Skip to main content

တက် နှင့် တတ် အကြောင်း

မြန်မာစာရေးသားရာမှာ အသံထွက်မတူပေမဲ့ အရေးမှားများတဲ့ စကားလုံး နှစ်လုံးက “တက်” နှင့် “တတ်” ဖြစ်ပါတယ်။ အထူးသဖြင့် ဖေ့စ်ဘုတ်ပေါ် ရေးတင်ကြတဲ့ မြန်မာစာအရေးအသားများမှာ “တက်” နှင့် “တတ်” ဟာ အမှားအများဆုံးလို့တောင် ဆိုနိုင်ပါတယ်။

“တက်” ကို မြန်မာအဘိဓာန်မှာ -

တက် ၁၊ န - လက်ကိုင်အဖျား၌ ရေယက်စရာ အရွက်ပြားရှိသော လှေလှော်ခတ်ရသည့်ကိရိယာ။

တက် ၂၊ ကြိ - ၁၊ အနိမ့်မှ အမြင့်သို့၊ အောက်မှ အထက်သို့၊ ရပ်တည်ရာမှ ရှေ့သို့ ရွေ့သွားသည်။ ၂၊ တိုးပွားသည်။ ၃၊ အာဏာရယူသည်။ ၄၊ ရုံး၊ ကျောင်း၊ အစည်းအဝေး စသည်သို့ သွားရောက်သည်။

တက် ၃၊ ကြိ - ၁၊ ရောဂါကြောင့် ဖြစ်စေ၊ စိတ်ချောက်ချားခြင်းကြောင့် ဖြစ်စေ ကိုယ်လက်အင်္ဂါတို့ ရုတ်တရက်တွန့်လိမ်သည်။ ၂၊ ကိုယ်လက်အကြောအခြင် ညောင်းညာတောင့်တင်းသည်။ “ဇက်ကြောတက်သည်။”

ဆိုပြီး အနက် (၃) မျိုး ပြထားပါတယ်။

အနက် (၁) က နာမ် အနက်ဖြစ်ပါတယ်။ လှေလှော်ရာမှာ သုံးရတဲ့ ကိရိယာတစ်မျိုးကို ဆိုလိုပါတယ်။ အသုံးမှားစရာ အကြောင်းမရှိပါဘူး။ ဥပမာ -

“ပန်းတိုင်မရောက်သေးဘဲ “တက်” ထောင်လို့ကတော့ မင်းတို့ အောင်မြင်မှာမဟုတ်ဘူး။”

“နိုင်ငံကိုကယ်တင်ခဲ့တယ်ဆိုသူတွေကြောင့် တို့နိုင်ငံဟာ ရှေ့တိုးနေရင်း “တက်” ကျိုးခဲ့ရတာပေါ့ကွာ။”

“အခုအချိန်မှာတော့ “တက်” ကျိုးရင် လက်ထိုးလှော်မယ်လို့ ဆိုကြတဲ့ မျိုးဆက်သစ်တွေ ပေါ်ထွန်းလာပါပြီ။”

ဆိုတဲ့ ဝါကျမျိုးတွေမှာ “တက်” ဟာ လှေလှော်ခတ်ရတဲ့ကြိယာ ဖြစ်ကြောင်း တွေ့နိုင်ပါတယ်။

အနက် (၂) က ကြိယာ အနက်ဖြစ်ပါတယ်။ အသုံးမှားနိုင်ပါတယ်။

“မောင်လှက သစ်ပင် “တက်” ကျွမ်းကျင်တယ်။”

ဆိုတဲ့ဝါကျကို ကြည့်ပါ။ အနိမ့်မှ အမြင့်သို့ သွားကြောင်း “တက်” က ဖော်ပြပေးပါတယ်။

“မောင်လှ အောက်ထပ်ကနေ အပေါ်ထပ် “တက်” သွားလိုက်တာ အခုထိပြန်ဆင်းမလာသေးဘူး။”

