ဘော်ဒါတစ်ကောင် ကို ဆေးလိပ် လျော့သောက်ဖို့ ဆေးလိပ်ဖြတ်ဖို့ ပြောမိတဲ့အကြောင်း ကို ပြန်စဉ်းစားမိတဲ့ မနက်ခင်း တစ်ခုပေါ့။ ခေါင်းတွေ တဆစ်ဆစ် ကိုက်နေရင်း ဆေးလိပ်ဘူးနဲ့ မီးခြစ် ဘယ်မှာလဲ ပြန် recall ခေါ်နေရတယ်။
ဓါတ်ပြား ဟောင်းကြီး မဟုတ်တဲ့ ဓါတ်ပြားအသစ် ကို ထုတ်၊ ဓါတ်စက်ပေါ် တင်လိုက်တယ်။ ဆူဆူညံညံ ပေါက်ကွဲသံတွေ ထွက်လာတယ်။ ခေါင်းထဲက အသံတွေနဲ့ စက်က အသံ နဲ့ ဘယ်သူ နိုင်မယ် ထင်သလဲ။
မယုကီ နဲ့ တွေ့တုန်းက သူက သွားလေရာ ကော်ဖီ အမှုန့်ကို ဘူးလေးနဲ့ ထည့်ဆောင်တတ်ပြီး ကော်ဖီ အမှုန့်ကို ဒီအတိုင်း စားနေလို့ အံ့သြနေခဲ့တယ်။ အခု မာဘိုရိုစီးကရက် ကို ကော်ဖီအစေ့လေး နဲ့ အမြည်းလုပ်ပြီး ထိုင်သောက်နေတဲ့ ငါ့ကိုမြင်ရင် မယုကီ တော့ ရယ်နေတော့မှာပဲလို့ တွေးမိလိုက်သေးတယ်။
ပြီးခဲ့တဲ့ တနင်္လာနေ့က စပြီး ကိုအောင်ဟိန်းက ဆေးလိပ်ဖြတ်လိုက်ပြီ လို့ပြောတာနဲ့ ကိုယ်ပါ ရောယောင်ပြီးဆေးလိပ်ဖြတ်နေသေးတာ။ သူ့ရှေ့မှာ ဆေးလိပ်သောက်နေရတာ အတော်ကို မကောင်းတာနဲ့ ဖြတ်ဖြစ်သွားတာ။ ဖြတ်တယ်ဆိုလို့ ဆေးလိပ်စွဲနေတဲ့ သူ မဟုတ်ပြန်ဘူး။ မသောက်ပဲ နေဖြစ်တယ်လို့ ပြောတာပါ။ ကနေ့ ကိုအောင်ဟိန်းနဲ့လည်း မတွေ့ရဘူးဆိုတော့ ဆေးလိပ်ကို အားရပါးရသောက်ဖြစ်တယ်။ ဖုန်းဆက်ပြီး ပြောသေးတယ်။ မင်းသာယာနေတာ မနာလိုဘူးတဲ့။ ဟုတ်တာပေါ့ အကိုရာ။ ကျွန်တော် သိတာပေါ့။ အကိုလည်း အနားယူချင်တာ။ ကျွန်တော်က ထွက်ပြေးနေတာ အကိုလည်း သိတယ်။ သူ့ကိုတော့ ဒါတွေ ပြန်မပြောဖြစ်ပါဘူး။ ကိုယ့်စိတ်ထဲကနေပဲ ပြောနေမိတာတွေပေါ့။ ကျွန်တော်တို့ ထမ်းထားရတဲ့ ဝန် တွေကို ကျွန်တော်တို့ အချင်းချင်းပဲ မြင်ကြတယ် အကို လို့ သူ့ကိုပြောတော့ သူက ရယ်ပဲ ရယ်နေတယ်။
လောကကြီး ကိုယ်တိုင်က ဆေးလိပ်သောက်စေချင်နေပုံရတယ်။ ဘယ်အချိန် ထ ခြစ်ခြစ် မီး မတောက်တဲ့ zippo မီးခြစ်က ကနေ့ကျ ဘယ်နခါခြစ်ခြစ် မီးတောက်နေတယ်။ ဆေးလိပ်ဆိုမှ သတိရတယ်။ အဖေ နဲ့ ဆေးလိပ် အတူတူ မသောက်ဖူးခဲ့ဘူး။ သူရှိတုန်းကလည်း ကျွန်တော် ဆေးလိပ် အခုလောက် မသောက်သေးဘူး။ ကျွန်တော် အိမ်ပြန်လာတိုင်း သူ့အတွက် ဝယ်လာတဲ့ ဆေးလိပ် ကိုတော့ သူ နှမျောပြီး သောက်တယ်။ နှမျောပြီး သောက်တယ်ဆိုတာ ဘယ်သူ့မှ သူ မတိုက်တော့ဘူး။ သူ့ဟာသူပဲ သောက်တာ။ အဲ့တာတော့ သူတင် မဟုတ်ဘူး။ ကျွန်တော်လည်း ခင်တဲ့ ဘော်ဒါ ၂ ယောက်ကိုပဲ တိုက်တယ်။ ဘယ်သူ့မှ အဲ့ဆေးလိပ်ကို မတိုက်ဘူး။ ကိုယ့်ဟာကိုပဲ သောက်တယ်။ လာတောင်းသောက်ရင်လည်း မပေးဘူးပဲ။ ၃ရက် တစ်ဘူး သောက်တယ် လို့ ပြောတဲ့ ကိုယ့်ဘော်ဒါ ကို မင်းဟာက များတယ်ကွ လို့ ပြောခဲ့ဖူးတယ်။ ကနေ့ကျ တစ်ထိုင်တည်း တစ်ဘူး ကုန်သွားတာ ဘယ်လို ကုန်လို့ ကုန်သွားမှန်းတောင် မသိလိုက်ဘူး။
မှန်တာပေါ့။ ကျွန်တော်တို့မှာ ကုန်သွားတဲ့ အချိန်တွေက ပြန်မရဘူး။ ကုန်သွားတဲ့ အချိန်တွေအတွက်လည်း နောင်တရနေလို့ မရဘူး။ ကိုယ့်ကိုယ်ကို အားမရတဲ့ နေ့ရက်တွေပေါ့။
ဘဝကြီးကို ဘယ်လို ဖြတ်သန်းချင်တာလဲ ဆိုတဲ့ မေးခွန်းကို မေးမိတိုင်း အဖြေ က ရှာမတွေ့ခဲ့ဘူး။ ကိုယ် ဘာဖြစ်ချင်နေခဲ့မှန်းလည်း ကိုယ် သိမနေပြန်ဘူး။ အတော် အသုံးမကျတဲ့ ငါ ဆိုပြီး ဆဲနေမိတယ်။ ဘာ အိပ်မက်မှ မမက်ချင်တော့တဲ့ ကိုယ့်ကိုယ်ကိုလည်း နားမလည်နိုင်ဘူး။
Comments
Post a Comment