ဒီအချိန်ဟာ အင်အားအနည်းဆုံးအချိန်ပဲ။ နေရာတကာမှာ စစ်မျက်နှာတွေ ဖွင့်နေရတယ်။ ပြည်မမှာလည်း အုပ်ချုပ်ရေးအတွက် ကြိုးစားနေရတယ်။ ဒါ့ကြောင့် ဒီအချိန်မှာ အကုန် တပြိုင်နက်ဝိုင်းတိုက်ပြီး စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ရမှာ။ နောက်အမြင်မတော်တာတခုက NUG အနေနဲ့ ဒီအခွင့်အရေးကို အသုံးချပြီး EAO တွေနဲ့ အကျေအလည် ညှိပြီး စုပေါင်းတိုက်ပွဲဆင်နွဲရမှာကို။ ကျွန်တော်မြင်သလောက်တော့ NUG ကို လုံးဝ ထောက်ခံတာ KIA နဲ့ KNU ပဲရှိတယ်။ ဒါတောင် ခု KNU အထက်လူကြီးပိုင်းက စာတွေ ထုတ်လာတာ မြင်တဲ့အတိုင်းပဲ။

မနေ့က ဗဟိုဘဏ်က ဒေါ်လာထုတ်ရောင်းတာကို ငွေသားနဲ့ပဲ ဝယ်လို့ရတယ်။ ဘဏ် account transfer မရဘူးဆိုတော့ ဘာပြောရမှန်းတောင်မသိဘူး။ သူတို့ပဲ cash ငွေသားကို အသည်းအသန် လိုချင်နေကြတာပဲ ဆိုတာ သဘောတော့ပေါက်လာပြီ။ ဆိုတော့ ဒေါ်လာဈေးက ကျမလိုလိုနဲ့ညနေရောက်တော့ ပြန်တက်သွားတယ်။ ဟိုတလောကဖမ်းထားတဲ့ ဂျပန်သတင်းထောက် ကို ပြန်လွတ်ပေးပြီး ဂျပန်ကို ပြန်ပို့ပေးမယ်လို့ စစ်သူပုန်တွေ က ကြေညာတယ်။

မေ ၁၄ ရက်နေ့။ ချင်းပြည်နယ်က ရဲပြေးစာရင်း facebook ပေါ်တက်လာတယ်။ စာရင်းအရတော့ ၄၀၃ ယောက် ရှိတယ်။ မင်းတပ်မှာ တိုက်ပွဲတော်တော်ပြင်းတယ်။ ၂ရက်နဲ့ ၂ ည ဆက်တိုက်ကို ပစ်ကြတာ။ မင်းတပ်ကို အတော်ဖိနေပြီ။ အခြေအနေမကောင်းဘူးလို့ မြင်တယ်။ အဲ့လောက်ဖိနေမှတော့ ဘယ်လိုလုပ်ရတော့မလဲ။ စစ်အင်အား ၁၀၀၀ ကျော်အထိ သုံးပြီး ထိုးစစ်ဆင်မယ်တဲ့။ KNU အကြီးပိုင်းတွေ စာတွေထုတ်ကြတာနဲ့ပတ်သတ်ပြီး KNU က အသိတစ်ယောက်ကို မေးကြည့်တော့ စာထုတ်တာက ထုတ်တာပဲ တိုက်တာက တိုက်ရမှာပဲလို့ ပြန်ပြောတယ်။ KNU က ပြန်တိုက်တော့ ကရင်ပြည်သူတွေ ကြားက မြေစာပင်ဖြစ်တာပေါ့။ အဲ့တာ ပြည်မက ဗမာတွေကတော့ အင်တာနက်ပေါ်မှာပဲ တော်လှန်နေကြတုန်း။ အဲ့တာတွေကြောင့် ရန်ကုန်လို မြို့ကြီးမှာပါ တိုက်ပွဲတွေ ဖြစ်စေချင်နေတာ။ 

အရင်လို ညကျမှလေယာဉ်လက်မှတ်ဖြတ်ပြီး သွားချင်တဲ့နိုင်ငံသွားလို့မရတော့ဘူး။ ၁၀ ရက်ကြိုပြီး စာရင်းသွင်းမှ နိုင်ငံခြားကိုသွားလို့ရမယ် လို့ စာထွက်လာပြီ။ မီတာခတွေ ဆောင်ဖို့ကိုလည်း အတင်းဖိအားပေးနေတယ်။ မဆောင်ရင် မီးဖြတ်မယ် ဆိုပြီးတော့ပါ ပြောနေပြီ။ ဘဏ်တွေမှာ ငွေထုတ်ဖို့ တန်းစီကြတာ လူတွေက မနက်အစောကြီးကတည်းက လာပြီး တန်းစီကြ ငွေထုတ်ကြနဲ့။ အရင်က ဘဏ်တွေပြိုလဲဖို့က ၅၀/၅၀ ဆိုပေမယ့် ခုလို interest rate တိုးပေးတာတောင် ဘယ်သူမှ လာမအပ်ကြတော့တာ၊ ယုံကြည်မှု့တွေ မရှိကြတော့တာတွေကြောင့် ဘဏ်တွေပြိုလဲမယ့် ကိစ္စက ရှောင်လွှဲလို့ မရတော့ဘူး။ နောက်ပိုင်းမှာ ဘဏ်တွေပဲ ပေါင်းသွားကြမလား၊ အဖွဲ့အစည်းတွေကပဲ ဘဏ်တွေကို လာဝယ်မလား၊ ဗဟိုဘဏ်ကပဲ ဆက်ပြီး ခါးစည်းခံမလား ဆိုတာတော့ စောင့်ကြည့်ရမှာပဲ။ 



မေ ၁၅ ရက်နေ့။ ရွှေဘိုဈေးကြီး မီးလောင်တယ်။ ဈေးဘေးမှာ မီးသတ်ရုံးရှိတာကို မီးသတ်ကားကို သေနတ်နဲ့ ချိန်ထားပြီး မီးငြိမ်းသတ်ခွင့်မပေးလို့ လောင်ရတယ်လို့ မြို့ခံအသိက ပြောတယ်။ မန္တလေးက မင်းကွန်းဆရာတော်ဘုရားကြီးတည်ခဲ့တဲ့ နန်းတော်ရှေ့ ဇီဝိတသံဃဆေးရုံထဲကို စစ်ခွေးတွေ အတင်းဝင်ပြီး လူမမာ တစ်ယောက်၊ ဆရာဝန် တစ်ယောက်နဲ့ သူနာပြုတစ်ယောက် အပါအဝင် လူ ၆ ယောက်ကို ဖမ်းသွားတယ်။ ဗဟိုဘဏ်ရဲ့ ဒေါ်လာဈေးကျအောင် ဒေါ်လာတွေထုတ်ရောင်းတဲ့ ဆေးမြီးတိုက မခံလိုက်ဘူး။ ကနေ့ နေ့လည်မှာပဲ ဒေါ်လာဈေးက ၁၇၃၅ ပြန်ဖြစ်သွားတယ်။ ခင်ညွန့်လက်ထက်တုန်းကတော့ ဒေါ်လာဈေးတက်တာနဲ့ ဒေါ်လာရောင်းတဲ့သူတွေကို အကုန်လိုက်ဖမ်းတော့တာပဲ။ ဘဏ်တွေမှာ မြန်မာငွေတင်မကဘူး။ ဒေါ်လာအပ်ထားတဲ့သူတွေဆို ဒေါ်လာလည်း ထုတ်မရတော့ဘူး လို့ ကြားရတယ်။ ၅၀၀၀ $ သွားထုတ်တာ ၁၀၀၀ ပဲ ထုတ်ပေးတယ်။ ဒါတောင် အစုတ်တွေ ပဲ ရတယ်လို့ သတင်းကြားတယ်။ ဒီနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ဗဟိုဘဏ် ဒု ဥက္ကဋ္ဌ က ပြီးခဲ့တဲ့ အပါတ်တွေမှာ ပြည်သူက ကျပ်ငွေ ၂၀၀ ဘီလီယံ လာအပ်တယ် လို့ ပြောသွားပြီးမကြာပါဘူး ပုဂ္ဂလိကဘဏ်တစ်ခု က မဖြစ်နိုင်ပါဘူး ဆိုပြီး ပြန်ပြောတယ်။ စစ်သူပုန်ရဲ့ လူတွေနဲ့ ပြန်ဖွဲ့ထားတဲ့ UEC က ရွေးကောက်ပွဲ အတွက် နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံပွဲ ကို ၂၁ ရက်နေ့မှာ လုပ်မှာဖြစ်တဲ့အတွက် NLD ကိုပါဖိတ်ထားတယ် လို့ ပြောတယ်။ NLD က လူ အကုန်လုံးတော့ ထောင်ထဲ ဖမ်းထည့်ထားတာက ထားတာပေါ့။ တကယ့် အရှက်မရှိတဲ့ ကောင်တွေ။ NGO တချို့ စစ်သူပုန်တွေနဲ့ ပူးပေါင်းပြီး အလုပ်လုပ်နေကြပြီ။ ရန်ကုန် လှိုင်သာယာ မှာ ဂျပန်အကူအညီနဲ့ WFP (World Food Program) ကနေ စားနပ်ရိက္ခာတွေ ကနေ့စပြီး ဝေတယ်။ ပြည်သူတွေအတွက် အလှူခံနေတဲ့ သူတွေ တချို့ရဲ့ ဘဏ်အကောင့်တွေကို စစ်သူပုန်တွေက freeze လုပ်ပစ်တယ်။ 



