Unicode ပြဿနာ အဖြေရှာ

မူလက ဧရာနဲ့ရေးထားတာပါ။ စိတ်ဝင်စားဖို့ကောင်းလို့ ပြန်တင်ပေးလိုက်ပါတယ်။
ယခုအခါ ကွန်ပျူတာကို အသုံးပြုရာတွင် အင်္ဂလိပ်၊ ဂျာမန်၊ ပြင်သစ်စသော အနောက်တိုင်း ဘာသာစကားများသာမကပဲ တရုတ်၊ ကိုရီးယား၊ ဂျပန် စသော အရှေ့တိုင်း ဘာသာစကားများဖြင့်လဲ လွယ်ကူစွာ အသုံးပြုနိုင်ကြပြီ ဖြစ်သည်။ ဤကဲ့သို့ မိခင်ဘာသာစကားများဖြင့် ကွန်ပျူတာကို အသုံးပြုနိုင်ရခြင်းမှာ ဘာသာစကားအများအပြား၏ အက္ခရာများကို code-range တစ်ခုအတွင်းတွင် နေရာချထားပေးသော Unicode ခေါ် စံနှုန်းတစ်ရပ်ကို အများသဘောတူ သတ်မှတ်နိုင်ခဲ့သောကြောင့် ဖြစ်သည်။
အဆိုပါ စံနှုန်းအတွင်းတွင် မြန်မာအက္ခရာများအတွက် code-range ကို သတ်မှတ်နိုင်ခဲ့သော်လည်း နှစ်ပေါင်းများစွာကြာသည့်တိုင်အောင် အသေးစိတ် အကောင်အထည်ဖော်မည့် ပုံစံကို အတည်မပြုနိုင်သေးပဲ ရှိခဲ့သည်။ ထိုကာလ အတောအတွင်းတွင် ကွန်ပျူတာတွင် မြန်မာစာအသုံးပြုမှုကို ကျယ်ပြန့်လာစေရန် ရည်သန်လျှက် မြန်မာအက္ခရာများအတွက် သတ်မှတ်ပေးထားသော code-range ကိုကျော်လွန်ပြီး အခြားဘာသာစကားများ၏ code-range အတွင်းမှ code အချို့ပေါင်းစပ်လျှက် ပညာရှင်အချို့က ဇော်ဂျီ မြန်မာစာ စနစ်ကို ဖန်တီးခဲ့ကြသည်။ ယခုအခါ မြန်မာစာ Unicode စနစ်သည် တည်ငြိမ်စ ပြုလာပြီဖြစ်ပြီး ဇော်ဂျီ မြန်မာစာ စနစ်မှာ အခြားဘာသာစကားများနှင့် ယှဉ်တွဲ သုံးစွဲနိုင်သည့် Unicode အစစ်မဟုတ်သော်လည်း အများသုံး (de facto) စံနှုန်းတစ်ရပ် အဖြစ် ရပ်တည်လျှက်ရှိသည်။ ဤစာတမ်းငယ်တွင် ဇော်ဂျီစနစ်မှ Unicode စနစ်သို့ အဆင်ပြေပြေ ပြောင်းလဲနိုင်မည့် နည်းလမ်းများကို သုတသိပ္ပံ (Information Systems) လေ့လာသူတစ်ဦး၏အမြင်မှ ဆွေးနွေးတင်ပြမည် ဖြစ်သည်။
Unicode Chart for Myanmar ---- Unicode Consortium. Modified to show a purpose.
Unicode Chart for Myanmar ---- Unicode Consortium. Modified to show a purpose.