ဆိုတဲ့ ဝါကျကို ကြည့်ပါ။ အောက်မှ အထက်သို့ သွားကြောင်း “တက်” က ဖော်ပြပေးပါတယ်။

“ဝန်ကြီးရာထူး “တက်” သွားပြီးကတည်းက ဘဝင်က ငယ်ထိပ် “တက်” နေတာ ပြန်ကိုဆင်းမလာတော့ဘူး။”

ဆိုတဲ့ ဝါကျကို ကြည့်ပါ။ ဝန်ကြီး မူလရပ်တည်ရာကနေ ရှေ့သို့ ရွေ့သွား၊ တိုးသွားကြောင်း၊ ဘဝင်ဟာ မူလရပ်တည်ရာကနေ ငယ်ထိပ်သို့ ရွေ့သွား၊ တိုးသွားကြောင်းကို “တက်” က ဖော်ပြပေးပါတယ်။

“ဝန်ကြီးရာထူးရကတည်းက ငါတို့စီးပွားရေး “တက်” လာလိုက်တာ တစ်ဟုန်ထိုးပဲ။”

ဆိုတဲ့ ဝါကျကို ကြည့်ပါ။ စီးပွားရေး တိုးပွားသွားကြောင်းကို “တက်” က ဖော်ပြပေးပါတယ်။

“ဦးနေဝင်းအစိုးရ “တက်” ကတည်းက ငါတို့တိုင်းပြည် ဖွတ်ကျောပြာစုဆိုသလို ဆင်းရဲမွဲတေသွားတော့တာပါပဲ။”

ဆိုတဲ့ဝါကျကို ကြည့်ပါ။ ဦးနေဝင်းအစိုးရက အာဏာရယူ သွားကြောင်းကို “တက်” က ဖော်ပြပေးပါတယ်။

“မေမေက ရုံး “တက်” နေတယ်။” “မောင်လေးက ကျောင်း “တက်” နေပြီ။” “ဖေဖေက အစည်းအဝေး “တက်” နေတယ်။”

ဆိုတဲ့ဝါကျတွေကို ကြည့်ပါ။ မေမေက ရုံးသို့ သွားရောက်ကြောင်း၊ မောင်လေးက ကျောင်းသို့ သွားရောက်ကြောင်း၊ ဖေဖေက အစည်းအဝေးသို့ သွားရောက်ကြောင်းကို “တက်” က ဖော်ပြပေးပါတယ်။

အနက် (၃) ကလည်း ကြိယာအနက် ဖြစ်ပါတယ်။ အသုံးမှားတော့ နည်းပါတယ်။

“ဦးလှ “တက်” သွားလို့ ဆေးရုံပို့လိုက်ရတယ်။”

ဆိုတဲ့ ဝါကျကို ကြည့်ပါ။ ရောဂါကြောင့် ဦးလှရဲ့ ကိုယ်လက်အစိတ်အပိုင်းတွေ တွန့်လိမ်သွားကြောင်း “တက်” က ဖော်ပြပေးပါတယ်။

“ဒီသတင်းကြားရတော့ ဒေါ်လေးဟာ “တက်” သွားတော့တာပါပဲ။”

ဆိုတဲ့ဝါကျကို ကြည့်ပါ။ စိတ်ချောက်ချားခြင်းကြောင့် ဒေါ်လေးရဲ့ ကိုယ်လက်အစိတ်အပိုင်းတွေ တွန့်လိမ်သွားကြောင်း “တက်” က ဖော်ပြပေးပါတယ်။

“ငါ ဇက်ကြောတွေ “တက်” လိုက်တာကွာ။”

ဆိုတဲ့ ဝါကျကို ကြည့်ပါ။ ငါ ဆိုတဲ့လူဟာ ကိုယ်လက်အကြောအခြင်တွေ ညောင်းညာတောင့်တင်းနေကြောင်းကို “တက်” က ဖော်ပြပေးပါတယ်။

