Skip to main content

ယူနီကုဒ်နဲ့ ဇော်ဂျီ ဘယ်ကစ

ယူနီကုဒ်ဆိုတာ ဖောင့် မဟုတ်ပါခင်ဗျာ။ ကမ္ဘာပေါ်မှာ ရှိသမျှ ဘာသာစကား၊ သင်္ကေတအားလုံးကို စံသတ်မှတ်ပြီး စနစ်တကျ နေရာချထားပေးတဲ့ စနစ်တစ်ခု ဖြစ်ပါတယ်။ လွယ်လွယ်ပြောရရင်တော့ ကမ္ဘာပေါ်မှာ ရှိသမျှ ဘာသာစကား၊ သင်္ကေတ အားလုံးကို တစ်လုံးခြင်းစီ မြေကွက်ရိုက် သတ်မှတ်ပေးတာပါ။

ကျွန်တော်တို့ မြန်မာစာတွေ၊ ရှမ်းစာတွေ၊ ကရင်စာတွေ စသည်ဖြင့် အားလုံးအတွက် နေရာတစ်ခုစီ သတ်မှတ်ထားပါတယ်။ အဲဒီလို သတ်မှတ်တဲ့ နေရာမှာလဲ ဗမာ ဘာသာစကားဆိုရင်လဲ ဗမာစာစနစ်စံအတိုင်း၊ ကရင်ဆိုရင်လဲ ကရင်စနစ် စံအတိုင်း၊ မွန်ဆိုရင်လဲ မွန်စနစ် စံအတိုင်း သတ်မှတ်ကြပါတယ်။ ပြီးရင် နေရာပေးပါတယ်။ အဲဒါတွေအားလုံးကလဲ ပြန်ပြင် ပြန်သတ်မှတ်လို့ရပါတယ်။ အဲဒီလို ပြန်ပြင်ချင်တယ် ဆိုရင်တော့ စံစနစ် ဖြစ်တာနဲ့အညီ လုပ်ထုံးလုပ်နည်းနဲ့ ပြန်ပြင်နိုင်ပါတယ်။

ကျွန်တော်တို့ အရင်က a, b, c, d စတာတွေမှာ တိုက်ရိုက်အစားထိုးတဲ့ Win Font တွေ သုံးခဲ့ကြပါတယ်။ အဲဒီလို သုံးလိုက်တဲ့အတွက် Web လို နေရာတွေမှာ မြန်မာ၊ အင်္ဂလိပ် နှစ်မျိုးရောပြောမယ်ဆိုရင် အခက်အခဲ အများကြီး ရှိလာပါတယ်။ a တွေက သဝေထိုးတွေ ဖြစ်ကုန်ပါလိမ့်မယ်။ အဲဒီအတွက် Unicode စနစ်တစ်ခု လိုအပ်လာပါတယ်။

ပထမဆုံး မြန်မာစာ စကားလုံးတွေကို Unicode စနစ်ထဲ ထည့်သွင်းဖို့ အဆိုပြုခဲ့သူက Apple လို့ သိရပါတယ်။ Unicode 1.0 မှာ ပါလာတယ် ထင်ပါတယ်။ ဒါပေမယ့် မြန်မာစာ ရေးလို့ ရလောက်အောင် မပြည့်စုံခဲ့ပါဘူး။

အဲဒီကတစ်ဆင့် Unicode 2.0 မှာ နိုင်ငံခြားသာ တစ်ယောက်က ထပ်အဆိုပြုခဲ့ပါတယ်။ ဘယ်သူဆိုတာတော့ ကျွန်တော် မမှတ်မိတော့ပါဘူး။ အဲဒီ 2.0 မှာလဲ မြန်မာစာ ရေးလို့ရအောင် မပြည့်စုံခဲ့ပြန်ပါဘူး။ နောက်တော့ 3.0 အဲဒီက တစ်ဆင့် 4.0 ကိုရောက်လာပါတယ်။