မင်းတပ်မှာ မနက်ကတော့ စစ်တပ်ဘက်က တက်လာတဲ့ စစ်ကားတွေ စစ်ကူတွေကို ပြည်သူတွေက သိမ်းယူနိုင်ခဲ့တယ်။ ကုန်းကြောင်းကနေ မရတော့ စစ်သူပုန်တွေက လေကြောင်းကနေ စစ်ကူတွေ ပို့တယ်။ တပ်ရင်း ၂၇၄ က မြေပြင်မှာ တိုက်တယ်။ ရဟတ်ယာဉ်တွေနဲ့ ဗုံးတွေကျဲတယ်။ နေ့လည်ကျတော့ လက်နက်ကြီးတွေသုံးပြီး ချတယ်။ မြို့ထဲအတင်းဝင်လာပြီး တွေ့တဲ့လူကိုဖမ်း human shield လုပ်ပြီး မင်းတပ်မြို့ကို စစ်ခွေးတွေက သိမ်းလိုက်တယ်။ မင်းတပ် CDF ကတော့ human shield နဲ့ တခြားပြည်သူ့အိုးအိမ်တွေကို ထိခိုက်မှာ စိုးလို့ နောက်ဆုတ်ပေးလိုက်ရတာပါလို့ ပြောတယ်။ ဒီ case ကို ကြည့်ရင် နိုင်ငံအနှံ့ PDF ဖွဲ့တယ် ဆိုပြီး စာတွေထုတ်နေတာက အဓိပ္ပါယ် မရှိသလိုပဲ။ စာကျထုတ်တယ်။ တိုက်ပွဲတွေကို မမြင်ရသေးဘူး။ ပြီးတော့ မင်းတပ်ကိုဖိရင် တခြားနီးစပ်ရာတွေက ဝိုင်းပြီး တိုက်မှ ရမယ်။ ခုတော့ မင်းတပ် ကျသွားရပြီ။ NUG အနေနဲ့ ဘာလုပ်နေတယ် ဆိုတာကို ချပြတာလည်း မမြင်ရသေးဘူး။ လုပ်စရာရှိတာကို လုပ်မှ ရတော့မယ်။ ခုက နိုင်ငံရေးမဟုတ်တော့ဘူး။ စစ်ရေးဖြစ်သွားပြီ။ အချိန်နောက်ကျတာနဲ့ အသက်တွေ ပေးရတော့မယ်။ KIA ရဲ့ လိုင်ဇာ ကို စစ်သူပုန်တွေက ဖြတ် ၄ ဖြတ်နဲ့ ဖြတ်နေပြီ။ အစားအစာတောင် အတော်ရှားနေပြီလို့ သိရတယ်။ 
မေ ၁၆ ရက်နေ့။ ရွှေကူမှာ စစ်သူပုန်တွေရဲ့ ထောက်ပို့ သယ်တဲ့ သင်္ဘောကို KIA က ကြားဖြတ်ပစ်တယ်။ သင်္ဘောပေါ်က စစ်ခွေးတွေကလည်း ပြန်ပစ်တယ်။ ကချင်ဘက်မှာ မနေ့က မင်းတပ်ကို သိမ်းပြီးပေမယ့်လည်း တိုက်ပွဲတွေ ဆက်ဖြစ်နေတုန်းပဲ။ NUG ကတော့ မင်းတပ်က လူတွေနဲ့ ဆက်သွယ်ပြီးတော့ အားပေးစကားပြောတယ်လို့ ဆိုတယ်။ မင်းတပ် လူထုနဲ့ လက်တွေ့ကျကျပူးပေါင်းဖို့ နည်းလမ်းတွေ့ပြီလို့ NUG က ပြောတယ်။ Facebook ပေါ်က လူတွေကတော့ NUG ကို ဆဲကြတာက တဖွဲ့၊ ဆဲတဲ့ အဖွဲ့ကို ပြန်ဆဲတဲ့ အဖွဲ့က တဖွဲ့၊ ၂ ဖွဲ့လုံးကို ဆဲတဲ့ အဖွဲ့က တဖွဲ့ပေါ့။ NUG အနေနဲ့ စစ်ရေး ပြင်သင့်ပြီ လို့ ထင်တယ်။ စစ်ရေးအတွက် ပြင်နေတယ်လို့လည်း ကြားတယ်။ CRPH အလှူခံလို့ ရတဲ့ ငွေတွေက  US Law နဲ့ ငြိပြီး လက်နက်ဝယ်မရဖြစ်သွားတယ်လို့ ပြောတယ်။ အခုထိ EAO နယ်မြေမှာ သင်တန်းလာတက်တဲ့ သူတွေတောင် ကိုယ့်လက်နက်ကိုယ်တိုင် ဝယ်ပြီး ကိုင်နေရတယ်လို့ သတင်းလည်းကြားတယ်။ EAO တွေ ဆီ သင်တန်းလာတက်တယ် ဆိုတာမှာ အဖွဲ့တွေ အများကြီး ကွဲနေတာ တွေ့ရတယ်။ တချို့ကပဲ NUG ကာကွယ်ရေး လက်အောက် PDF မှာ ရှိနေတာ။ တချို့က ဘယ်ထဲမှ မပါပဲ တကယ် စစ်တိုက်ထွက်မှ ပူးပေါင်းပါဝင်ကြမယ့် အဖွဲ့တွေလည်း တွေ့နေရတယ်။ KNU ဘက်မှာ ဆို တပ်မဟာတွေက သူတို့ဟာသူတို့ သင်တန်းသားလက်ခံပြီး သင်ပေးနေတာတွေလည်း ရှိနေတယ်။ အဝေးပြေးလမ်းတွေမှာ အရင်က ကြပ်တဲ့ ဂိတ်တွေမှာ စစ်ခွေးသိပ်မရှိတော့ဘူး။ စစ်တဲ့ ခွေးတွေကလည်း လက်ဖက်ရည်ဖိုးတောင်းဖို့ ပိုစိတ်ဝင်စားတယ်။ ၁၆၈ မိုင်မှာတော့ အတော်စစ်တယ်။ မြို့ကြီးတွေ အဝင်အထွက်တော့ ဖိ စစ်နေတုန်းပဲ။ 