“တတ်” ကိုတော့ မြန်မာအဘိဓာန်မှာ -

တတ်၊ ကြိ - နားလည်သဘောပေါက်သည်။ ပြုနိုင်စွမ်း ဖြစ်နိုင်စွမ်းရှိသည်။

စည်း - ၁၊ ပြုနိုင်စွမ်း ဖြစ်နိုင်စွမ်းရှိသည်ကို ပြသော စကားလုံး။ “စာဖတ်တတ်သည်။”
၂၊ ပြုလေ့ပြုထ ဖြစ်လေ့ဖြစ်ထရှိသည်ကို ပြသော စကားလုံး။ “နံနက်စောစော လမ်းလျှောက်တတ်သည်။”

လို့ အနက် (၂) မျိုး ပြထားပါတယ်။

အနက် (၁) က ကြိယာအနက်ပါ။ မှားသုံးနိုင်ပါတယ်။

“ကျွန်တော် ရှမ်းလို တတ်တယ်။” ဆိုတဲ့ ဝါကျကို ကြည့်ပါ။ ကျွန်တော်ဆိုတဲ့လူဟာ ရှမ်းဘာသာစကားကို နားလည်သဘောပေါက်ကြောင်းကို “တတ်” က ဖော်ပြပေးပါတယ်။

“မောင်လှဟာ လက်သမားပညာ တတ်တယ်။” ဆိုတဲ့ဝါကျကို ကြည့်ပါ။ မောင်လှဟာ လက်သမား လုပ်နိုင်စွမ်း တစ်နည်းအားဖြင့် ပြုနိုင်စွမ်း၊ ဖြစ်နိုင်စွမ်းရှိကြောင်းကို “တတ်” က ဖော်ပြပေးပါတယ်။

အနက် (၂) ကတော့ ပစ္စည်းအနက်ဖြစ်ပါတယ်။ မှားသုံးနိုင်ပါတယ်။

“မောင်လှသည် ရှေးပျူကျောက်စာများကို ဖတ်တတ်သည်။” ဆိုတဲ့ဝါကျကို ကြည့်ပါ။ မောင်လှဟာ ရှေးပျူကျောက်စာများကို ဖတ်နိုင်စွမ်းရှိကြောင်း တစ်နည်းအားဖြင့် ရှေးပျူကျောက်စာများဖတ်ခြင်းကို ပြုနိုင်စွမ်း ဖြစ်နိုင်စွမ်းရှိကြောင်းကို “တတ်” က ဖော်ပြပေးပါတယ်။

“မောင်လှသည် ညမအိပ်မီ မိဘနှစ်ပါးကို ကန်တော့တတ်သည်။” ဆိုတဲ့ဝါကျကို ကြည့်ပါ။ မောင်လှဟာ ညမအိပ်မီ မိဘနှစ်ပါးကို ကန်တော့ခြင်း အလေ့အထရှိကြောင်း တစ်နည်းအားဖြင့် မိဘနှစ်ပါးကိုကန်တော့ခြင်း ပြုလေ့ပြုထ ရှိကြောင်းကို “တတ်” က ဖော်ပြပေးပါတယ်။

“နွေဦးရောက်ရင် ဥသြတွန်တတ်တယ်။” ဆိုတဲ့ဝါကျကို ကြည့်ပါ။ နွေဦးအခါမှာ ဥသြငှက်တွေ တွန်လေ့တွန်ထရှိကြောင်း တစ်နည်းအားဖြင့် နွေဦးမှာ ဥသြငှက်တွန်ခြင်း ဖြစ်လေ့ဖြစ်ထရှိကြောင်းကို “တတ်” က ဖော်ပြပေးပါတယ်။