Unicode 4.0 မှာတော့ မြန်မာစာ စကားလုံးတွေ အတိုင်းအတာ တစ်ခုအထိ ပြည့်ပြည့်စုံစုံ ပါလာခဲ့ပြီး ပြဿနာ တစ်ခု အနေနဲ့ ပင့်၊ ရစ်၊ ဆွဲ၊ ထိုး ပါမလာခဲ့ပါဘူး။ အဆိုပြုတဲ့ နိုင်ငံခြားသား အနေနဲ့ ပင့်၊ ရစ်၊ ဆွဲ၊ ထိုးဆိုတာ တစ်ခြား မြန်မာ အက္ခရာကနေ ဆင့်ပွား ဖြစ်ပေါ်လာတယ်လို့ ယူဆခဲ့တယ် ထင်ပါတယ်။ ဒါပေမယ့် Unicode 4.0 ထွက်လာတဲ့ အချိန်မှာ အင်တာနက်ကလဲ တွင်ကျယ်လာခဲ့ပါပြီ။ အွန်လိုင်းမှာ မြန်မာစာစနစ် သုံးနိုင်ဖို့ မဖြစ်မနေ လိုအပ်လာတဲ့ အခြေအနေ ရောက်လာပါတယ်။

အဲဒီအတွက် Unicode 4.0 ကို အခြေခံထားတဲ့ မြစေတီ၊ ဇော်ဂျီစတဲ့ ဖောင့်တွေ ထွက်လာပါတယ်။ ပင့်၊ ရစ်၊ ဆွဲ၊ ထိုးတွေကို ပေါင်းထည့်ပြီး အရင် Win စနစ်မှာ သုံးခဲ့တဲ့ Rendering မလိုတဲ့ ရရစ်ခြောက်မျိုးစနစ်၊ Reordering မလိုတဲ့ သဝေထိုးရှေ့မှာထားတဲ့ စနစ်ကို ပေါင်းထည့်ပြီး သုံးလို့ရအောင် လုပ်ခဲ့ကြပါတယ်။ ဇော်ဂျီအနေနဲ့ အဲဒီအချိန်က စနစ်တစ်ခု မပြည့်စုံသေးတဲ့ အချိန် ကြားခံတစ်ခု အနေနဲ့သာ သုံးကြမယ်လို့ ပြောခဲ့ကြပါတယ်။ (ဒီနေရာမှာ Rendering ဆိုတာ ဘာလဲ၊ Reordering ဆိုတာ ဘာလဲ နည်းနည်း ရှင်းပြလိုပါတယ်။ မြန်မာစာစနစ်မှာ ရရစ်က တစ်မျိုးတည်း ရှိပါတယ်။ စာလုံးပုံစံအလိုက် လိုအပ်သလို ရရစ်ကို အပြတ်၊ အကျဉ်း၊ အကျယ် စသည်ဖြင့် ပုံစံ ပြောင်းပေးရပေမယ့် မှတ်သားတဲ့အခါမှာတော့ တစ်ခုတည်းမှတ်သား သိမ်းဆည်းရပါတယ်။ အဲဒီလို လိုသလို ပုံစံ ပြောင်းပေးတာကို Render လုပ်တယ်လို့ ခေါ်ပါတယ်။ Reordering ဆိုတာကတော့ ဗျည်း၊ ဗျည်းတွဲ၊ သရ စသည်ဖြင့် အစဉ်လိုက် စီစဉ်ထားတဲ့ နေရာမှာ ဥပမာ သဝေထိုးလိုဟာက မှတ်သားသိမ်းဆည်းမယ်ဆိုရင် ဗျည်းရဲ့ နောက်မှာပဲ သိမ်းရမှာပါ။ အဲဒီလို ပြန်စီပေးတာကို Reordering လို့ ခေါ်ပါတယ်။)