ဘဏ်က ငွေသားဖော်ဖို့အတွက် ကား showroom က ကားတွေကို mobile banking နဲ့ ငွေလွှဲပြီး ဝယ်တယ်၊ ပြီးရင် ၁၅ သိန်းလောက် အရှုံးခံပြီး ပြန်ရောင်းကြတယ်။ ရန်ကုန် ပန်းပဲတန်းက ကုန်ဈေးတန်းလမ်း အလယ်ဘလောက်မှာ မီးလောင်တယ်။ NUG က ဝန်ကြီးက လူငယ်မိုလို့လားမသိ။ အင်တာနက်ကို အကျိုးရှိရှိ အသုံးချနိုင်တာကိုတွေ့ရတယ်။ မအိသင်ဇာမောင် ပိုစ့်တင်ထားတာမှာ  KoBo Toolbox သုံးထားတာတွေ့တယ်။ စစ်သူပုန်တွေကတော့ သိတယ်မလား။ CD အခွေနဲ့ လူကိုယ်တိုင်လာပို့ခိုင်းပြီး တိုင်ပတ်နေတုန်း။ NUG အနေနဲ့ ၂၀၀၈ ကိုဖျက်သိမ်းပြီးတဲ့ နောက်မှာ ၁၉၈၂ နိုင်ငံသားဥပဒေကို ဖျက်ပြီး လူ့အခွင့်အရေးနဲ့ အညီ ခေတ်မီ ဥပဒေအသစ်ပြဌာန်းသင့်ပြီထင်တယ်။ မဟုတ်ရင် ရိုကိစ္စ၊ တိုင်းရင်းသား ကိစ္စ၊ ကိုးကွယ်တဲ့ ဘာသာကိစ္စနဲ့ မုန့်လုံးစက္ကူကပ်နေဦးမှာပဲ။ CDM သမားတွေကိုလည်း မြို့နယ်အလိုက် အကူအညီပေးမယ့် အဖွဲ့ ရှိမှ ရတော့မယ်။ လစာမရပဲ CDM သမား အတော်များများ ဒုက္ခရောက်နေကြပြီ။ ဒီနေရာမှာ CDM လုပ်ပေမယ့် ကိုယ်ပိုင်တခြားအလုပ်လည်း စ လုပ်သင့်ပြီ လို့ ကျွန်တော်ကတော့ မြင်တယ်။ CDM လုပ်ပြီး NUG အစိုးရ လစာ မျှော်နေကြတာလည်း ဟုတ်တော့ မဟုတ်သေးဘူးဗျ။ ရောမမှာ ပုပ်ရဟန်းမင်းကြီး ဦးဆောင်ပြီး မြန်မာနိုင်ငံအတွက် ဝတ်ပြုဆုတောင်းပွဲ လုပ်တယ်။ 
မေ ၁၇ ရက်နေ့။ ၅၀၅ နဲ့ ဝရမ်းထုတ်ခံထားရတဲ့ သူတွေကို ခံဝန်လက်မှတ်ထိုးပြီး အမှု့ပိတ်ပေးဖို့ သိန်း ၂၀၀ နဲ့ ဈေးကွက် ရှိနေတယ်လို့ ခေတ်သစ်သတင်းဌာနက ရေးလာတယ်။ NUG ရဲ့ ပညာရေးဝန်ကြီးဌာနကနေ ဆေးကျောင်းနောက်ဆုံးနှစ် အပိုင်း (ခ) သမားတွေအတွက် CME sessions တွေ စဖို့ စီစဉ်နေတယ်လို့ ကြေညာတယ်။ မင်းတပ် ကျသွားတော့ ဟားခါးနဲ့ တီးတိန်မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်။ စစ်သူပုန်နဲ့ သဘောတူညီမှု့ ယူထားတဲ့ EAO တွေရန်ကလည်း ရှိသေးတယ်။ ဒီကောင်တွေအတွက် ဒီအချိန်က နယ်မြေချဲ့ဖို့အတွက် အခွင့်ကောင်းပဲ။ PDF အနေနဲ့ အတော်သတိထားရမယ်။ TPDF နဲ့ SSPDF ကို အသည်းအသန်လိုက်ဖမ်းနေတယ်။ မိတာနဲ့ သတ်မယ့်သဘောမှာရှိတယ်။ ငါတို့လက်နက်ကိုင်နယ်မြေထဲ နောက်ထပ် လက်နက်ကိုင် အရှိမခံနိုင်ဘူး ဆိုတဲ့ mindset ကလည်း ရှိနေတာကိုး။ ချင်းတောင်ဘက်ကိုသာ ခေတ်မီလက်နက်တွေ တပ်ပေးလိုက်ရင် စစ်သူပုန် အတော်လေးကို အနေပျက်ပြီပဲ။ မြန်မာပြည်အနှံ့ကို စစ်မျက်နှာဖွင့်နေရတဲ့ စစ်သူပုန်တွေဟာ နောက်ထပ် စစ်မျက်နှာ အသစ်ဖွင့်လာဖို့ နေရာ ရှိလာရင် ဘယ်လို လုပ်မလဲ တွေးမိတယ်။ ပြောသာပြောရတာ ပြင်ဦးလွင်မှာ ရှိနေတဲ့ စစ်ခွေးအင်အားကလည်း နည်းတော့မနည်းဘူး။ ဒီကောင်တွေ မသုံးသေးပဲ ချန်ထားတဲ့ စစ်အင်အားတွေလည်း ရှိနေသေးတယ်။ PDF သာ ဒီ စစ်ပွဲထဲ ဝင်လာပြီး မြို့တစ်မြို့ စ နှစ်မြို့စ ကို သိမ်းနိုင်သွားရင် တောက်လျှောက် မြို့သိမ်းတိုက်ပွဲတွေ မြင်လာရဖို့ ရှိတယ်။ KBZ က တချို့ ATM တွေမှာ ၁၈ ရက်နေ့ကစပြီး ငွေလာမဖြည့်တော့ပါ ဆိုပြီး စာတွေ ကပ်ထားတယ်။ 

UN က နောက်ဆုံးမှာတော့ General Assembly လုပ်တော့မယ်။ ၁၈ ရက် နေ့လည်လောက်ဆို အဖြေသိရမှာပေါ့။ တရုတ်က ပိတ်ထားလို့ အချိန်တခုအထိ စောင့်ကြည့်နေခဲ့ပြီး တိုးတက်မှု့မရှိလာတာကြောင့် ဗြိတိန်နဲ့ အမေရိကန်က GA ခေါ်ဖို့ အဆိုပြုခဲ့တာပါတဲ့။ GA မှာ ဗီတိုအာဏာသုံးလို့ရမှာ မဟုတ်ပဲ နိုင်ငံ ၁၉၃ နိုင်ငံက လွတ်လွတ်လပ်လပ် မဲပေးပြီး မဲများတဲ့ဖက် ရဲ့ တောင်းဆိုချက်ကို လိုက်နာရမှာပါ။ တောင်ကိုရီးယား အပါအဝင် ၄၈ နိုင်ငံ ရေးဆွဲထားတဲ့ Draft ကို မဲခွဲမယ်လို့ သိရတယ်။ Draft မှာက
၁။ လက်နက်ရောင်းဝယ် ပိတ်ပင်ရေး
၂။အဖမ်းဆီးခံခေါင်းဆောင်များ ချွင်းချက်မရှိ လွှတ်ပေးရေး
၃။ အကြမ်းဖက်မှု့ ရပ်တန့်ရေး
၄။ Sate of emergency ကို ရုပ်သိမ်းပေးရေး တို့ ပါဝင်ပါတယ်။ မဲခွဲလို့ အနိုင်ရရင် ဒီအပြေးပြိုင်ပွဲ က ခရီးပို တို လာမှာ သေချာတယ်။