နိဒါန်း
နိုင်ငံတကာသုံး စံနှုန်းဖြစ်သည့် Unicode စံနှုန်းတွင် မြန်မာအက္ခရာများ၏ နေရာ (ခွင်) ကို အတိအကျ သတ်မှတ်နိုင်ခဲ့ပြီး ဖြစ်သော်လည်း စာလုံးများ၏ နေရာနှင့် ဘာသာစကား၏ ရှုပ်ထွေးမှု ပြဿနာများကို ဖြေရှင်းနိုင်ရန် စံသတ်မှတ်ချက် အတိအကျ မရှိသည်မှာ အတော်ပင် ကြာမြင့်ခဲ့သည်။ ဥပမာအားဖြင့် ပြ နှင့် ကြ တွင် သုံးထားသော ရရစ်မှာ အတူတူပင်ဖြစ်သော်လည်း ၄င်းတို့ကို ပုံဖော်ရန်အတွက် software support (rendering support) လိုနေလေသည်။ ၄င်းကို အလွယ်နည်းနှင့် ဖြေရှင်းရန်မှာ code-range ကို ချဲ့ပစ်ရန်ဖြစ်ရာ (ရရစ် ၂ ခုသုံးမယ်၊ code ၂ ခုပေး ဆိုတာမျိုး) ပညာရှင်အချို့က စံနှုန်းမတည်ငြိမ်မီ ကာလအတွင်း ဆေးမြီးတိုအဖြစ် အခြားဘာသာစကားများ၏ code များကို ချေးငှားသုံးစွဲကာ ဇော်ဂျီစာလုံးစနစ်ကို ဖန်တီးခဲ့ကြသည်။
ဇော်ဂျီရဲ့ ပြဿနာ
၄င်းသည် ပြဿနာ ၂ ရပ်ကို ဖိတ်ခေါ်လာသည်။ ဇော်ဂျီသည် အင်္ဂလိပ် အက္ခရာများ၏ code ကို မထိသဖြင့် အင်္ဂလိပ်/မြန်မာ တွဲဖက်ရေးသားရာတွင် အဆင်ပြေသော်လည်း ၄င်းချေးငှားထားသော ဘာသာစကားများနှင့် မြန်မာစာကို တွဲဖက်ရေးသားပါက ကွန်ပျူတာအနေနှင့် ချေးသုံးထားသော code များကို မည်သည့် အက္ခရာ (မြန်မာ အက္ခရာ သို့မဟုတ် အခြား အက္ခရာ) အဖြစ် ဖော်ပြပေးရမည်ကို မသိနိုင်ပဲ ဖြစ်လိမ့်မည်။ (ဥပမာ 1E29 သည် ‘ḩ’ လား၊ Latin Small Letter H with Cedilla လား မသိနိုင်တော့ပေ။) နောက်ပြဿနာတစ်ရပ်မှာ တူညီသော စာလုံးများ ကို code အများအပြားသို့ assign လုပ်ထားသဖြင့် sorting စီရာ (နှင့် searching ရှာရာ) တွင် မလိုလားအပ်သော ရှုပ်ထွေးမှုများကို ဖြစ်ပေါ်စေပါသည်။ ဥပမာအားဖြင့် ရရစ်သည် ပြ ဟုရေးရာတွင် တမျိုး၊ ကြ ဟုရေးရာတွင် တမျိုး၊ လုံးကြီးတင်နှင့် တွဲရန်တမျိုး (ပြိ၊ ကြိ) စသဖြင့် အမျိုးမျိုး ရိုက်နေရသည်။ အမှန်မှာ အက္ခရာ စဉ်ရာတွင် ကြသည် ပြအရှေ့ (ကြိသည် ပြိအရှေ့) ဟူ၍ ရရစ် ၂ မျိုးကို အတူတူ သဘောထားပြီး စီရရာ အက္ခရာစီရာတွင် အချိန် ပိုမို ကြာမြင့်စေပါသည်။
ဇော်ဂျီ၏ အဓိက အားနည်းချက် တစ်ရပ်မှာ စာလုံးများ၏ စံပုံစံ မရှိခြင်းပင် ဖြစ်သည်။ တ + – ိ + – ု (တို) နှင့် တ + – ု + – ိ (တို) တို့မှာ ဇော်ဂျီတွင် မတူညီကြပေ။ တူညီသောစာလုံးများကို ရိုက်ထည့်သော အစီအစဉ် မတူညီခြင်းကြောင့် ကွန်ပျူတာက မတူညီဟု အဖြေထုတ်ပေးခြင်းမှာ လက်ခံနိုင်ဖွယ် အရည်အသွေးတစ်ရပ် မဟုတ်ပေ။ အသုံးပြုရလွယ်ကူခြင်းကြောင့် ယနေ့တွင် online ပေါ်ရှိ မြန်မာစာအသုံးပြုမှု (blog, forum, chat application) အများစုသည် ဇော်ဂျီ မြန်မာစာ စနစ်ဖြင့် ဖြစ်သည်။ (မြန်မာစာ ရေးသားရန်အတွက် Zawgyi installer application ကို install လုပ်ခြင်းဖြင့် Windows စနစ်အများစုတွင် ဇော်ဂျီ မြန်မာစာ စနစ်ကို ချက်ချင်း အသုံးပြုနိုင်ပြီး ဖတ်ရှုရန်အတွက်မူ သာမာန် font တစ်ခု သွင်းသကဲ့သို့ သွင်းလိုက်ရန်သာ လိုအပ်သည်။ ရေးသားရန်အတွက် လေ့ကျင့်ရန် မလိုအပ်ပေ။)
Myanmar – 3 ရဲ့ ပြဿနာ
Myanmar – 3 အပါအဝင် Unicode 5.1 စနစ်သုံး မြန်မာစာစနစ်များသည်လည်း အစိုးရက ထောက်ခံနေလင့်ကစား အားနည်းချက်များ ရှိဆဲပင်ဖြစ်သည်။ ဥပမာအားဖြင့် မောက်ချာ (- ါ) နှင့် ရေးချာ (- ာ) တို့မှာ စာလုံး ၂ လုံးဖြစ်နေသည်။ အက္ခရာစဉ်ရာတွင် ၄င်းတို့ကို အတူတူဟု သဘောထားပြီး စီရသည်။ (ဇော်ဂျီ၏ ရရစ်ကဲ့သို့ပင် မလိုအပ်ပဲ code-range ကို ဖြုန်းတီးသကဲ့သို့ ဖြစ်နေပါသည်။) အသတ် (- ်)နှင့် ပုံစံတူသော်လည်း အသတ်နှင့် ဘာမှမဆိုင်သော ရှေ့ထိုး (ဥပမာ ကော် မှ – ်) မှာ code မရှိပါ။ တနည်းအားဖြင့်ဆိုသော် Unicode 5.1 သည်လည်း တိုးတက်ပြောင်းလဲဦးမည့် အရိပ်အယောင်များ ရှိနေပါသည်။ သို့ရာတွင် ၄င်းသည် စာရိုက်ရာတွင် သတ်မှတ်ထားသလိုသာ ရိုက်သွင်းရသဖြင့် ဇော်ဂျီကဲ့သို့ တို ၂ မျိုး ဖြစ်နေစရာ မရှိသဖြင့် ဇော်ဂျီထက် ပိုမို တည်ငြိမ်မည်ဟု မျှော်လင့်ရသည်။
ယနေ့တွင် အစိုးရဝန်ကြီးဌာနများအားလုံးကို Myanmar-3 အသုံးပြုရန် ညွှန်ကြားထားပါသည်။ ၄င်းကိုအသုံးပြုရန်အတွက် အနည်းငယ်ရှုပ်ထွေးသော အဆင့်များ လိုအပ်သည်။ Windows စနစ်တွင် ဖတ်ရှုရန်အတွက်လဲ သီးသန့် software များ သွင်းရန် လက်ရှိအချိန်တွင် လိုအပ်ဆဲဖြစ်သည်။ ၄င်းကို အသုံးပြု ရေးသားရန်အတွက် အချိန်အနည်းငယ်ကြာမျှ လေ့ကျင့်ရန် လိုအပ်ပါသည်။
Unicode ပြဿနာဆိုတာ ဘာလဲ။
ဇော်ဂျီဖြင့် ရေးသားထားသော စာများသည် စီ၍၊ ရှာ၍ ခက်ခဲလှသည်။ ဥပမာအားဖြင့် တ + – ိ + – ု (တို) နှင့် တ + – ု + – ိ (တို) တို့သည် မတူညီကြပါ။ ပထမ တို ကို ရှာဖွေရန် ကြိုးစားရာတွင် ဒုတိယ တို ကို ထည့်သွင်း ရှာဖွေခိုင်းပါက ရှာတွေ့မည် မဟုတ်ပါချေ။ ဇော်ဂျီဖြင့် ရေးသားထားသော မြန်မာစာတို့မှာ တနေ့တခြား တိုးပွားလာနေရာ နောင်တချိန်တွင် ၄င်းတို့သည် ရှာရ၊ ဖွေရခက်သည့် စာအုပ်ပုံကြီးနှင့် အတူတူပင် ဖြစ်လာတော့မည် ဖြစ်သည်။ (အဆိုတော် စိုင်းစိုင်းခမ်းလှိုင်၏ အကြောင်းကို ရေးသားသူ တဝက်က စ + – ိ + – ု + င + – ် ဟု ရေးပြီး ကျန်တဝက်က စ + – ု + – ိ + င + – ် ဟု ရေးပါက မည်သို့ ဖြစ်မည်ကို မှန်းဆကြည့်ပါ။)
