စာအုပ်ဆိုင်ယဥ်ကျေးမှု့

 စာအုပ်ဆိုင်တွေအကြောင်းပြောရမယ်ဆိုရင် ကျွန်တော် ငယ်ငယ်ဆိုမှ တော်တော်ငယ်ငယ်က အကြောင်းက စပြောမှရမယ်။

ငယ်ငယ်လေးတုန်းကပေါ့။ စာဖတ်တတ်တဲ့ အရွယ်ရောက်တော့ အဘွားလေး (အဘိုးရဲ့ ညီမက စာအုပ်ဆိုင်ကနေကလေးကာတွန်းတွေ အမြဲငှားလာပေးတယ်။ အဲ့တာနဲ့ ကာတွန်းစာအုပ်ဖတ်ဖြစ်တယ်ပေါ့။ 

တခုသောနွေရာသီကျောင်းပိတ်ရက်ကျမှာ အမေက ဖောင်ကြီးသင်တန်းသွားတက်တော့ ကျွန်တော်က အဘွား(အဖေရဲ့ အမေနဲ့ အတူနေရတယ်။ အဘွားက ဈေးထဲမှာ ဖိနပ်ဆိုင်ဖွင့်ထားတော့ မနက်လင်းတာနဲ့ အဘွားနဲ့ အတူဆိုင်ဖွင့် တနေကုန် ဈေးရောင်း၊ ညနေမှ အိမ်ပြန်ရတာပေါ့။ အဲ့ဈေးထဲမှာ ငြိမ်းချမ်းရေး ဆိုတဲ့နာမည်နဲ့ စာအုပ်အငှားဆိုင် ရှိတယ်။ ဈေးထဲက လူတွေ အတွက်ကျတော့ အဆင်ပြေအောင်လုပ်ပေးထားတယ်။ တခြားအပြင်ကစာအုပ်ဆိုင်တွေနဲ့ မတူတာက သူက နေ့ချင်း ငှားလို့ရတယ်။ ဒီနေ့ငှားပြီး ဒီနေ့ပြန်အပ်ရင် တဝက်ဈေးပဲ ပေးရတာမျိုးပေါ့။ ဒါပေမယ့် အပေါင်သဘောတော့ ငှားခကို တဝက်ပေးရတာ ရှိတယ်။ ကျွန်တော်က အဲ့အချိန်မှာ စာဖတ်တာ နည်းနည်းမြန်နေပြီ။ တစ်ရက်ကို ကာတွန်း  အုပ်လောက်တော့ပြီးတယ်။ မနက် အဘွားနဲ့အတူဆိုင်ဖွင့်ရင်းဈေးဦးပေါက်အောင် စောင့်ရတာပေါ့။ မစောင့်လို့ မရဘူးလေ။ ဈေးဦးတောင် မပေါက်သေးပဲ အဘွားဆီက စာအုပ်ငှားခ သွားတောင်းရင် အဘွားက စိတ်ဆိုးတယ်ဗျ။ ဒါပေမယ့် ကြာလာတော့လည်း နေ့လည် ၁၁ လောက်ထိမှ ဈေးဦးမပေါက်သေးဘူးဆိုရင် အဘွားက အလိုက်တသိနဲ့ ဟိတ်ကောင်လေး ရော့ စာအုပ်ဆိုင် သွားငှါးချေ ဆိုပြီးစာအုပ်ဖိုး ကို ပိုက်ဆံအိတ်ထဲက ထုတ်ပေးတတ်တယ်။ အဲ့ပိုက်ဆံ ရပြီဆိုတာနဲ့ စာအုပ်အငှားဆိုင်ကို တန်းနေအောင် ပြေးတော့တာပဲ။ အဲ့ အရွယ်နဲ့ လူလည်ကျတာကို ပြောရဦးမယ်။ စောနပြောသလိုပဲ ကျွန်တော်က တနေ့ကိုစာအုပ်  အုပ်လောက်တော့ ဖတ်နိုင်နေပြီ။ ဒါပေမယ့် အဘွားက  အုပ်ဖိုး ဘယ်ပေးမလဲဗျ။ အဲ့တာနဲ့ စာအုပ်အငှားဆိုင်မှာ စာအုပ်ရှာသလိုလို စာအုပ်ရွေးသလိုလိုနဲ့ ထိုင်ဖတ်တာကိုပဲ တစ်အုပ်ပြီးအောင် ဖတ်တော့တာပဲ။ ညနေရောက်လို့ စာအုပ်ပြန်သွားအပ်တော့လည်း အဲ့လိုပဲ ဆိုင်မှာ တစ်အုပ်ပြီးအောင် မတ်တပ်ရပ်ပြီးဖတ်တော့တာပဲ။ 