အဲဒီမှာ ဇော်ဂျီအနေနဲ့ အွန်လိုင်းတွင်ကျယ်လာတာနဲ့အညီ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလာကြပြီး အခုအချိန်အထိ တွင်တွင်ကျယ်ကျယ် ဆက်သုံးနေကြတဲ့ အဆင့်ကို ရောက်လာခဲ့ပါတယ်။ အဲဒီနောက်မှာပဲ Unicode စနစ်ကတော့ ရပ်မနေပဲ ဆက်သွားနေခဲ့ပါတယ်။ Unicode 5.0 ထွက်လာတဲ့ အချိန်မှာ ပင့်၊ ရစ်၊ ဆွဲ၊ ထိုးအတွက် သီးသန့် နေရာတွေ ပါလာခဲ့ပါတယ်။ တော်တော့်ကို ပြည့်စုံတဲ့ အခြေအနေတစ်ခု ဖြစ်လာပါတယ်။ နောက်တော့ Unicode 5.1, Unicode 5.2 စတာတွေမှာ ပြည့်စုံသထက် ပြည့်စုံသွားပြီး မြန်မာစာ စနစ်အတွက် ပြည့်ပြည့်စုံစုံ အထောက်အပံ့ပေးနိုင်တဲ့ အနေအထား တစ်ခုဖြစ်လာပါတယ်။ အဲဒီအပြင် တစ်ခြား တိုင်းရင်းသား ဘာသာစကားတွေ အတွက်ပါ ပြည့်စုံတဲ့ သတ်မှတ်ချက်တွေ ဖြစ်လာပါတယ်။ အဲဒီလို ဖြစ်လာတယ်ဆိုတာလဲ ပြည်တွင်းက ပညာရှင်တွေ ပူးပေါင်း ပါဝင်မှုကြောင့် ပြည့်စုံလာတာ ဖြစ်ပါတယ်။

အဲဒီလိုနဲ့ ဇော်ဂျီနဲ့ ယူနီကုဒ် ဆိုတဲ့ တိုက်ပွဲတွေ အဆက်မပြတ် ဖြစ်ပေါ်လာကြပြီး ကျောင်းတော်က ရန်စတွေအရရော၊ စကားအပြောအဆို မတတ်သူတွေ အရရော၊ ခေါင်းရှောင်သူတွေ အရရော၊ လက်ရှောင်သွားကြသူတွေ အရရော မပြီးဆုံးနိုင်တဲ့ ဇာတ်လမ်းရှည်ကြီး ဖြစ်ပေါ်လာပါတော့တယ်။ တကယ်တော့ ဇော်ဂျီဆိုတာလဲ Unicode 4.0 ကို အခြေခံထားပြီး လိုအပ်ချက်အရ ပေါ်လာခဲ့တာပဲ ဖြစ်ပါတယ်။ အဲဒီအချိန်မှာ သူသာ မပေါ်လာခဲ့ရင် အွန်လိုင်းလို နေရာတွေမှာ မြန်မာစာစနစ် ဒီလောက်အထိ တွင်ကျယ်လာမှာ မဟုတ်ပါဘူး။ ဇော်ဂျီနဲ့ ယူနီကုဒ် တိုက်ပွဲတွေရဲ့ အဓိက အကြောင်းအရင်းခံ တစ်ခုမှာ တစ်ဖက်နဲ့ တစ်ဖက် အသိအမှတ် မပြုကြတာလဲ အဓိကကျတဲ့ အချက်တစ်ခုထဲမှာ ပါဝင်နေပါတယ်။ ဇော်ဂျီဖက်က လူတွေကလဲ ငါတို့က အဆင်မပြေသေးခင်မှာ အားလုံး အဆင်ပြေအောင် လုပ်ပေးခဲ့ကြတယ်။ အဲဒါကို သောက်ကောင်း မပြောဘူးဆိုပြီး ပေလယျကံ ပြုနေကြပါတယ်။ ယူနီကုဒ်စနစ်ကို ပြောင်းစေချင်သူ အချို့ကလဲ ဇော်ဂျီကို ချိုးချိုးနှိမ်နှိမ် ပြောကြပြီး ယူနီကုဒ် မသုံးသူတွေကို လူစဉ်မမှီသူတွေလို သောက်သုံးမကျသူတွေလို ပြောဆို ပစ်တင်မောင်းမဲကြပါတယ်။ အဲဒီမှာ နှစ်ဖက် ကွဲသထက်ကွဲပြီး ဆွေးနွေးပွဲတွေမှာ လက်ရှောင်ရတဲ့ တော့ပစ်တစ်ခု ဖြစ်လာခဲ့ပါတယ်။ (အဲဒီအထဲမှာ ရင်နာစရာ အကောင်းဆုံး အချက်တစ်ခုကတော့ တကယ့် အပြောင်းအလဲကို ဖော်ဆောင်နိုင်စွမ်းရှိတဲ့ developer တွေ ကျောခိုင်းသွားကြတာပါ။ ကျွန်တော် မှတ်မှတ်ရရ ကိုမတ်(ခ်)ခေါ် ကိုစိုးမင်း၊ (Zawgyi 2009 ထင်ပါတယ်၊ အဲဒါကို တည်ဆောက်ခဲ့ပါတယ်) နောက် ကိုစေတန် စသည်ဖြင့်ပါ။ ကိုစေတန်ကတော့ ဘာမှဝင်မပြောပေးမယ့် သူတတ်နိုင်တဲ့ဖက်က ဝင်လုပ်ပေးနေပါသေးတယ်။ ဥပမာ - Rabbit Converter လိုမျိုး) 