အခြားတစ်ဖက်တွင် အစိုးရ ဝန်ကြီးဌာနများသည် အသုံးပြုသူ အများစု (သဝေထိုး ပြဿနာကြောင့်) ဖတ်မရသော Myanmar – 3 စနစ်ကို အသုံးပြုလျှက် ရှိကြသည်။ ၄င်းဌာနများက e-Government စနစ်များကို နောင်အနာဂါတ်တွင် မိတ်ဆက်ခဲ့ပါက Myamar – 3 ကို နိုင်ငံသားတိုင်း မဖြစ်မနေ အသုံးပြုရမည်မှာ သေချာသလောက် ရှိသည်။ ထို့ပြင် Windows စနစ်များတွင် Unicode 5.1 ကို အထောက်အပံ့ပေးပါက ဖတ်မရသော ပြဿနာမှာ အလိုအလျောက် ပြေလည်သွားမည်ဖြစ်သည်။ (ယခုအခါ KDE သုံး Linux များတွင် Myanmar – 3 ကို ဒီအတိုင်း ဖတ်လို့ရပြီဖြစ်သည်။) ပြောချင်သည်မှာ Myanmar – 3 ကို အနှေးနှင့် အမြန် ပြောင်းကို ပြောင်းရမည် ဖြစ်သည်။
Unicode ပြဿနာသည် တကယ်တမ်းအားဖြင့် ကွန်ပျူတာ သိပ္ပံ ပြဿနာ တစ်ရပ်မဟုတ်ပါ (အကျယ်ကို လောကအလှနှင့် အင်တာဗျူး ရှု)။ Myanmar – 3 ကို ပြောင်းရမည်မှာလဲ သေချာ၊ ဇော်ဂျီကိုလဲ ကြာရှည် အသုံးပြုရန်လဲ အဆင်မပြေ၊ တစ်ဦးချင်း ပြောင်းရန်လဲ နည်းပညာအရ လွယ်ကူ လျှင်မြန်ပါလျှက်နှင့် ဇော်ဂျီကို လူများစု ဖက်တွယ်ထားကြခြင်းမှာ လူမှုရေး ပြဿနာ ဖြစ်သည်။
မြန်မာစာ အသုံးပြုကြသူများ
မြန်မာစာ အသုံးပြုကြသူများနှင့် အသုံးပြုရခြင်း ရည်ရွယ်ချက်ကို နားလည်မှသာလျှင် ၄င်းတို့ကို ပြောင်းလဲရန်အတွက် ဓာတ်ကူပစ္စည်း (Agent of Change) ထည့်သွင်းပေးလို့ ရပေမည်။ မြန်မာစာ အသုံးပြုကြသူများနှင့် ၄င်းတို့၏ ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။
* စာစီစာရိုက်ဆိုင်များ – ရည်ရွယ်ချက် – မြန်မာစာကို ရေးသားပြီး ပုံနှိပ်ထုတ်ပေးရန်
* အစိုးရ ဌာနများ – ဌာနတွင်း စာရေးသားရန်၊ ရေးသားသမျှကို အထက်က ညွှန်ကြားသည့် ပုံစံအတိုင်း ကွန်ပျူတာအတွင်း သိမ်းဆည်းရန်၊ e-Government စနစ်များဖြင့် အလုပ်လုပ်ကိုင်ရန်
* Chatter များ – မိမိ ရေးသားလိုက်သည့် စာအတိုင်း တဖက်က မြင်ရစေရန် (တဖက်က ရေးသားလိုက်သည့်အတိုင်း မိမိမြင်ရစေရန်)
* Forum များ – အဖွဲ့ဝင်အားလုံး အဆင်ပြေပြေဖြင့် ရေးနိုင်ဖတ်နိုင်ရန်။
* Blogger များ – visitor အားလုံး အဆင်ပြေပြေဖြင့် ဖတ်နိုင်ရန် (မှတ်ချက် ပြန်ရေးနိုင်ရန်)။
