Skip to main content

ကြောင်စာ

ကြောင်အတွက် ရေးထားတဲ့စာမို့ ကြောင်စာ လို့ ခေါင်းစဥ်တပ်ရတာပါ။ 

ခင်ဗျား တွေးကောင်းတွေးလိမ့်မယ်။ ကြောင်တွေက ဘလော့ က စာ ကို ဖတ်ပါ့မလားပေါ့။ ခင်ဗျား မှန်တယ်။ ကြောင်က လူရေးတဲ့ စာ ကို ဘယ်လိုလုပ်ဖတ်တတ်ပါ့မလဲ။ ဒါပေမယ့်ဗျာ ဒီစာကို ရေးဖြစ်တာကလည်း ကြောင်တစ်ကောင် က တောင်းဆိုလို့ဗျ။ 


အခု အသည်းကွဲပြီးတဲ့နောက်ပိုင်း People come and go ဆိုပြီး နေလာလိုက်တာ အတော်ကြာပြီ။ ဒီမတိုင်ခင်ကလည်း ဒီလိုပဲ ဝင်လိုက် ထွက်လိုက် သွားလိုက်လာလိုက် ပြန်လာလိုက် ပြန်သွားလိုက်နဲ့ နေလာတာ မွေးကတည်းပဲ ဆိုပါတော့။ 


ဒီနှစ်ထဲမှာ လူတစ်ယောက် ကျွန်တော့်ဘဝထဲကနေ ထွက်သွားတယ်။ အဲ့လူတစ်ယောက် နေရာမှာ ကြောင်တွေ ရောက်လာတယ်။ အဲ့ထဲက တစ်ကောင်ကတော့ ကြောင်အစစ်ပါ။ ကျန်တာတွေက metaphors တွေပေါ့။ အိမ်မွေးတိရိစ္ဆာန် အနေနဲ့ ကိုယ်တိုင်ကိုယ်ကျ တစ်ကောင်မှ မမွေးဖူးဘူး။ ခုလည်း ဘယ်ကရောက်လာမှန်းမသိတဲ့ လမ်းဘေးက ကြောင်တစ်ကောင်က ကိုယ့်ရင်ခွင်ထဲ အတင်းတိုးဝင်လာတာက စပြီး ဘေးနား ခေါ်ထားမိသွားတယ်။ သူနဲ့ ဆော့ပေးနေတဲ့အချိန်ရယ်လို့လည်း မရှိခဲ့ပါဘူး။ ကိုယ်အပြင်သွားရင် သူအိပ်ပြီးနေခဲ့တာ များတယ်။ ကိုယ်ပြန်လာရင် သူ အဆာတောင်းတယ်။ ညဘက် ကိုယ်အလုပ်လုပ်နေရင် ဘေးနားကနေ လာချွဲတယ်။ သူ့ကိုပွတ်ပေးနေရင် သူ ကျေနပ်နေပြီ။ တခါက တအားဆိုးလို့ ငေါက်ပစ်လိုက်တာ မျက်နှာလေးချပြီး နေနေတော့တာ ဟောက်တဲ့သူပါ သနားသွားရပြန်တယ်။ 


ညအစောပိုင်းဆို သူက အိမ်လည်ထွက်တယ်။ ည ၂ နာရီနောက်ပိုင်းဆို ပြန်လာပြီ။ အခန်းတံခါးပိတ်ထားလည်း ဘေးအိမ်ကနေ ပတ်ဝင်တတ်တယ်။ နောက်ပိုင်း အခန်းအောက်ကြမ်းပြင်ကနေ လာလို့ရမှန်း သူသိသွားပြန်တယ်။ ညဘက်ပြန်လာရင် ပြန်လာကြောင်း ကိုယ့်ကိုနှိုးပြီး အသိပေးတယ်။ ဘယ်လို အသိပေးသလဲ ဆို အိပ်ပျော်နေတဲ့ ကိုယ့် အနားတိုးလာပြီး နားရွက်နားကပ်ပြီး ကို အော်နှိုးသလို လုပ်တာ။ ကိုယ်ကတော့ "ဟာ ဇိုး ကွာ" ဆိုပြီးစောင်ကို ခေါင်းမြီးခြုံပြီး အတင်းပြန်အိပ်တာပါပဲ။

နောက်ပိုင်းကျ ကိုယ် မနိုးမှန်းသိတော့ သူ့ဟာသူ အိပ်ရာဘေး ဝင်အိပ်နေတော့တယ်။ 


သူ ဗိုက်ဆာရင် ဘယ်လို အော်တယ်၊ သူနဲ့ ဆော့စေချင်ရင် ဘယ်လို အသံပေးတယ် ဆိုတာက စလို့ သူ့အသံတွေကို ကိုယ်အတော် နားယဉ်နေပြီ။