ကဲ ... ဒီလောက်ဆို ဇော်ဂျီ၊ Unicode ဇာတ်ရေလည်ကြပြီ ထင်ပါတယ်။ ဇော်ဂျီကိုယ်တိုင် Unicode 4.0 အပေါ်မှာ အခြေတည်ပြီး တည်ဆောက်ခဲ့တာ ဖြစ်သလို ယူနီကုဒ်၊ ယူနီကုဒ်လို ပြောနေတဲ့ ဖောင့်တွေကလဲ အဲဒီ Unicode စနစ် ပြည့်စုံသွားတဲ့အပေါ်မှာ ဆက်လက် တည်ဆောက်ထားကြတာ ဖြစ်ပါတယ်။ တကယ်တော့ အားလုံးက တစ်လမ်းတည်း သွားကြတာပါ။ ဇော်ဂျီကလဲ ဇော်ဂျီအလျှောက် မြန်မာစာစနစ်ကို အကျိုးပြုခဲ့ပါတယ်။ ယူနီကုဒ်စနစ်ဟာလဲ မြန်မာစာစနစ်ကို အများကြီး အကျိုးပြုခဲ့တာပါပဲ။ အဲဒီလို ဆော်ကြကစ်ကြ၊ ကလေးတွေကို ရန်ဖြစ်ကြ၊ နှပ်ပစ်ကြ၊ ပေလယျကံပြုကြ လုပ်နေကြတာတွေကို ရပ်တန်းက ရပ်သင့်ပြီလို့ ကျွန်တော် မြင်ပါတယ်။

အခုနောက်ပိုင်း Development လိုအပ်ချက်တွေအရ မြန်မာစာစနစ်တစ်ခုတည်းသာ ရှိဖို့ လိုတဲ့ အနေအထားဟာ တစ်ဖြည်းဖြည်းနဲ့ ကြီးမားလာပါပြီ။ အဲဒီအတွက် အပြောင်းအလဲ တစ်ခုကို မဖြစ်မနေ လုပ်ကို လုပ်ရပါတော့မယ်။ ဇော်ဂျီကလဲ Unicode 4.0 မှာ ရပ်မနေနဲ့ တိုးတက်လာတဲ့ စနစ်နဲ့ အညီ ပြောင်းလဲ အဆင့်မြှင့်တင်ဖို့ လိုပါတယ်။ Unicode အနေနဲ့လဲ ထုထည် အင်မတန်များတဲ့ ဇော်ဂျီအသုံးပြုသူတွေကို လွယ်လွယ်ကူကူ ကူးပြောင်းနိုင်အောင် ကူညီသင့်ပါတယ်။ ဒါပေမယ့် အဲဒီလို အခြေအနေဆိုတာ စောင့်နေလို့ မရပါဘူး။ ကိုယ်တိုင် ဝင်ပါမှ ဖြစ်မှာပါ။ ကျွန်တော်တို့ Developer တွေ အနေနဲ့ ကိုယ်တည်ဆောက်တဲ့ Web App, Mobile App တွေမှာ