မေ ၁၈ ရက်နေ့။ မနေ့က GA အစည်းအဝေးက Cancel ဖြစ်သွားတယ်။ ရက်ရွေ့လိုက်တယ် ဆိုပေမယ့် ဘယ်နေ့ ရွေ့လိုက်တယ် ဆိုတာ မထုတ်ပြန်ဘူး။ စစ်သူပုန်တွေ ပြောတဲ့ မဲမသမာမှု့ က မရှိခဲ့ပါဘူးလို့ Asian Network for Free Election က သူတို့ရဲ့ လေ့လာချက် နောက်ဆုံးအစီရင်ခံစာထဲမှာ ထုတ်ပြန်လိုက်တယ်။ တကယ့်တော့ ဒီဟာကြီးက အစောကြီးကတည်းက စစ်သူပုန်တွေ စစ်ခွေးတွေကို ခိုင်းလို့ကောင်းအောင် ပြဇာတ်တိုက်ထားတဲ့ ဟာ ဆိုတာ လူတွေ အကုန်လုံးသိနေကြတာပဲ။ စစ်ခွေးတွေကတော့ ဒီဝါဒကြီးကို တကယ်ယုံကြတာပေါ့။ တချို့ဘဏ်တွေမှာ ပိုက်ဆံလာထုတ်တာကို အကြွေတွေ ပဲ ထုတ်ပေးနေတယ်။ မယူလို့လည်းမရဘူး။ စစ်သား စစ်ဗိုလ်တွေ လစာကို ထုတ်မပေးတော့ပဲ ဘဏ်မှာပဲ သိမ်းထားတော့မယ် ဆိုပြီး ကြားနေပေမယ့် ဒီသတင်းကတော့ သိပ်မသေချာဘူး လို့ ယူဆတယ်။ 
ရှမ်းမြောက်မှာ လေယာဉ်ဆီတင်လာတဲ့ စစ်သူပုန်တွေရဲ့ဆီဘောက်ဆာကားတွေကို KIA က ကြားက ဖြတ်ပြီး တိုက်ခိုက်တယ်။ နှစ်ရက်အတွင်း ၇ စီး ပစ်ခံရတယ်လို့ ဆိုတယ်။ မဒန်ယန်ကျေးရွာဘက်ကို စစ်သူပုန်တွေက လေကြောင်းကရော လက်နက်ကြီးနဲ့ရော အလုံးအရင်းနဲ့ ဝင်တိုက်လို့ KIA က တပ်ပြန်ဆုတ်လိုက်ရတယ်။ မင်းတပ်မြို့ကို စစ်သူပုန်တွေက သောက်သုံးရေဖြတ်လိုက်တယ်။ မြို့ထဲကိုလည်း အိမ်တွေထဲဝင်ပြီး အကုန်ဖျက်ဆီးပစ်တယ်။ ဒီအတိုင်းဆို မလွယ်ဘူး။ မင်းတပ် ကနေ တပ်တွေ ပြန်ခွာအောင်လုပ်မှပဲ ရမယ်။ တခြားဘာနည်းလမ်း ရှိဦးမလဲတော့မသိဘူး။ 
ရန်ကုန် လမ်းမတော်က အုပ်ချုပ်ရေးမှုးရုံး ဗုံးပေါက်တယ်။ အုပ်ကြီးလည်း သေနတ်နဲ့ ပစ်ခံရပြီး သေတယ်။ အခင်းဖြစ်တဲ့နေရာကို ရဲတွေ မနည်းဘူးပဲ ကို ရောက်လာတာ။ ဖြစ်စဉ်ကို ကြည့်ရတော့ မနက်အစောပိုင်းမှာ အုပ်ကြီးရုံးကို ဗုံးခွဲလိုက်တယ်။ အုပ်ကြီးက အိမ်ထဲက ထွက်လာတယ်။ အုပ်ကြီးကို သေနတ်နဲ့ ပစ်သတ်လိုက်တယ်။ ရဲတွေရောက်လာတယ်။ ထပ်ပြီး ဗုံးထပ်ခွဲလိုက်တယ်။ စစ်သူပုန်တွေရင်ဆိုင်နေရတာ ဇိုးတွေ မဟုတ်ဘူး။ ပုံမှန်ဆိုရင် ကွန်ပျူတာရှေ့မှာ ရုံးခန်းထဲမှာ စီးပွားရေးလုပ်နေတဲ့ သူတွေက ခေတ်ရဲ့လိုအပ်ချက်အရ ဇိုးထွက်လုပ်နေရတာကိုး။ သိတယ်မလား။ ပညာတတ်တဲ့သူတွေ ကြမ်းရင် ပိုဆိုးတယ်။ ပညာတတ်တဲ့သူတွေ မိုက်ရင် ပိုကြောက်ရတယ်။ စစ်သူပုန်တွေ အကျွမ်းကျင်ဆုံးက လူသတ်တာ ဆိုပေမယ့် သူတို့ထက်သာတဲ့ လူတွေ လူသတ်တဲ့အခါ သူတို့ ယှဉ်လို့ရမှာ မဟုတ်ဘူး။ ဒါက အစပဲ ရှိသေးတယ်။ နောက်ကျရင် အဲ့ထက် အကွက် လှလှ လေးတွေ ကစားလာလိမ့်မယ်လို့ တွေးမိတယ်။ 
မေ ၁၉ ရက်နေ့။ ကနေ့တော့ အကုန်လုံးငြိမ်နေကျတယ်။ ငြိိမ်နေကြတော့လည်း ပျင်းစရာကြီး။ မီတာခတွေ သွားဆောင်ကြတော့ မီတာမဆောင်တဲ့အိမ်တွေ မီးဖြတ်တာပေါ့။ လူညီချက်က အားရစရာကြီး။ ဈေးဝယ်ရင် ကဒ်နဲ့ ရှင်းလို့ရတဲ့ ဆိုင်တွေကနေ့ ညနေပိုင်းမှာ error တက်နေတယ်။ 2C2P က ပြဿနာတက်နေတာထင်တယ်။ ဒီအတိုင်းဆို ငွေသားက ပိုပြီး မရှိမဖြစ် ကို လိုလာပြီ။ မြဝတီ-မဲဆောက် တံတားမှာ မြန်မာဘက်ကနေ အခွန်စကောက်တယ်။ ကုန်ဈေးနှုန်းတွေ ဒီထက် တက်လာတော့မယ်။ State ကျောင်းတွေကို ၂၅ ရက်နေ့မှာ ကျောင်းအပ်လက်ခံတော့မယ်။ တက္ကသိုလ်တွေကတော့ တက်မယ့်သူတွေ နည်းတာ အသိသာကြီး။ State တွေလည်း နည်းမယ်လို့တော့ ထင်ရတာပဲ။ စစ်သူပုန်တွေက KNU တပ်မဟာတွေ ဆီမှာ လူငယ်တွေကို စစ်သင်တန်းပေးနေတာ ကို ကန့်ကွက်ကြောင်းစာထုတ်တယ်။ ပဲခူးတိုင်း ဒိုက်ဦး ကို စစ်အုပ်ချုပ်ရေး ကြေညာတယ်။
တကယ်တော့ ဒီမှာသာ စာရေးနေတာ။ Facebook ပေါ်က သတင်းတွေနဲ့ မြေပြင်မှာ ဖြစ်နေတာတွေက နည်းနည်းတော့လွဲနေတယ်။  တကယ့်အဖြစ်မှန်က အဲ့ဒီ နှစ်ခုကြားမှာရောက်နေတယ်။ လွဲနေတယ် ဆိုတာက Social Media မှာ motivation တက်အောင်ရေးတာ များတယ်။ Expectation တက်အောင်ကတော့ ရေးကြမှာပဲ။ ဒီပွဲမှာ expectation တက်အောင်လုပ်နေမှ ဖြစ်မှာ။ Expectation မြင့်တဲ့သူက အနိုင်ရမယ် ဆိုတာ ဟိုဘက်ကရာ ဒီဘက်ကရော သိနေကြတာကိုး။ မြေပြင်မှာတော့ စစ်သူပုန်တွေက လက်နက်နဲ့ ဆိုတော့ အာဏာသက်ရောက်တာပေါ့။ ဆိုတော့ မြို့သိမ်းတိုက်ပွဲတွေကို ပြည်သူတွေက မျှော်လင့်တာလည်း မပြောနဲ့။ ဒါပေမယ့် မြို့သိမ်းတိုက်ပွဲတွေ ဖြစ်လာရင် ပျက်ဆီးဆုံးရှုံးတာတွေကိုလည်း ထည့်တွက်ရမယ်။ အဲ့ဒဏ်တွေကိုလည်း ခံနိုင်ဖို့လိုတယ်။