သူ့ကို သဘောကျတာ တစ်ခုက သူ့အစာမဟုတ်ရင် နှိုက်မစားတတ်တာပဲ။ တချို့ကြောင်တွေက ထမင်းစားခန်းထဲ အုပ်ဆောင်းကို လှပ်ပြီး အကုန်နှိုက်စားတတ်ကျပေမယ့် ဇိုးကတော့ အဲ့လို မလုပ်ဘူး။  ဘာကြီးလဲဆိုတာကို လာနမ်းကြည့်ယုံလောက်ပဲ။ သူ စားချင်ရင် တောင်းစားတော့တာပဲ။ အဲ့တော့မှ ကိုယ်စားနေရင်း နည်းနည်းခွဲပြီး သူ့အစာခွက်ထဲထည့်ပေးလိုက်ရင် သူ့အစာခွက်ထဲကဟာပဲ သူစားတယ်။ 

ဇိုး ရောက်လာပြီးနောက်ပိုင်း ကိုယ့်အတွက် ပြဿနာနည်းနည်းတက်တာက အဝတ်အစားပဲ။ ဒီကောင်က အမွှေးတအားကျွတ်တော့ ကိုယ့်ပေါ်တွေရော ကိုယ်ဝတ်သမျှ အဝတ်တွေရောမှာ ကြောင်မွှေးတွေချည်းဖြစ်ကုန်တော့ အပြင်သွားတိုင်း တိုင်တော့ ပတ်တယ်။ 

ကိုယ်တနေကုန် အပြင်ထွက်နေပြီး ညနေ အိမ်ပြန်ရောက်တာနဲ့ ဇိုး က အခန်းပေါက်ဝကနေ စောင့်နေတာကို မြင်ရတာ ထုံးစံလိုဖြစ်နေပြီ။ ကိုယ်ညဘက် အလုပ်လုပ်နေတယ်ဆိုရင် ပြတင်းပေါက်ပေါ်မှာ မေးတင်ပြီး လေညှင်းခံရင်း ကိုယ့်ကို ထိုင်ကြည့်နေတယ်။ 

အဲ့လိုနဲ့ ကြောင်နဲ့ ကိုယ်နဲ့ က ရန်မဖြစ်ပဲ ပြန်ပဲချစ်နေမိကြတယ်ဆိုတာ သတိမထားမိလိုက်ဘူး။ ကိုယ် သွားရတော့မယ့် နေ့မရောက်ခင် luggage ကို ပြင်တော့ ကြောင်က သူ့ကိုပါ luggage ထဲထည့်ပြီးခေါ်သွားပါ့လားလို့ ပြောတယ်။ ကိုယ် ရုတ်တရက် လန့်သွားတယ်။ ကြောင်က ဘယ်လိုလုပ် ကိုယ် သွားမှာ သိနေရတာလဲဆိုတာ။ ကိုယ်လည်း သူ့ကို ပြောမထားဘူးလေ။ အဲ့တာနဲ့ မခေါ်နိုင်ဘူးပဲ ပြန်ပြောလိုက်မိတယ်။ 


သွားမယ့်နေ့ မနက် ကျတော့လည်း  ကိုယ့်ကိုဖက်ထားတဲ့ သူ့ဆီက မသွားပါနဲ့လား ဆိုတဲ့ အကြည့်တွေကို ကိုယ် တကယ်မခံစားနိုင်ခဲ့ဘူး။ 





ကိုယ်သွားတော့လည်း အထုတ်တွေဆွဲပြီးထွက်လာတဲ့ ကိုယ့်ကို အိမ်အရှေ့ထိ သူ လိုက်ပို့ရှာတယ်။ ကိုယ်အိမ်ရှေ့ကနေ ကားပေါ်တက်သွားတဲ့ အချိန်အထိ သူ ထိုင်ကြည့်နေခဲ့တယ် ဆိုတာ ကားပေါ်ကနေမြင်နေခဲ့ရတယ်။



ကြောင်မွေးတဲ့သူတွေကို အရင်က အကောင်းမမြင်ခဲ့တဲ့ကိုယ်ပါ။ ခုကျ လမ်းဘေးက လေလွင့်ပြီးရောက်လာတဲ့ ကြောင်တစ်ကောင်ကြောင့် ကိုယ့်မှာ ငိုနေရပြန်ရော။ ကြောင်တွေက အဲ့လောက် သံယောဇဉ်တွယ်တတ်မှန်း ကိုယ်မသိခဲ့ဘူး။ ကြောင်တွေက unconditional love လို့ ပြောမိခဲ့တဲ့ ကိုယ့်ကို အခုတော့ ကြောင်တစ်ကောင်က သံယောဇဉ်တွေပေးသွားပြန်တယ်။

