အစက ကိုယ် အသည်းကွဲနေတာကို လူသိအောင် ထုတ်ပြ ထုတ်ပြောဖြစ်တယ်။ နောက်ပိုင်းကျတော့ ကိုယ့်ဘေးက လူတွေပါ ပူလောင်လာတာကိုသိရတော့ ဘယ်သူ့မှ မပြောဖြစ်တော့ပဲ တိတ်တိတ်လေးပဲ အသည်းကွဲတော့တယ်။ ကိုယ်မရှိရင် မဖြစ်ဘူးဆိုတဲ့ လူတစ်ယောက်က အခုကျတော့ ကိုယ်မပါပဲ ခရီးဆက်နေပြီပဲ မဟုတ်လား။ ကိုယ့်ကို မလိုအပ်တော့တဲ့ လူတစ်ယောက် အတွက်နဲ့ ကိုယ်လည်း စိတ်ညစ်မခံချင်တော့တာနေမယ်။ ဘာလို့အသည်းကွဲသလဲဆိုတော့ တခါတလေ သတိရမိသွားလို့ပေါ့။ သတိမရအောင်တော့ အတတ်နိုင်ဆုံးနေတာပဲ။ အကျိုးအကြောင်းတွေတိုက်ဆိုင်လာတဲ့အခါ သတိရမိသွားတာပေါ့။
သူနဲ့ပတ်သတ်သမျှ အရာရာ မေ့ပစ်ထားခဲ့ မတွေးမိအောင် နေခဲ့ပေမယ့် အိပ်မက်တွေကိုတော့ တားလို့မရခဲ့ပါဘူး။ တခါတလေ အိပ်မက်ထဲမှာ လာငိုနေတော့လည်း ကိုယ်က ဒီအတိုင်း မနေနိုင်ပြန်ဘူးကွယ်။ သတိရမိပြန်တာပေါ့။ ဘာများဖြစ်လို့ပါလိမ့်ဆိုပြီး တွေးပူနေမိပြန်ရော။ ကိုယ်မရှိလည်း ဖြစ်တဲ့ လူတစ်ယောက်က ဘာလို့ အိပ်မက်ထဲအထိ လာပြီး ငိုပြနေရတာပါလိမ့်ဆိုတာလည်း ဆက်စပ်တွေးလို့ မရခဲ့ပြန်ဘူး။ အိပ်မက်တွေက တကယ်လား။ ရုတ်တရက် နားထဲကြားလိုက်ရတဲ့ ခေါ်သံတွေကရော တကယ်ပဲလား။ ဘယ်လိုမှ တားမရ ဖြစ်နေတဲ့အိပ်မက်တွေ ခေါ်သံတွေကို ပိတ်ပင်ဖို့အတွက် တရားထိုင်နေရတဲ့ ကိုယ့်အဖြစ်က တွေးမိရင် ရယ်စရာကြီး။
အိပ်မက်တွေ ဆိုလို့ ပြောရဦးမယ်။ ကိုယ်က အိပ်မက် အကြီးကြီးမရှိဘူး။ ကိုယ့်ဘဝကြီးက အင်မတန်မှရိုးရှင်းတယ်။ ယှဉ်ပြိုင်မှု့တွေမရှိဘူး။ ဘယ်သူ့ကိုမှလည်း ကိုယ်က ပခုံးချင်းလိုက်မတိုင်းသလို ဘယ်သူကမှလည်း ကိုယ့်ကို လာမတိုင်းဘူး။ သူကျတော့ အိပ်မက်တွေက ကြီးတယ်။ အကြီးကြီးတွေဖြစ်ချင်တယ်။ သူ့ဘော်ဒါတွေမှာ အပြိုင်အဆိုင်များတယ်။ အဲ့လိုဆိုတော့ အိပ်မက် အကြီးကြီး မမက်တဲ့ကိုယ်နဲ့ ရထားချင်း လွဲခဲ့တာလည်း မထူးဆန်းဘူး ထင်ရတာပဲ။
နောက်ဆုံးတခေါက်ဖုန်းပြောတော့လည်း ဘယ်သူမှ မျက်ရည်မကျတော့ပဲ ငိုနေကြတယ် ဆိုတာ နှစ်ယောက်လုံး မပြောပဲသိကြတယ်။ ဘယ်တော့မှ ပြန်မတွေ့ကြတော့ဘူးဆိုတာ သေချာသွားပြီလေ။ ကိုယ်တိုင်ရွေးချယ်ခဲ့တဲ့လမ်း ကိုယ့်လမ်းကိုယ်လျှောက်ကြရတော့မယ်။ လာလည်းမနောက်နဲ့ နောက်လည်း မလာဘူး ဆိုတာမျိုးပေါ့။ ခွဲခွါခြင်းတွေနဲ့ အဆုံးသတ်တဲ့ ဘဝကြီးပဲလေ။ ကောင်းသောခွဲခွါခြင်းကို ကြိုဆိုရမှာပေါ့။ ဒီလိုပါပဲ။ ပူစီဖောင်းတွေတွေ ပွတ်တိုက်မိကြတယ်။ အရှိန်ပြင်းတော့ ပေါက်ကွဲသွားကြတယ်ပေါ့။ ဒီလောက်ပါပဲ။
Comments
Post a Comment