ဆိုပြီး အကြမ်းဖျင်းတွေ့ရှိရပါတယ်။ ပထမဆုံး အမျိုးအစားကတော့ ရှင်းပါတယ်။ ဘာစနစ်ပဲ သုံးသုံး စက္ကူပေါ်ကို စာလုံးထင်အောင် ပုံနှိပ်နိုင်ရင် ပြီးတာပါပဲ။ သူတို့ဟာ အချက်အလက်တွေကို သိမ်းဆည်းမှာလဲ မဟုတ်တော့ Unicode ပြဿနာမှာ ကြီးမားတဲ့ အခန်းက မပါဝင်ပါဘူး။ ဒုတိယ အမျိုးအစားကတော့ အစကတည်းက Myanmar – 3 ကို ပြောင်းလဲ သုံးစွဲပြီး ဖြစ်တဲ့အတွက် ထည့်သွင်းစဉ်းစားရန် မလိုပါဘူး။
နောက်ဆုံး အမျိုးအစား ၃ မျိုးရဲ့ ရည်ရွယ်ချက်တွေကတော့ ခပ်ဆင်ဆင် တူညီပါတယ်။ မိမိ ပေးချင်တဲ့ သတင်းစကားကို လက်ခံသူက အထူးအထွေ အားမစိုက်ရပဲ မြန်မာလို မြင်ရစေဖို့ ဖြစ်ပါတယ်။ (Forum တွေကတော့ searching/sorting ကို လိုချင်ကြမှာပေါ့။) သူတို့ရဲ့ အဓိက ရည်ရွယ်ချက်က Myanmar – 3 ကို မပြောင်းကြခြင်းရဲ့ အဖြေပါပဲ။ Myanmar – 3 ကိုပြောင်းလိုက်ရင် သူတို့ပေးချင်တဲ့ သတင်းစကား (စာသား) ကို စာဖတ်သူအများစု မမြင်နိုင်ကြမှာကို စိုးကြောက်တာ ဖြစ်ပါတယ်။ နောက်တမျိုးပြောရရင် အကျဉ်းသားရဲ့ ဒွိဟ (Prisoner’s dilemma) ဖြစ်ပါတယ်။ (ငါတစ်ယောက်တည်း ချွန်ထွက်ပြီး ပြောင်းမိမှဖြင့် ငါတော့ ဒုက္ခရောက်ရချေရဲ့ ဖြစ်နေတာပါ။ အဲဒါနဲ့ပဲ အပြန်အလှန်စောင့်ရင်း lock ဖြစ်နေပါတယ်။)
ဘယ်လိုပြောင်းကြမလဲ
လက်ရှိ ဇော်ဂျီကနေ Myanmar – 3 ကို ပြောင်းလဲဖို့ စည်းရုံးနြေကတဲ့သူအများစုက ဒီလို lock ဖြစ်နေတဲ့ အခြေအနေကနေ ရုန်းထွက်နိုင်ဖို့အတွက် ဘာမှ မကူညီကြပါဘူး။ အဲဒီအစား ဇော်ဂျီသုံးရင် နောင်တချိန်မှာ အကုန်လုံး ပျက်သွားမယ် (ရေးထားတာလေးက Sci-Fi ဇာတ်လမ်းကျနေတာပဲ) ဆိုပြီး ခြိမ်းချောက်လိုက်၊ ဇော်ဂျီဟာ Unicode အစစ်မဟုတ်ဘူး ထပြောလိုက်နဲ့ပဲ တယောက်ချင်းကို ပြောင်းဖို့ တိုက်တွန်းနြေကပါတယ်။ ဇော်ဂျီအသုံးပြုသူများအနေနဲ့ လာဖတ်တဲ့သူတွေ ဘာမှလုပ်စရာမလိုပဲ Myanmar – 3 နဲ့ ရေးထားတဲ့ မြန်မာစာ မြင်ရစေမယ်လို့ အာမမခံမချင်း ပြောင်းလဲမှာ မဟုတ်ပါဘူး။ ဒီလိုအာမခံတာတောင် ဒီတိုင်းလဲ မြင်နေရတာပဲဆိုပြီး ပြောင်းဦးမှာ မဟုတ်လို့ အပြောင်းအလဲအတွက် ဆုလာဘ်ပေးဖို့ (မက်လုံးပေးဖို့) လိုပါတယ်။