အဲ့ဒီနောက် စာဖတ်အားပိုသန်လာတယ်။ သန်လာတယ်ဆိုတာက ပိုမြန်လာတာကိုပဲ ပြောတာပါ။  ဦးလေးက နတ္တခတရောင်ခြည် နဲ့ ဂမ္ဘီရ မဂ္ဂဇင်း အဖတ်များတယ်။ အဘွားလေးက ရုပ်ရှင်တေးကဗျာ၊ ရွှေအမြူတေ၊ သုတစွယ်စုံ တို့ အဖတ်များတယ်။ စာအုပ်ငှါးဖို့ ပိုက်ဆံမရှိတဲ့ အချိန်တွေမှာ သူတို့ငှါးလာတဲ့ စာအုပ်တွေ ထိုင်ဖတ်ဖြစ်တော့တာပဲ။ အဲ့တော့ လူကသာ ငယ်နေတာ အဲ့အချိန်မှာ ဖြစ်နေတဲ့ ဂီတရေစီး အကြောင်းတွေ၊ နိုင်ငံတကာရုပ်ရှင်အကြောင်းတွေ၊ ရုပ်ရှင် review တွေ၊ အင်တာဗျူးတွေ အတော်များများ သိနေပြီ။ သူတို့ငှါးလာတဲ့ စာအုပ်တွေကိုဖတ်တော့ ကိုယ်လည်း ပိုက်ဆံမကုန်ဘူးလေ။ 


စာအုပ်ဆိုင်ယဉ်ကျေးမှု့ ကို ပြောရရင် ဦးကြိုင် က မပါမဖြစ်ပါရလိမ့်မယ်။ ကျွန်တော်  တန်းနှစ်ထင်တာပဲ။ကျွန်တော်တို့ရပ်ကွက်ထဲမှာ စာအုပ်ဆိုင် အသစ်တစ်ဆိုင်လာဖွင့်တယ်။ စာအုပ်ဆိုင် ဆိုတော့ ပြေးတာပေါ့။ စဖွင့်ကာစဆိုတော့ စာအုပ်တွေကတော့ မစုံဘူးပေါ့။ စာအုပ် အသစ်တွေလည်း သိပ်မရှိဘူး။ အိမ်နဲ့ နီးတာဆိုတော့ သူ့ဆိုင်ကိုပဲ သွားဖြစ်တာပေါ့။ နွေရာသီကျောင်းပိတ်ရက်တွေဆို သူ့ဆိုင်မှာပဲ တနေကုန် စာအုပ်ထိုင်ဖတ်ဖြစ်တော့တယ်။ အိမ်ကိုတောင် မပြန်ဖြစ်တော့ဘူး။ ဖောက်သည်တွေဖြစ်သွားတော့ စာအုပ်ငှါးခကလည်း တစ်လတခါရှင်းဖြစ်သွားတယ်။ အကြွေးစာရင်းပါဖွင့်ပြီး စာအုပ်ငှါးတော့တာပဲ။ အစတုန်းကတော့ ကာတွန်းတွေ ရုပ်ပြတွေပဲ ဖတ်တာပေါ့။ နောက်ကျ မင်းသိင်္ခတို့ မင်းမြတ်သူရတို့ ဖတ်တယ်။ အဲ့နောက် သိုင်းဝတ္ထု စာစဉ်တွေဖတ်တယ်။ အဲ့သိုင်းဝတ္ထုတွေလည်း ဖတ်ရော ဦးကြိုင်က မဖတ်နဲ့ ပြောပါလေရော။ မင်း အဲ့တာတွေ ဖတ်တာ အချိန်ကုန်တယ် ငွေကုန်တယ် တဲ့။ ဖတ်မယ့်ဖတ် ဘာသာပြန်ဖတ်ကြည့်ပါ့လားဆိုပြီး ဘာသာပြန်ဝတ္ထုတွေ မြည်းခိုင်းကြည့်တယ်။ 