ဒါကြောင့် -

လှေလှော်ခတ်ရသော ကိရိယာကို ဖော်ပြချင်ရင် “တက်” ကိုသုံးရပါတယ်။ အနိမ့်မှ အမြင့်သို့၊ အောက်မှ အထက်သို့၊ ရပ်တည်ရာမှ ရှေ့သို့ ရွေ့သွားကြောင်း၊ တိုးပွားသွားကြောင်း၊ အာဏာရယူကြောင်း၊ ရုံး၊ ကျောင်း၊ အစည်းအဝေး စသည်သို့ သွားရောက်ကြောင်း ဖော်ပြချင်ရင် “တက်” ကိုသုံးရပါတယ်။ ရောဂါကြောင့် ဖြစ်စေ၊ စိတ်ချောက်ချားခြင်းကြောင့် ဖြစ်စေ ကိုယ်လက်အင်္ဂါတို့ ရုတ်တရက်တွန့်လိမ်သွားကြောင်း၊ ကိုယ်လက်အကြောအခြင် ညောင်းညာတောင့်တင်းကြောင်း ဖော်ပြချင်ရင် “တက်” ကိုသုံးရပါတယ်။

နားလည်သဘောပေါက်ကြောင်း၊ ပြုနိုင်စွမ်း ဖြစ်နိုင်စွမ်းရှိကြောင်း၊ ပြုလေ့ပြုထ ဖြစ်လေ့ဖြစ်ထရှိကြောင်း ဖော်ပြချင်ရင်တော့ “တတ်” ကို သုံးရပါတယ်။

ကိုယ့်လူမျိုးဘာသာစကားကို မှန်မှန်ကန်ကန်သုံးနိုင်ပါစေခင်ဗျာ။

စာကြွင်း
———

န - နာမ်
ကြိ - ကြိယာ
စည်း - ပစ္စည်း

ကျမ်းကိုးစာရင်း
——————

၁။ မြန်မာအဘိဓာန်၊ ပထမအကြိမ်၊ ၁၉၉၁ ခုနှစ်၊ စက်တင်ဘာလ၊ မြန်မာစာအဖွဲ့။

၂။ ငယ်ပေါင်းကြီးဖော်မြန်မာစာနှင့် အရေးအသားပြဿနာများ၊ မောင်ခင်မင် (ဓနုဖြူ)၊ ပထမအကြိမ်၊ ၂၀၀၃ ခုနှစ်၊ ဇန်နဝါရီလ၊ ကောင်းသန့်စာပေ။

၃။ ပြည်သူ့အတွက် မြန်မာစကားပြေ၊ မောင်ခင်မင် (ဓနုဖြူ)၊ ဒုတိယအကြိမ်၊ ၂၀၀၃ ခုနှစ်၊ နိုဝင်ဘာလ၊ ကံ့ကော်ဝတ်ရည်စာပေ။

Comments

Popular posts from this blog

မြန်မာအဘိဓာန်အက္ခရာစဉ်နည်း

မြန်မာအက္ခရာစဉ်ရာတွင် ၁။ ဗျည်းအက္ခရာစဉ် ၂။ ဗျည်းတွဲ ၃။ သရကာရန် ၄။ အသတ်ကာရန် ဟူ၍ ၄ ဆင့်ရှိပါသည်။ ၁။ ဗျည်းအက္ခရာစဉ် ****************** ဗျည်းအက္ခရာ စဉ်ရာတွင် က မှ အ အထိ အစဉ်လိုက်သာဖြစ်သည်။ မှတ်သားရန်မှာ ဉကလေးကို ညကြီးရှေ့တွင် စဉ်ရသည်။  ဥပမာ >>>ဗျည်းစဉ်များကို သိရန် အောက်ပါစာများကို အက္ခရာစဉ်ကြည့်ပါ။ အိတ်ကပ်၊ ခါသာ၊ မာလာ၊ ငါးသိုင်း၊ ဉာဏ၊ ညအခါ၊ ကတိ။ ကတိ၊ ခါသာ၊ ငါးသိုင်း၊ ဉာဏ၊ ညအခါ၊ မာလာ၊ အိတ်ကပ်။ ဟု အဖြေရပါသည်<<< ၂။ ဗျည်းတွဲ ********** ပင့်၊ရစ်၊ဆွဲ၊ထိုး သည် ယ၊ရ၊ဝ၊ဟ ၏ စာလုံးဆင့်ပုံစံ ဖြစ်ပါသည်။ ထို့ကြောင့် ယ၊ရ၊ဝ၊ဟ အစဉ်လိုက်အတိုင်းစဉ်ရသည်။ ကျ၊ကြ၊ကှ၊ကွ။ ကျွ၊ ကြွ။ ကျှ၊ကြှ၊ကွှ။ ကျွှ၊ကြွှ။ (ကဗျည်းနှင့် ပေါင်းပြထားပါသည်) ရှင်းအောင်ပြရပါက ကျ=က ယ။ ကြ=က ရ။ ကှ=က ဟ။ ကွ=က ဝ ကျွ=က ယ ဝ။ ကြွ=က ရ ဝ ကျှ=က ယ ဟ။ ကြှ=က ရ ဟ။ ကွှ=က ဝ ဟ ကျွှ=က ယ ဝ ဟ။ ကြွှ=က ရ ဝ ဟ ဖြစ်ပါသည်။ ဥပမာ >>>မျောက်ကြီး၊ မွဲတေ၊ မျှတ၊ မြို့မ၊ မှတ်ခြင်၊ မြွေပါ၊ မွှေးပျံ့။ မျောက်ကြီး၊ မြို့မ၊ မွဲတေ၊ မှတ်ခြင်၊ မြွေပါ၊ မျှတ၊ မွှေးပျံ့။ <<< ...