မေ ၂၀ ရက်နေ့။ ဖုန်းပြောတာတွေ SMS ပို့တာတွေကို စစ်သူပုန်တွေက ကြားဖြတ်နားထောင်နေတယ် လို့ သတင်းတွေတက်လာတယ်။ ကျွန်တော့်သူငယ်ချင်းတယောက်က Facebook ကို (တနည်းနည်းနဲ့ပေါ့) လှမ်းမေးကြည့်တဲ့အခါမှာလည်း Profile lock ချတာ ဖြစ်ပါစေ Facebook မှာ ရှိနေတဲ့ စစ်သူပုန်ဘက်က လူတွေကနေတဆင့် personal data တွေကို လိုက်စုံစမ်းလို့ ရနေတယ် ဆိုတော့ Facebook သုံးရတာ လုံးဝကို မလုံခြုံတော့ဘူး။ လူတွေအကုန်လုံ ဖြစ်စေချင်နေတဲ့ NUG ရဲ့ အနေအထားက Turning Point ကို ရောက်နေပြီး အသာစီးရနေသင့်တာ။ ခုက လှုပ်ရှားတာ နှေးလွန်းနေတယ်။ ဖက်ဒရယ် ဥပဒေ အချောကိုလည်း ဒီဇင်ဘာလောက်အပြီး ဆွဲမယ့် ဥပဒေရေးရာကော်မရှင်ကို ဖွဲ့စည်းတယ်လို့ စာထုတ်တယ်။ ဒီကိစ္စကိုလည်း facebook မှာ စာအရှည်ကြီးတွေနဲ့ ပြန်ရှင်းထားကြတယ်။ NUG ကို ပြည်သူတွေ တွန်းနေတယ်ဆိုတာက ကြာလာရင် လုံးပါးပါးသွားမှာစိုးလို့။
စစ်သူပုန်တွေခေါင်းဆောင် မိအောင်လှိုင်ကတော့ ပြီးခဲတဲ့ ဧပြီ မှာ အသက် ၆၅ နှစ်ပြည့်ခဲ့ပြီ ဆိုပေမယ့် ကနေ့မှာတော့ တပ်ချုပ်ရာထူး အသက်ကန့်သတ်ချက်ကိုလည်း ပယ်ဖျက်လိုက်တယ် လို့ ကြေညာတယ်။ ထူးဆန်းပါပေ့ ဆြာတွတ်ရယ် လို့ ဆရာဆွေမင်းဓနုဖြူ ပြောသလိုပဲ ပြောရတော့မယ်။ နိုင်ငံအနှံ့လှူနေတဲ့ ငွေကြေးတွေကို လိုက်စုံစမ်းယုံတင်မကဘူး။ ဖမ်းတာဆီးတာတွေပါလုပ်နေတယ်။ မနက်ဘက် ဘဏ်မှာ ငွေများများထုတ်သွားရင် ညနေဘက် အိမ်ထိလာပြီး စစ်ဆေးတာတွေပါတွေ့နေရတယ်။ ကျောင်းတွေလည်း ပြန်ဖွင့်မှာလား။ ဖွင့်ရဲပါ့မလားပဲ။ ကွီးဖြိုးရဲ့ YBS ကတော့ မြောင်းထဲ ရောက်သွားပြီ။ ရန်ကုန်မှာ ဘတ်စ်ကားတွေ အတွက် လူအသစ်တွေနဲ့ ဌာနအသစ်တွေပြန်ဖွဲ့တယ် ဆိုပြီး စာထုတ်တယ်။
မေ ၂၂ ရက်နေ့။ KIA က ခန္တီးရတနာမြေ နမ်စီပွန် မှာ ထိုးစစ်ဆင်တယ်။ ကယားမှာတော့ စစ်သူပုန်တွေက ပြည်သူ့စစ် PNO တွေနဲ့ လတ်တလော အင်အားဖြည့်ဖို့ ပြင်နေတယ်။ ဒီးမောဆိုး မှာ တိုက်ပွဲတွေဖြစ်ကြတော့ Free Burma Ranger အဖွဲ့ကပါ ပူးပေါင်းပြီး တိုက်ပွဲဝင်တယ် ဆိုတဲ့ သတင်းကြားတော့ နည်းနည်းတော့ အံ့အားသင့်သွားတယ်။ တကယ်က သူတို့ကို ဒီတိုက်ပွဲမှာ ရှေ့တန်းက မပါပဲ support တနေရာရာကနေပဲ ပါမယ်လို့ ထင်ထားခဲ့တာ။ ကျွန်တော်ထင်တာလွဲသွားတယ်။ တခုရှိတာက FBR က စစ်သင်တန်းတွေပေးနေတာတော့ ရှိတယ်။ ဆိုတော့ သင်တန်းဆင်းလူငယ်တွေ လက်စွမ်းဝင်ပြတယ်လို့လည်း ထင်တယ်။ ချင်းပြည်နယ်မှာ ချင်းလူမျိုး ရဲသားတွေ CDM မှာ ပူးပေါင်းပြီး ပြည်သူနဲ့ အတူပူးပေါင်းကုန်ကြတယ်။ ရန်ကုန် စမ်းချောင်း ထွေအုပ်ရုံးရှေ့မှာတော့ သဲအိတ်တွေချထားပြီး ကာကွယ်ရေးလုပ်ထားတယ်။ စမ်းချောင်းမှာ စက်သေနတ်နဲ့ ပစ်တယ်ခတ်ကြ ဖြစ်တယ် လို့ ပြောသံကြားတယ်။ ကနေ့ hot တာကတော့ သုဝဏ္ဏပန်းခြံရှေ့မှာ ကားနဲ့ လာပြီး စစ်ခွေးတွေနဲ့ ပစ်ကြခတ်ကြတာပဲ။ လူတွေကလည်းခက်တယ်။ ကားနဲ့လာပစ်တာကို ကားကို ဘာကားနဲ့ ဆိုတာကို facebook ပေါ်တင်ကြတယ်။ ပြည်သူတင်မကဘူး။ သတင်းဌာနတွေကလည်း တင်ကြတာပဲ။ ဒီလူတွေနဲ့ ဒီလှေနဲ့ ဟုတ်တော့ဟုတ်နေတာပဲ။ ကိုယ်တိုင် ဒလံ ဖြစ်မှန်းမသိ ဖြစ်ကုန်ကြတာ။ စစ်သူပုန်တွေကလည်း သိသိချင်း မြေလှန်ပြီး ရှာတာပဲ။ 
စစ်သူပုန်တွေဘက်ကလည်း ရွေးကောက်ပွဲ အသစ်လုပ်ဖို့ စိုင်းပြင်းနေတယ်။ သူတို့အတွက် ၂၀၂၀ ရွေးကောက်ပွဲဆိုတာ မရှိတော့ဘူး။ de facto ကနေ de jure ဖြစ်အောင် လုပ်နေတာလို့ မြင်တယ်။ 

မေ ၂၃ ရက်နေ့။ ဂျပန်နဲ့ မြန်မာကို ဆွဲနေတဲ့ ANA လေကြောင်းက ၆ လပိုင်း ၄ ရက်နေ့နောက်ပိုင်း ဆက်မဆွဲတော့ဘူး။ မြန်မာမှာ လေယာဉ်ဆီဖြည့်လို့ မရတော့လို့တဲ့။ စစ်သူပုန်တွေမှာ လေယာဉ်ဆီ မရှိတော့ဘူး ဆိုပေမယ့် တရုတ်ကနေသွင်းနေတဲ့ လေယာဉ်ဆီတော့ ရှိနေမယ်ထင်တယ်။ ရန်ကုန် ကြည့်မြင့်တိုင်မှာတော့ HiJet ကားနဲ့ ရဲတွေ ကင်းလှည့်နေကြတယ်။  ကနေ့ တိုက်ပွဲကတော့ ကယားပဲ။ ပြီးခဲ့တဲ့ ဆယ်စုနှစ်တခုလုံး တိုက်ပွဲမဖြစ်ခဲ့တဲ့ ကယားက အတော်ပြင်ဆင်ပြီးမှ တိုက်ပွဲခေါ်တော့ အနိုင်ရတယ်။ တိုက်ပွဲ ၂ နာရီ အတွင်း မိုးဗြဲ ရဲစခန်း သိမ်းနိုင်တယ်။ သိပ်မကြာဘူး။ တင့်ကားတွေရော လေကြောင်းတွေရော ကယားကို စစ်သူပုန်တွေက စစ်ကူပို့လာတယ်။ PNO ကလည်း စစ်သူပုန်တွေဘက်က ဝင်တိုက်တယ် လို့ ပြောတယ်။ NUG အနေနဲ့လည်း လက်နက်တင်သွင်းဖို့ တော်တော် တိုင်ပတ်နေတယ်လို့ ကြားရတယ်။ NUG က PDF နဲ့ပတ်သတ်ပြီး Chain of Command တွေ ROE တွေ ထုတ်ပြန်တယ်။ 