Comments

Popular posts from this blog

မြန်မာအဘိဓာန်အက္ခရာစဉ်နည်း

မြန်မာအက္ခရာစဉ်ရာတွင် ၁။ ဗျည်းအက္ခရာစဉ် ၂။ ဗျည်းတွဲ ၃။ သရကာရန် ၄။ အသတ်ကာရန် ဟူ၍ ၄ ဆင့်ရှိပါသည်။ ၁။ ဗျည်းအက္ခရာစဉ် ****************** ဗျည်းအက္ခရာ စဉ်ရာတွင် က မှ အ အထိ အစဉ်လိုက်သာဖြစ်သည်။ မှတ်သားရန်မှာ ဉကလေးကို ညကြီးရှေ့တွင် စဉ်ရသည်။  ဥပမာ >>>ဗျည်းစဉ်များကို သိရန် အောက်ပါစာများကို အက္ခရာစဉ်ကြည့်ပါ။ အိတ်ကပ်၊ ခါသာ၊ မာလာ၊ ငါးသိုင်း၊ ဉာဏ၊ ညအခါ၊ ကတိ။ ကတိ၊ ခါသာ၊ ငါးသိုင်း၊ ဉာဏ၊ ညအခါ၊ မာလာ၊ အိတ်ကပ်။ ဟု အဖြေရပါသည်<<< ၂။ ဗျည်းတွဲ ********** ပင့်၊ရစ်၊ဆွဲ၊ထိုး သည် ယ၊ရ၊ဝ၊ဟ ၏ စာလုံးဆင့်ပုံစံ ဖြစ်ပါသည်။ ထို့ကြောင့် ယ၊ရ၊ဝ၊ဟ အစဉ်လိုက်အတိုင်းစဉ်ရသည်။ ကျ၊ကြ၊ကှ၊ကွ။ ကျွ၊ ကြွ။ ကျှ၊ကြှ၊ကွှ။ ကျွှ၊ကြွှ။ (ကဗျည်းနှင့် ပေါင်းပြထားပါသည်) ရှင်းအောင်ပြရပါက ကျ=က ယ။ ကြ=က ရ။ ကှ=က ဟ။ ကွ=က ဝ ကျွ=က ယ ဝ။ ကြွ=က ရ ဝ ကျှ=က ယ ဟ။ ကြှ=က ရ ဟ။ ကွှ=က ဝ ဟ ကျွှ=က ယ ဝ ဟ။ ကြွှ=က ရ ဝ ဟ ဖြစ်ပါသည်။ ဥပမာ >>>မျောက်ကြီး၊ မွဲတေ၊ မျှတ၊ မြို့မ၊ မှတ်ခြင်၊ မြွေပါ၊ မွှေးပျံ့။ မျောက်ကြီး၊ မြို့မ၊ မွဲတေ၊ မှတ်ခြင်၊ မြွေပါ၊ မျှတ၊ မွှေးပျံ့။ <<< ...

ပြည်ထောင်စု font

Pyihtaungsu Font Downloads Windows 7 – Microsoft Office အားလုံးအတွက် – Pyidaungsu-1.8_Regular.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) – Pyidaungsu-1.8_Bold.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) Windows 10 & 8 – Microsoft Office 2013, 2016 အတွက် – Pyidaungsu-2.5_Regular.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) – Pyidaungsu-2.5_Bold.ttf ဖောင့်    [ DOWNLOAD ]     Mirror Link (Google Drive) iPhone, iPad အတွက် – Pyidaungsu-2.4.mobileconfig ဖောင့်ပရိုဖိုင် Safari Browser ကိုသုံး၍ ဒေါင်းပါ    [ DOWNLOAD ]     Mirror Link (Google Drive) Download Myanmar Unicode Keyboards KeyMan Keyboard အသုံးပြုခြင်း Download Myanmar Unicode Fonts Myanmar3 အဟောင်း – Myanmar3_MultiOS.ttf ဖောင့်   [ DOWNLOAD ]      Mirror Link (Google Driv...

MacOS Myanmar Unicode Keyboard

  MacOS မှာ ဘယ်တုန်းက ပါလာမှန်းတော့ မသိဘူး။ အစက keymagic နဲ့ပဲ မြန်မာစာကို ရိုက်နေတာ။ သဝေထိုးကို ရှေ့က ရိုက်တာ အကျင့်ပါနေလို့။ ခုကျ ubuntu မှာ messenger က chrominium based ဆိုတော့ သဝေထိုးရှေ့က ရိုက်ရင် bug ပါပြီး ရိုက်မရဖြစ်နေတာနဲ့ default keyboard ကို သုံးရပြန်ရော။ ခုမှ သတိရလို့ Mac မှာပြန်ကြည့်တော့ mac မှာ မြန်မာစာအတွက် ကီးဘုတ်က ၂ ခုပါတာပဲ။ တခုက ရိုက်နေကျ myanmar 3 layout နဲ့ နောက်တခုက ဘာကြီးလဲကို မသိတာ။ စာလုံးတွေက တနေရာစီ။ အဲ့တော့ default myanmar 3 layout keyboard နဲ့ ဆိုတော့ keymagic တောင် ထည့်စရာမလိုတော့ဘူး။ သဝေထိုးကို နောက်မှ ရိုက်တာကလည်း အသားကျနေပြီးသား။  System preferences > keyboard > input source ကနေ  + ကို နှိပ် Burmese ကို ရွေး ။အပေါ်က Myanmar ကို ရွေး။  ရပြီ။  P.S- Catalina နဲ့ BigSur မှာတော့ ရတယ်။ ကျန်တဲ့ အဟောင်းတွေတော့ မသိဘူး။