ပြည်ထောင်စု font

Pyihtaungsu Font Downloads Windows 7 – Microsoft Office အားလုံးအတွက် – Pyidaungsu-1.8_Regular.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) – Pyidaungsu-1.8_Bold.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) Windows 10 & 8 – Microsoft Office 2013, 2016 အတွက် – Pyidaungsu-2.5_Regular.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) – Pyidaungsu-2.5_Bold.ttf ဖောင့်    [ DOWNLOAD ]     Mirror Link (Google Drive) iPhone, iPad အတွက် – Pyidaungsu-2.4.mobileconfig ဖောင့်ပရိုဖိုင် Safari Browser ကိုသုံး၍ ဒေါင်းပါ    [ DOWNLOAD ]     Mirror Link (Google Drive) Download Myanmar Unicode Keyboards KeyMan Keyboard အသုံးပြုခြင်း Download Myanmar Unicode Fonts Myanmar3 အဟောင်း – Myanmar3_MultiOS.ttf ဖောင့်   [ DOWNLOAD ]      Mirror Link (Google Driv...

MacOS Myanmar Unicode Keyboard

  MacOS မှာ ဘယ်တုန်းက ပါလာမှန်းတော့ မသိဘူး။ အစက keymagic နဲ့ပဲ မြန်မာစာကို ရိုက်နေတာ။ သဝေထိုးကို ရှေ့က ရိုက်တာ အကျင့်ပါနေလို့။ ခုကျ ubuntu မှာ messenger က chrominium based ဆိုတော့ သဝေထိုးရှေ့က ရိုက်ရင် bug ပါပြီး ရိုက်မရဖြစ်နေတာနဲ့ default keyboard ကို သုံးရပြန်ရော။ ခုမှ သတိရလို့ Mac မှာပြန်ကြည့်တော့ mac မှာ မြန်မာစာအတွက် ကီးဘုတ်က ၂ ခုပါတာပဲ။ တခုက ရိုက်နေကျ myanmar 3 layout နဲ့ နောက်တခုက ဘာကြီးလဲကို မသိတာ။ စာလုံးတွေက တနေရာစီ။ အဲ့တော့ default myanmar 3 layout keyboard နဲ့ ဆိုတော့ keymagic တောင် ထည့်စရာမလိုတော့ဘူး။ သဝေထိုးကို နောက်မှ ရိုက်တာကလည်း အသားကျနေပြီးသား။  System preferences > keyboard > input source ကနေ  + ကို နှိပ် Burmese ကို ရွေး ။အပေါ်က Myanmar ကို ရွေး။  ရပြီ။  P.S- Catalina နဲ့ BigSur မှာတော့ ရတယ်။ ကျန်တဲ့ အဟောင်းတွေတော့ မသိဘူး။