မေ ၂၄ ရက်နေ့။ ကယားမှာ လက်နက်ကိုင် ပြည်သူကို မနိုင်တော့ စစ်ခွေးတွေက ရွာထဲက သူ့ဟာသူနေနေတဲ့ ပြည်သူတွေကို ပစ်လို့ ရွာထဲက လူတွေ အကုန် ထွက်ပြေးနေရတယ်။ ငွေတောင်ကို အင်အားဖြည့်ဖို့သွားတဲ့ စစ်သူပုန်တွေနဲ့ တင့်ကားတွေကို KPDF က မိုင်းခွဲတိုက်ခိုက်လို့ ပြန်ဆုတ်သွားကြတယ်။  ကနေ့ ဖမ်းထားတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့် ကို ရုံးထုတ်တယ်။ ကနေ့ တစ်နိုင်ငံလုံးက ကျောင်းတွေ ကျောင်းအပ်လက်ခံတယ်။ ကျောင်းလာအပ်တဲ့သူနည်းတယ်။ အပ်တဲ့သူ လုံးဝ မရှိတာတော့ မဟုတ်ဘူး။ ရှိတော့ ရှိတယ်။ နည်းတာ။ 

မေ ၂၅ ရက်နေ့။ မိုးဗြဲ၊ ဖယ်ခုံ နဲ့ လွိုင်ကော်မြို့တွေမှာ တနေကုန် ဟိုနားတိုက်ပွဲဖြစ်လိုက် ဒီနားတိုက်ပွဲ ဖြစ်လိုက်နဲ့။ စစ်သူပုန်တွေဘက်ကလည်း လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်တယ်။ ချင်းပြည်နယ် ကျသွားပြီးတော့ ကယားပြည်နယ်လည်း ကျသွားမှာ ကျွန်တော် ကြောက်နေတယ်။ ရဲစခန်းတွေ ကျတာ များလာလို့ စစ်သူပုန်တွေရဲ့ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်ကြီး စိုးထွဋ် လွိုင်ကော်ကိုရောက်လာတယ်။ PNO ကတော့ စစ်သူပုန်တွေဘက်က တိုက်ရတာ မဟုတ်ပါဘူးလို့ ကြေညာတယ်။ ကယားဒေသခံတွေကတော့ PNO တွေ က စစ်သူပုန်တွေရဲ့ လေတပ်နဲ့ အတူ လိုက်ပါလာတယ်လို့ ပြောနေကြတာ တွေ့တယ်။ 
ကနေ့ ၂၀၀၈ စာအုပ်အစိမ်းကြီးကို ပြုစုရေးသားအကြံပေးခဲ့တဲ့ တရားသူကြီးချုပ် ဦးအောင်တိုး ဆုံးတယ်။ သူမသေခင် သူရေးခဲ့တာကြီး ပျက်သွားတာ သိလိုက်ရမယ် ဆိုတော့ ကောင်းတော့ ကောင်းတယ်။ ဒေါ်လာဈေးတွေ ရွှေဈေးတွေ ပြန်ကျလာတယ်။ အဝယ်မရှိတော့လို့ ကျတာ။ ဝယ်စရာ ပိုက်ဆံလည်း မရှိကြတော့ဘူး ထင်တယ်။ 
ဟိုတလောက ကျွန်တော်ပြောခဲ့သလိုပဲ။ ဒေါက်တာဆာဆာ ကို အစိုးရ protocol နဲ့ မကိုက်ပဲ မစဉ်းစားပဲ statement တွေ ထ ထုတ်လို့ဆိုပြီး လူအတော်များများက ပြောနေကြပြီ။ NUG က လုပ်မယ့် ပညာရေးစနစ်ကို နိုင်ငံတကာက အသိအမှတ်ပြုဖို့ လုပ်နေတယ် လို့ ကြားတယ်။ မကြာခင်မှာ Home School မူဝါဒတွေကို နိုင်ငံတကာ အဆင့်မှီ ဖြစ်အောင် ပြုစုပြီး ထုတ်ပြန်မယ်ပေါ့။  စစ်သူပုန်တွေကတော့ ကျောင်းတွေ ဇွတ်ဖွင့်ပြီး နိုင်ငံကြီး တည်ငြိမ်အေးချမ်းတယ် ဆိုတာကိုပဲ နိုင်ငံတကာကို ပြချင်နေကြတာ။ ကိုဗစ်လည်း သူတို့ ဂရုစိုက်တာမဟုတ်ဘူး။ ဆိုတော့ စစ်သူပုန်တွေက တကယ် ပညာတတ်စေချင်လို့ မှ မဟုတ်တာ။ NUG က လုပ်မယ့် ပညာရေး စနစ်ကို ဖျက်ဆီးလိမ့်မယ်။ ခန့်မယ့် ဆရာ ဆရာမတွေကိုလည်း ဖမ်းတာ ပြုတာတွေ လုပ်မယ် လို့ ကျွန်တော် ထင်တယ်။ NUG ကို တရားဝင် အသိအမှတ်ပြုတာဆိုလို့ ချက်သမ္မတ နိုင်ငံ တခုပဲ ရှိသေးတယ်။ 

မေ ၂၆ ရက်နေ့။ လွိုင်လင်ဘက်မှာ ထီးစဲခါးရွာ ရဲစခန်းကို KPDF က သိမ်းတယ်။ မင်းတပ်နဲ့ မြင်းခြံက တပ်တွေ အခြေအနေ ဘာမှ မကြားရတော့ဘူး။ မြင်းခြံ က အဖွဲ့ကတော့ ပြန်ဆုတ်ပြီး လှုပ်ရှားနေတယ် လို့ ကြားတယ်။

KIA က NUG ရဲ့ လုပ်ဆောင်တာတွေကို ကျေနပ်အားရမှု့ မရှိဘူးလို့ ပြောတယ်။ NUG က စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်တွေ ကို ထုတ်ပြန်တယ်။ NUG က ဆေးကျောင်း နောက်ဆုံးနှစ် အပိုင်း (ခ) ကျောင်းသား/သူ တွေ အတွက် ZOOM ကနေ စာသင်ပေးဖို့ စပြီ။ UK က မြန်မာဆရာဝန် consultant တွေ ဦးဆောင်တယ် လို့ ကြေညာတယ်။ စစ်သူပုန်တွေ ထုတ်တဲ့ ကြေးမုံနဲ့ မြန်မာ့အလင်း သတင်းစာတွေကို အရင် က ISSUU website မှာ ဖတ်လို့ ရနေတာနေ အခုတော့ ISSUU က ဖျက်ချလိုက်တယ်။ ဆက်ပြီး တင်ခွင့် မပေးတော့ဘူး။ WHO ရဲ့ ၇၄ ကြိမ်မြောက် နှစ်ပတ်လည် ညီလာခံမှာ ဘယ်အစိုးရ ကို ခေါ်ရမှန်းမသိလို့ မြန်မာ ကို ချန်ထားတယ် လို့ ကြေညာတယ်။

စစ်ဘေးရှောင်တွေကို လှူဒါန်းကြတဲ့သူတွေက ဘယ်လောက်လှူတယ် ဆိုတာက ဘောက်ချာတွေ Facebook ပေါ်တင်ကြတော့ စစ်သူပုန်တွေက ဘောက်ချာကနေ ပစ္စည်းရောင်းတဲ့ ဆိုင်တွေ ကို ပြဿနာ လိုက်ရှာတယ်။ Ethic အကြောင်း ပြောရင်လည်း ဟောရင်းနဲ့သာ ပျံလွန်တော်မူသွားနိုင်တယ်။ စစ်သူပုန်တွေက ကယားမှာ ကျသွားတဲ့ စစ်ခွေးတွေနဲ့ မျက်ရည်ချူ နေကြတယ်။