ဒီနေရာမှာ ကြားဖြတ်ပြီး ပြောချင်တဲ့ ထူးထူးခြားခြား အမှတ်ရစရာတစ်ခုက အဲ့အချိန်မှာ မဂ္ဂဇင်းတွေထဲမှာ ဟယ်ရီပေါ်တာက နာမည်ကြီးလာတယ်။ ကျွန်တော်လည်း အဲ့တာနဲ့ ဦးကြိုင်ကို ပူဆာတာပေါ့။ ဟယ်ရီပေါ်တာ ဘာသာပြန်စာအုပ်ထွက်ရင် တင်ပေးပါဆိုပြီး။ အဲ့တုန်းက ဘာသာပြန်တွေက ခုလောက် စာအုပ်ထွက်တာ မမြန်သေးဘူး။တော်တော်ကြာတော့မှ နန္ဒသူ ဘာသာပြန်တဲ့ ဟယ်ရီပေါ်တာနဲ့ ပြဒါးရှင်လုံး စာအုပ်ထွက်လာတယ်။ ထွက်လာတာနဲ့ ဦးကြိုင်က ဝယ်ချလာတာပဲ။ ငါ့ကောင်ဖတ်ဖို့ဆိုပြီးတော့။ စာအုပ်အငှါးဆိုင်က စာအုပ်နောက်ကျောဖုံးတွေမှာ စာအုပ်ငှါးတဲ့သူစာရင်းမှတ်ထားတာရှိတယ်။ အဲ့ဒီ ဟယ်ရီပေါ်တာ ဘာသာပြန်စာအုပ်နောက်ကျော အဖုံးမှာ ငှါးတဲ့သူက ကျွန်တော် တစ်ယောက်ပဲ ရှိခဲ့တယ်။ ဟုတ်တယ်လေ။ ဘာသာပြန်ဆိုပေမယ့် ကလေးစာပေလို ဖြစ်နေတော့တော်ယုံလူက မငှါးဘူးလေ။ ဦးကြိုင်က အဲ့လိုပါဆိုနေ။ ဘယ်သူမှ မငှါးရင်နေ၊ စာအုပ်ဖိုး အရင်းမရရင် နေ၊ ကိုယ့်လူတွေ စာဖတ်ရရင် ရပြီဆိုတဲ့ လူ။ မြို့ပေါ်က တခြား စာအုပ်အငှါးဆိုင်တွေမှာလည်း ကျွန်တော့် စာအုပ်ငှါးပြီးဖတ်သေးတယ်။ ဒါပေမယ့် ဦးကြိုင်လို ဆက်ဆံရေးမကောင်းကြဘူး။ ဦးကြိုင်က ရက်လွန်ကြေးတွေ များနေပြီဆိုလျော့ပေးတယ်၊ ဥပမာ  ရက်လောက်လွန်နေတယ်ဆိုရင်  ရက်စာလောက်ပဲတောင်းတာမျိုးပေါ့။ နောက်ပြီးတခြား စာအုပ်အငှါးဆိုင်တွေက ဦးကြိုင်လောက် update မဖြစ်တာ။ ဦးကြိုင်ကတော့ ထွက်သမျှစာအုပ် အကုန်တင်တာပဲ။ ရန်ကုန် စာအုပ်တိုက်တွေကနေ တိုက်ရိုက်မှာပြီးကို တင်တာ။ 