(၁) ဇော်ဂျီနဲ့ ယူနီကုဒ် ပေါင်းကူးကို မဖြစ်မနေ ထည့်သွင်းပေးကြပါ။
(၂) ယူနီကုဒ်စနစ်ကို မိတ်ဆက်ပေးကြပါ။ 
(၃) ဇော်ဂျီအထောက်အပံ့ကို ဆက်လက် ထည့်သွင်းထားပေမယ့် နောက်တစ်ချိန်မှာ ဆက်သုံးရမှာက ဒီထက်ပိုကောင်းတဲ့ စနစ်ဆိုတာကို အသိပေးကြပါ။
(၄) အသုံးပြုသူတွေ အနေနဲ့ ဇော်ဂျီ၊ ယူနီကုဒ်ဆိုတာကို မသိတော့ပဲ မြန်မာစာစနစ်တစ်ခုတည်း အဖြစ်သိသွားတဲ့ အဆင့်အထိ ရောက်အောင် လုပ်ကြပါ။

အဲဒီလို လုပ်ကြမယ်ဆိုရင် အချိန်အတိုင်းအတာ တစ်ခုအတွင်း မှန်ကန်တဲ့ အပြောင်းအလဲ ဖြစ်သွားမယ်လို့ ယုံကြည်ပါတယ်။

Soe Thiha Naung

Comments

Popular posts from this blog

မြန်မာအဘိဓာန်အက္ခရာစဉ်နည်း

မြန်မာအက္ခရာစဉ်ရာတွင် ၁။ ဗျည်းအက္ခရာစဉ် ၂။ ဗျည်းတွဲ ၃။ သရကာရန် ၄။ အသတ်ကာရန် ဟူ၍ ၄ ဆင့်ရှိပါသည်။ ၁။ ဗျည်းအက္ခရာစဉ် ****************** ဗျည်းအက္ခရာ စဉ်ရာတွင် က မှ အ အထိ အစဉ်လိုက်သာဖြစ်သည်။ မှတ်သားရန်မှာ ဉကလေးကို ညကြီးရှေ့တွင် စဉ်ရသည်။  ဥပမာ >>>ဗျည်းစဉ်များကို သိရန် အောက်ပါစာများကို အက္ခရာစဉ်ကြည့်ပါ။ အိတ်ကပ်၊ ခါသာ၊ မာလာ၊ ငါးသိုင်း၊ ဉာဏ၊ ညအခါ၊ ကတိ။ ကတိ၊ ခါသာ၊ ငါးသိုင်း၊ ဉာဏ၊ ညအခါ၊ မာလာ၊ အိတ်ကပ်။ ဟု အဖြေရပါသည်<<< ၂။ ဗျည်းတွဲ ********** ပင့်၊ရစ်၊ဆွဲ၊ထိုး သည် ယ၊ရ၊ဝ၊ဟ ၏ စာလုံးဆင့်ပုံစံ ဖြစ်ပါသည်။ ထို့ကြောင့် ယ၊ရ၊ဝ၊ဟ အစဉ်လိုက်အတိုင်းစဉ်ရသည်။ ကျ၊ကြ၊ကှ၊ကွ။ ကျွ၊ ကြွ။ ကျှ၊ကြှ၊ကွှ။ ကျွှ၊ကြွှ။ (ကဗျည်းနှင့် ပေါင်းပြထားပါသည်) ရှင်းအောင်ပြရပါက ကျ=က ယ။ ကြ=က ရ။ ကှ=က ဟ။ ကွ=က ဝ ကျွ=က ယ ဝ။ ကြွ=က ရ ဝ ကျှ=က ယ ဟ။ ကြှ=က ရ ဟ။ ကွှ=က ဝ ဟ ကျွှ=က ယ ဝ ဟ။ ကြွှ=က ရ ဝ ဟ ဖြစ်ပါသည်။ ဥပမာ >>>မျောက်ကြီး၊ မွဲတေ၊ မျှတ၊ မြို့မ၊ မှတ်ခြင်၊ မြွေပါ၊ မွှေးပျံ့။ မျောက်ကြီး၊ မြို့မ၊ မွဲတေ၊ မှတ်ခြင်၊ မြွေပါ၊ မျှတ၊ မွှေးပျံ့။ <<< ...