မေ ၂၇ ရက်နေ့။ TOTAL ပြင်သစ်က မြန်မာပြည်မှာ ကုမ္ပဏီ နာမည် ၂ ခု ရှိတယ်။ Total E&P Myanmar က gas ရောင်းတယ်။ အဲ့ ရောင်းရငွေက စစ်သူပုန်တွေဆီပဲ သွားတယ်။ MGTC က ပိုက်လိုင်းအတွက် သက်သက်။ ကနေ့ Total က အမြတ်ခွဲမပေးတော့ဘူး ဆိုပြီး စာထုတ်တာ အဲ့ ပိုက်လိုင်းအတွက်ပဲ ပြောတာ။ နားလှည့်ပါးရိုက်နဲ့ ၂ ဖက်လုံး ကျေနပ်အောင် ဂျင်းထည့်တယ် လို့ ကျွန်တော်မြင်တယ်။ တွေ့မိတဲ့ ဒေတာတွေ အရတော့ သူတို့ မပေးတော့ဘူး ပြောတဲ့ ငွေက ဒေါ်လာ ၄၁ သန်း ဖြစ်ပြီးတော့ ၁၀၀၄ သန်းကတော့ စစ်သူပုန်တွေ ဆီကို ရောက်နေဦးမှာ ဖြစ်တယ်။ ဆိုတော့  4% လောက်ပဲ မပေးတော့တာ။ မြန်မာဘက်ကို တာချီလိတ်ဘက်ကနေ တဆင့်ပို့မယ့် လက်နက်ခဲယမ်းတွေကို ထိုင်းဘက် မယ်ဆိုင် မှာ ဖမ်းမိတယ်။ ဒီသတင်းကို သတင်းဌာန အတော်များများက ပြန်ရေးကြတယ်။ တော်လှန်ရေးသတင်း ကို မဖြန့်ကြပါနဲ့ လို့ လှုံ့ဆော်နေပေမယ့် ဒီလိုသတင်းတွေကျတော့လည်း ထိန်းလို့ မရ တားလို့ မရ။ သတင်းဌာနတွေကလည်း သတင်းရရေး အတွက် ရေးကြမှာပဲ မဟုတ်လား။ အခုလို့ လက်နက်ဝယ်မရ သယ်မရ သွင်းလို့ မရဖြစ်နေလို့ ပြည်တွင်းစစ်က ကြာနေတာ။  မန္တလေး ဈေးချိုနဲ့ မန်း မြန်မာပလာဇာ က မဖွင့်ရသေးတဲ့ ဆိုင်တွေကို ယာယီသိမ်းတယ် ဆိုပြီး ဆိုင်တွေမှာ စာလိုက်ကပ်တယ်။ လူတွေက ခုထိကို မပြတ်သားကြသေးတာရော ခြံစည်းရိုးခွထိုင်တဲ့ လူတွေ ရှိနေတာရော ကြောင့် တော်လှန်ရေးက ထင်သလောက် ခရီးမပေါက်ပဲ ဖင့် နေတယ်။ မီတာဆောင်တဲ့ သူတွေ ရှိနေလို့ မီတာမဆောင်တဲ့ သူတွေ ဒုက္ခရောက်တာ။ ဆိုင်ဖွင့်တဲ့သူတွေ ရှိနေလို့ မဖွင့်တဲ့ သူတွေ ဒုက္ခရောက်တာ။ ဒါပေမယ့် ဆိုင်ဖွင့်တာက ကျတော့ စားဝတ်နေရေးက ရှိသေးတာကိုး။ CRPH နဲ့ KPICT တို့ ကြားကာလ သဘောတူညီချက် ကို လက်မှတ်ရေးထိုးတယ်။ ကနေ့ ကားအာမခံ သွားဆောင်ကြတဲ့ သူတွေ ပြောတာကတော့ war risk အာမခံ မရတော့ဘူး တဲ့။ ဆိုတော့ ပြည်တွင်းစစ်က လာတော့မှာလား။ ကိုဗစ်ကလည်း ၁၇၈၈ ယောက်ကို စစ်တာ ၉၆ ယောက်တွေ့တယ်။ တကျော့ပြန် ကိုဗစ်နဲ့ ပြည်တွင်းစစ်နဲ့ ပြည်သူတွေတော့ အထိနာတော့မယ်။ ပြည်သူ့အကျိုးကို မကြည့်ပဲ ကိုယ်ကျိုးကြည့်ပြီး အာဏာသိမ်းခဲ့တဲ့ သူတွေကို ဘယ်လိုနည်းနဲ့မှ လက်ခံလို့ မရဘူး။

မေ ၂၈ ရက်နေ့။ စစ်သူပုန်တွေနဲ့ PPST အဖွဲ့က ဆွေးနွေးဖို့ ကမ်းလှမ်းထားတဲ့ စာ leak ဖြစ်တယ်။ NUG က PDF ရဲ့ ပထမအသုတ် စစ်သင်တန်းဆင်းတဲ့ Video ကို တင်လိုက်တယ်။  တခါ NUG နဲ့ ဂျပန်နိုင်ငံလွှတ်တော်ကိုယ်စားအဖွဲ့များအကြား စာထုတ်တယ်။ မနေ့က ကြံ့ဖွံ က ဘီးလင်း ဥက္ကဋ္ဌ လုပ်ကြံသတ်ဖြတ်ခံရပြီးတော့ ကိုယ့်ကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့် ကျင့်သုံးမယ် ဆိုပြီး စာထုတ်တယ်။ တကယ့်ကောင်တွေ။ ဟာသ လူရွှင်တော် လုပ်စားရမှာ။ တနေ့က ကျောင်းအပ်တာတွေကို ဒေတာ တွေ အရ ကြည့်လိုက်တဲ့အခါမှာ ရန်ကုန်တိုင်းဒေသကြီးမှာ ကျောင်းအပ်တဲ့သူ တစ်သိန်းခုနစ်သောင်းကျော် ပဲ ရှိတယ်။ ဆိုတော့ ဒါတွေက ကျောင်းအပ်တာပဲ ရှိသေးတယ်။ ကျောင်းတွေ တကယ်ပြန်ဖွင့်ရင် တက် မတက် က ရှိသေးတယ်။ မတက်ကြဖို့တော့များတယ်။ CDM လုပ်လို့ ကျောင်းထုတ်ခံရတဲ့ ကျောင်းဆရာ ဆရာမတွေကို Private school တွေမှာ အလုပ်မခန့်ဖို့ စစ်သူပုန်တွေက စာထုတ်တယ်။ သူတို့ ရှိနေသ၍ အလုပ် မလုပ်ပါဘူးဆိုနေတာကို အလုပ်မလုပ်ရအောင် စာထုတ်တယ် ဆိုတော့ ၊ ပြောပါတယ် လူရွှင်တော်တွေပါဆိုနေ။ ည ၉ နာရီဝန်းကျင်မှာ သာကေတ ဇိနမာန်အောင်ဘုရားဝင်းထဲ တပ်စွဲထားတဲ့ စစ်ခွေးတွေကို အမည်မသိ လက်နက်ကိုင်တွေက ဝင်ပစ်လို့ ညကြီးတိုက်ပွဲတွေ ဖြစ်ကုန်တယ်။ 
မေ ၃၀ ရက်နေ့။ NUG က ရိုဟင်ဂျာအရေး ICJ နဲ့ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ လုပ်နေတယ် လို့ သတင်းထုတ်တယ်။ AA ကတော့ နယ်မြေစိုးမိုးမှု့ ရှိတယ်လို့ ဆိုပေမယ့် AA နယ်မြေတွေမှာ စစ်သူပုန်တွေက တပ်စွဲထားတုန်းပဲ။ ဗဟိုဘဏ်က စုစုပေါင်း ဒေါ်လာ ၂၄ သန်း ထုတ်ရောင်းပြီးသွားတာတောင်မှာ ဒေါ်လာဈေးက ၁၆၀၀ အောက် ဆင်းဖို့ မှ မရှိတာ။ ဗုံးပေါက်တာတွေကလည်း တနိုင်ငံလုံး နေရာအနှံ့မှာ ရှိနေတယ်။ ဒီနေ့အထိ နေရာ ၃၂ နေရာမှာ အလုံးပေါင်း ၁၅၀ ကျော်ပေါက်ခဲ့တယ် လို့ ဒေတာတွေ အရ သိရတယ်။ NUG ရဲ့ ကျန်းမာရေး ဝန်ကြီးဌာနက လုပ်တဲ့ ဆေးကျောင်းနောက်ဆုံး အပိုင်း (ခ) Online သင်ခန်းစာကို တက်ရောက်ခဲ့တဲ့ ကျောင်းသား ၂၀၀၀ ကျော်ရှိတယ်။ ချင်းပြည်နယ် ကန်ပက်လက်မှာ စစ်သူပုန်တွေက လက်နက်ကြီးတွေနဲ့ ထိုးစစ်ဆင်နေတယ်။ စစ်ဘေးရှောင်ပြည်သူတွေ အတော်ဒုက္ခရောက်နေရှာမှာ။ ရှမ်းပြည်က ပအိုဝ်း PDF ဖွဲ့စည်းကြောင်း ကြေညာပြီးတဲ့နောက်မှာ PNO အနေနဲ့ စစ်အင်အားဖြည့်တာတွေ လုပ်နေတယ်။ YMBA အသင်းက စာထုတ်တာမှာ အတော်လေးကို ဘောမ ထားတာ တွေ့ရတယ်။ ဒီခေတ်ကြီးမှာ ဒီလိုဟာတွေ တွေ့ရတာ အတော်တော့ အဆင်မပြေတာပဲ။ 