အလယ်တန်းကျောင်းသားတစ်ယောက်မှာ မုန့်ဖိုးက ပေါပေါများများ ရှိမနေဘူးလေ။ အဲ့တော့ စာအုပ်အငှါးဆိုင်ကနေ ပြန်ကြားရေးက ဖွင့်တဲ့ မြို့နယ် စာကြည့်တိုက် ကို ရောက်သွားတော့တာပဲ။ အဲ့ခေတ်က စာကြည့်တိုက်ကစာအုပ် တစ်အုပ်ငှါးရဖို့က member ကဒ်က လုပ်ရသေးတာ။ Member ကဒ် လုပ်ဖို့ကိုပဲ ရပ်ကွက်ထောက်ခံစာ ယူရသေးတယ်။ အဲ့တာ ရပ်ကွက်လူကြီး ရုံးထိုင်တဲ့ အချိန် လက်ဖက်ရည်ဖိုးပေးပြီး ထောက်ခံစာ ယူရတာ။ ကျွန်တော်က မလုပ်တတ်တော့ အဖေ့ကို လုပ်ခိုင်းရတာပေါ့။ ရပ်ကွက်လူကြီး ကလည်း အမြဲ ရုံးမှာ မရှိဘူး။ သူ့ကို ဖမ်းရတာတစ်ပါတ်လောက်ကြာတယ်။ စာကြည့်တိုက်က member ကဒ်ရတော့လည်း စာအုပ်အစုတ်တွေ အဟောင်းအနွမ်းတွေကိုပဲ ငှါးလို့ရတာဗျ။ စာအုပ် အသစ်တွေ အကောင်းတွေ၊ စာပေဗိမာန်က ထုတ်တဲ့ စာအုပ်တွေကျတော့ ငှါးလို့မရဘူး။ ဗီဒိုကြီးထဲ သော့ခတ်ပြီး သိမ်းထားတယ်။ အဲ့တာနဲ့ အဲ့က စာရေးမ အမကြီးကို မေးတာပေါ့။ အဲ့တာနဲ့ အဲ့အမကြီးက နင် စာအုပ်လှူမှ အဲ့ ဗီဒိုထဲက စာအုပ်တွေ ငှါးလို့ ရမှာ လို့ ပြောတာနဲ့၊ အိမ်မှာ ဝယ်ထားတဲ့ ပုံပြင်စာအုပ်၁၀ အုပ်လောက် လှူလိုက်တာ ဗီဒိုထဲက စာအုပ်တွေ ဖတ်လို့ ငှါးလို့ ရသွားပါလေရောလား။ စာကြည့်တိုက်မှာလည်း သိပ်မကြာပါဘူး။ ငှါးစရာ စာအုပ်တွေက ကုန်သွားပါလေရော။ လာလှူတဲ့ စာအုပ်တွေပဲ ရှိတာကိုး။ လှူတဲ့သူကလည်း နည်းတယ်လေ။ ဖတ်တဲ့သူကလည်း နည်းတာပါပဲ။ တစ်ရက်မှာ စာကြည့်တိုက်ကို စာလာဖတ်တဲ့သူက ယောက်အထက် မပိုဘူး။ 