Contacts တွေကို one click နဲ့ unicode ပြောင်းနည်း

ios သမားတွေကတော့အရင်ဆုံး App Store ထဲဝင်ပြီး search ကနေ pyaung လို့ရိုက်ရှာပါ။ ပြီးရင် Download လုပ်ပါ။ ရှာ မတွေ့ရင် ဒီ link ကနေ download လုပ်လို့လည်း ရပါတယ်။ https://apps.apple.com/us/app/pyaung/id1039690192 home screen မှာ pyaung app ပေါ်လာရင် ဝင်လိုက်ပါ။Contact ဆိုတဲ့ tap ထဲဝင်ပါ။ zawgyi to uni , uni to zawgyi ကို စိတ်ကြိုက်ပြောင်းနိုင်ပါပြီ။ Android သမားတွေကတော့ ကိုနေရှိန်ဦး လုပ်ပေးထားတဲ့ app ကို အောက်က link ကနေ Download လုပ်ပြီး zawgyi to uni , uni to zawgyi ကို စိတ်ကြိုက်ပြောင်းနိုင်ပါတယ်။ https://play.google.com/store/apps/details?id=com.nso.unicc https://m.apkpure.com/unicontact-converter/com.nso.unicc နောက်တခုက Dev House က ထုတ်တဲ့ MM contact converter ပါ။ သူကတော့ Android သီးသန့်ပါပဲ။ Contacts တွေမှာ zawgyi နဲ့ unicode ရောနေရင်တောင် အဆင်ပြေပါတယ်။  ပြောင်းနေရင်း ဟန်းသွားတာမျိုးမဖြစ်ပါဘူး။ (Main thread မှာအလုပ်လုပ်မလုပ်ပဲ thread ခွဲပြီးပြောင်းလို့ပါ) https://play.google.com/store/apps/details?id=me.myatminsoe.mmcontactsconverter

ပြည်ထောင်စု font

Pyihtaungsu Font Downloads Windows 7 – Microsoft Office အားလုံးအတွက် – Pyidaungsu-1.8_Regular.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) – Pyidaungsu-1.8_Bold.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) Windows 10 & 8 – Microsoft Office 2013, 2016 အတွက် – Pyidaungsu-2.5_Regular.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) – Pyidaungsu-2.5_Bold.ttf ဖောင့်    [ DOWNLOAD ]     Mirror Link (Google Drive) iPhone, iPad အတွက် – Pyidaungsu-2.4.mobileconfig ဖောင့်ပရိုဖိုင် Safari Browser ကိုသုံး၍ ဒေါင်းပါ    [ DOWNLOAD ]     Mirror Link (Google Drive) Download Myanmar Unicode Keyboards KeyMan Keyboard အသုံးပြုခြင်း Download Myanmar Unicode Fonts Myanmar3 အဟောင်း – Myanmar3_MultiOS.ttf ဖောင့်   [ DOWNLOAD ]      Mirror Link (Google Driv...