မေ ၃၁ ရက်နေ့။ ရန်ကုန် ဗဟန်းတချို့နေရာတွေမှာ CCTV တွေ လိုက်တပ်နေပြီ။ မန္တလေးမှာ အရပ်ဝတ်နဲ့ စစ်ခွေးတွေက ဆိုင်ကယ်ပေါ်က လူ ၂ ယောက်ကို တားတာ ရပ်မပေးလို့ဆိုပြီး သေနတ်နဲ့ ပစ်သတ်လိုက်တယ်။ KNU နယ်မြေမှာ ထိုင်းစစ်တပ်က စစ်သူပုန်တွေအတွက် ရိက္ခာသယ်ပေးနေတယ်လို့ KNU က သတင်းထုတ်တယ်။ ကယားပြည်နယ် ဒီမော့ဆို မှာလည်း ပစ်ကြခတ်ကြနဲ့။ စစ်သူပုန်တွေဘက်က လက်နက်ကြီးတွေသုံးပြီးတော့ ဒီမော့ဆိုPDF ကို ပစ်တယ်။ စစ်မြေပြင်မှာ ဆေးကုမယ့် ဆရာဝန်တွေ ရှားနေတယ်။ ကချင်ဘက်မှာ Rare Earth ထုတ်လုပ်မှု့တွေ အရင်ထက် ၂ ဆ ပိုတက်လာတယ်လို့ ကချင်ပြည်နယ် ပွင့်လင်းမြင်သာမှု့နဲ့ တာဝန်ခံမှု့ ကွန်ရက် က ဆိုတယ်။ စစ်သူပုန်တွေ က ခွင့်ပြုလို့ တရုတ်တွေ လာလုပ်နေတယ်ဆိုတာ အသိသာကြီး။ မိအောင်လှိုင် တကောင်တော့ ကရင်ပြည်နယ် ဘားအံကို ရောက်နေတယ်လို့ တွေ့တယ်။ 

Comments

Popular posts from this blog

Contacts တွေကို one click နဲ့ unicode ပြောင်းနည်း

ios သမားတွေကတော့အရင်ဆုံး App Store ထဲဝင်ပြီး search ကနေ pyaung လို့ရိုက်ရှာပါ။ ပြီးရင် Download လုပ်ပါ။ ရှာ မတွေ့ရင် ဒီ link ကနေ download လုပ်လို့လည်း ရပါတယ်။ https://apps.apple.com/us/app/pyaung/id1039690192 home screen မှာ pyaung app ပေါ်လာရင် ဝင်လိုက်ပါ။Contact ဆိုတဲ့ tap ထဲဝင်ပါ။ zawgyi to uni , uni to zawgyi ကို စိတ်ကြိုက်ပြောင်းနိုင်ပါပြီ။ Android သမားတွေကတော့ ကိုနေရှိန်ဦး လုပ်ပေးထားတဲ့ app ကို အောက်က link ကနေ Download လုပ်ပြီး zawgyi to uni , uni to zawgyi ကို စိတ်ကြိုက်ပြောင်းနိုင်ပါတယ်။ https://play.google.com/store/apps/details?id=com.nso.unicc https://m.apkpure.com/unicontact-converter/com.nso.unicc နောက်တခုက Dev House က ထုတ်တဲ့ MM contact converter ပါ။ သူကတော့ Android သီးသန့်ပါပဲ။ Contacts တွေမှာ zawgyi နဲ့ unicode ရောနေရင်တောင် အဆင်ပြေပါတယ်။  ပြောင်းနေရင်း ဟန်းသွားတာမျိုးမဖြစ်ပါဘူး။ (Main thread မှာအလုပ်လုပ်မလုပ်ပဲ thread ခွဲပြီးပြောင်းလို့ပါ) https://play.google.com/store/apps/details?id=me.myatminsoe.mmcontactsconverter

MacOS Myanmar Unicode Keyboard

  MacOS မှာ ဘယ်တုန်းက ပါလာမှန်းတော့ မသိဘူး။ အစက keymagic နဲ့ပဲ မြန်မာစာကို ရိုက်နေတာ။ သဝေထိုးကို ရှေ့က ရိုက်တာ အကျင့်ပါနေလို့။ ခုကျ ubuntu မှာ messenger က chrominium based ဆိုတော့ သဝေထိုးရှေ့က ရိုက်ရင် bug ပါပြီး ရိုက်မရဖြစ်နေတာနဲ့ default keyboard ကို သုံးရပြန်ရော။ ခုမှ သတိရလို့ Mac မှာပြန်ကြည့်တော့ mac မှာ မြန်မာစာအတွက် ကီးဘုတ်က ၂ ခုပါတာပဲ။ တခုက ရိုက်နေကျ myanmar 3 layout နဲ့ နောက်တခုက ဘာကြီးလဲကို မသိတာ။ စာလုံးတွေက တနေရာစီ။ အဲ့တော့ default myanmar 3 layout keyboard နဲ့ ဆိုတော့ keymagic တောင် ထည့်စရာမလိုတော့ဘူး။ သဝေထိုးကို နောက်မှ ရိုက်တာကလည်း အသားကျနေပြီးသား။  System preferences > keyboard > input source ကနေ  + ကို နှိပ် Burmese ကို ရွေး ။အပေါ်က Myanmar ကို ရွေး။  ရပြီ။  P.S- Catalina နဲ့ BigSur မှာတော့ ရတယ်။ ကျန်တဲ့ အဟောင်းတွေတော့ မသိဘူး။

Oppo ဖုန်းများတွင် Unicode ပြောင်းပုံ

Oppo Ufont ကို အရင်ဆုံး Download လုပ်ပါ။ Click here to download 1. Download   2. Download   3. Download    Color OS 6 နှင့်အထက်ဖုန်းများတွင် 1. Setting / Languages and regions / Regions,တွင် Myanmar ပြောင်းပါ။ 2. Display & Brightness / Support Dai Characters, ကို ဖွင့်ပေးပါ။ Color OS 5.2 ဖုန်းများတွင် 1. Install Font App ကို install လုပ်ပါ။ 2.App ကို Change font ကိုနှိပ်ပြီး နှစ်သက်ရာ font ကို  apply လုပ်ပါ။ ____________________________________________