ကျွန်တော်ဆယ်တန်းနှစ်မှာ အမေက ရာဇသံပေးတယ်။ ဦးကြိုင်ဆီမှာ စာအုပ်မငှါးပါနဲ့ဆိုပြီး သွားပြောမယ် ဆိုပြီးတော့ပေါ့။ ဦးကြိုင်ကလည်း စာအုပ်ဖတ်တာလျော့ဦး ဆိုပြီးတော့ ပြောတယ်။ ကျွန်တော်လည်း ဦးကြိုင် ကိုအားနာတာနဲ့ စာအုပ်အငှါးဆိုင်ဘက်ကို မလှည့်တော့ဘူး။ စာအုပ် အရောင်းဆိုင်ဘက် လှည့်တော့တာပဲ။ မောင်ဗလတို့ လမ်းထိပ်က စာအုပ်ရောင်းတဲ့ ဆိုင် ရှိတယ်။ အဲ့ဆိုင်မှာ စာအုပ်ဝယ်ဖတ်တာ မျက်မှန်းတန်းမိသွားတော့ အကြွေးပါ ဝယ်လို့ ရသွားတယ်။ တချို့ ဝတ္ထုစာအုပ်တွေဆို အကြွေးနဲ့ ဝယ်လာတာ ဖတ်လို့သာ ပြီးသွားတယ် စာအုပ်ဖိုးကမပေးရသေးဘူး။ အဲ့သလိုကို အားပေးတာပါဆို။ အဲ့နောက်ပိုင်း စာအုပ်ကို အပိုင်ဝယ်ဖတ်ရတာ ပိုပြီး အရသာတွေ့သွားတယ်။ ဆယ်တန်းဆိုတော့ ဝတ္ထုစာအုပ်က ခိုးဖတ်ရတဲ့ အဆင့်ရောက်သွားတယ်။ အိမ်မှာဆို ညအိပ်ချိန် စောင်ကြီး ခေါင်းမြီးခြုံပြီး လက်နှိပ်ဓါတ်မီးနဲ့ စာအုပ်ခိုးဖတ်တယ်။ ကျောင်းမှာဆိုရင် ခုံစောင်းထဲ စာအုပ်ထိုးထည့်ပြီးအတန်းချိန်မှာ ဖတ်တယ်။ အဲ့လိုနဲ့ လိမ်ဖယ် လိမ်ဖယ်နဲ့ ဆယ်တန်းတစ်နှစ်ပြီးသွားတာပါပဲ။

ဆယ်တန်းပြီးတော့ ဦးကြိုင်စာအုပ်အငှါးဆိုင်ကို ပြန်ရောက်သွားတယ်။ သူ့ဆိုင်က စာအုပ် အဟောင်းတွေကို ဈေးဆစ်ပြီး ဝယ် ဖတ်တော့တာပဲ။ ငှါးရင် ၅၀၊ ဝယ်ရင် ၂၀၀ ဆိုတော့ ဝယ်ပဲ ဝယ်တော့တာပေါ့။ ဖတ်လို့  သွားတဲ့စာအုပ်တွေကျတော့ ပြန်ကြားရေး က ဖွင့်တဲ့ စာကြည့်တိုက်ကို လှူလိုက်တယ်။ မလှူလို့လည်း မရဘူး။ တစ်နေ့တစ်ခြားများများလာတဲ့ စာအုပ်တွေကို ဘယ်လို သိမ်းရမယ်မှန်းမှ မသိတော့တာ။ အဲ့လိုနဲ့ ဆယ်တန်းအောင်ပြီး ရန်ကုန်ကို ရောက်လာတဲ့ အခါ စာအုပ်ဆိုင်တွေနဲ့ ဝေးသွားတော့တာပဲ။ ရန်ကုန်မှာ စာအုပ် အငှါးဆိုင်ကို ရှာမတွေ့ဘူးလေ။နောက်ပြီး ရန်ကုန် ရောက်တဲ့ အချိန်မှာ အင်တာနက် ကဖေးတွေ ခေတ်စားနေတော့ အင်တာနက် ပေါ်မှာပဲအချိန်ကုန်နေတော့တယ်။ 

Comments

Popular posts from this blog

MacOS Myanmar Unicode Keyboard

Oppo ဖုန်းများတွင် Unicode ပြောင်းပုံ

Typing Tutor For Myanmar Unicode