စာရေးသူရဲ့ အဆိုပြုချက်က ဒီလိုပါ။ Myanmar – 3 ကို အပြည့်အဝ အထောက်အပံ့ပေးတဲ့ Major Operating Systems (Windows) ထွက်လာတဲ့အထိ စောင့်ပါ။ အဲဒါ ထွက်လာခဲ့ရင် ကနဦး ပြောင်းလဲမဲ့ Forum/Blog အရေအတွက်ကို သတ်မှတ်ပါ။ (ရှိသမျှ Forum/Blog အားလုံးရဲ့ ၆ဝ% အနည်းဆုံး ရှိသင့်ပါသည်။ ပြောင်းလဲဖို့ commitment ပေးတဲ့ Forum Admin/Blogger ကို ပြောင်းလဲဖို့အတွက် နည်းပညာ အထောက်အကူ ပေးပါ။) သတ်မှတ်ထားတဲ့ အရေအတွက် မပြည့်မီ မည်သူမျှ စတင် မပြောင်းလဲရပါ။ commitment ပေးထားတဲ့ Forum/Blog ဘယ်နှခုရှိပြီဆိုတာကို သတင်းမှန်မှန် ထုတ်ပြန်ပါ။ သတ်မှတ်ထားတဲ့ အရေအတွက် ပြည့်သွားရင် ပြောင်းလဲဖို့ ရက်သတ်မှတ်ပြီး တပြိုင်နက် ပြောင်းလဲခိုင်းပါ။ (Database Literature မှ 2-phase commit နှင့် ဆင်ဆင်တူပါသည်။)
တနည်းအားဖြင့် ပြောရလျှင် ရှိသမျှ Forum/Blog အားလုံးရဲ့ ရာနှုန်းတစ်ခု (၆ဝ%) ပြောင်းကြမယ်ဆိုရင် သင်လိုက်ပြောင်းမှာလားလို့ မေးလိုက်တာနဲ့ တူတူပါပဲ။ ပြောင်းမယ်လို့ ဖြေတဲ့သူ အဲဒီ ရာနှုန်း ပြည့်သွားရင် ပြည့်သွားပြီ၊ ပြောင်းကြတော့လို့ ပြောလိုက်တာ ဖြစ်ပါတယ်။ ကိုယ်တယောက်တည်း ချွန်ထွက်မနေဘူးလို့ အာမခံချက်ရတဲ့အတွက် ဇော်ဂျီအသုံးပြုသူဟာ စိတ်လုံခြုံမှု ရရှိမှာ ဖြစ်ပါတယ်။ ပိုပြီးကောင်းတဲ့ ရလဒ်ရအောင်လို့ ဒီပြောင်းလဲမှုကို ဇော်ဂျီကို ဖန်တီးတဲ့ အဖွဲ့အစည်းက ဦးဆောင်ရင် ပိုကောင်းပါတယ်။ Commitment ပေးတဲ့လူတွေ များလာအောင်လို့ Myanmar – 3 က ဇော်ဂျီထက် သာတဲ့အချက်တွေ (စီတာ၊ ရှာတာ လုပ်နိုင်တာ၊ ဘာသာစကားအများအပြားနဲ့ တွဲသုံးနိုင်တာ၊ Unicode စစ်တာ) တွေနဲ့ marketing လုပ်ဖို့ လိုပါမယ်။
နိဂုံး
ဤစာတမ်းငယ်တွင် မြန်မာစာစနစ်များအကြောင်း မိတ်ဆက်တင်ပြပြီး အများသုံး ဇော်ဂျီစနစ်မှ Unicode စံနှုန်းမီ Myanmar – 3 မြန်မာစာစနစ်သို့ ပြောင်းလဲရန်လိုအပ်ကြောင်း၊ ထိုသို့ပြောင်းလဲခြင်းကို အဟန့်အတားဖြစ်နေသည်မှာ နည်းပညာ ပြဿနာထက် လူမှုရေးပြဿနာသာ ဖြစ်ကြောင်း ဖော်ပြပြီး ၄င်းလူမှုရေး ပြဿနာကို ဖြေရှင်းရန် နည်းလမ်းတစ်ခုကိုလဲ အချက်အလက်အခြေ ဘာသာရပ်မှ ငှားယူ ဖော်ပြခဲ့သည်။ ၄င်း နည်းလမ်း၏ ထိရောက်နိုင်စွမ်းနှင့် အခြား နည်းလမ်းကွဲများကို အနာဂါတ်တွင် လေ့လာရန် ကျန်ရှိနေဆဲ ဖြစ်သည်။
စာကြွင်း …
မြန်မာစာ ကောင်းစွာ မရိုက်တတ်သူ Chat application အသုံးပြုသူအချို့လဲ ရှိနေဆဲပင် ဖြစ်သည်။ ၄င်းတို့သည် ပြောလိုသော အကြောင်းအရာကို အသံဖလှယ်၍ အင်္ဂလိပ် အက္ခရာများဖြင့် ရေးသားသုံးစွဲကြသည်။ (ဥပမာအားဖြင့် Sar Pee P Lar ? = စားပြီးပြီလား ဖြစ်သည်။) ၄င်းတို့အတွက် အလိုအလျောက် ဘာသာပြန်ပေးသည့် စနစ်အမျိုးမျိုး ပေါ်ထွက်ခဲ့ရာ ဝိဇ္ဇာစနစ်မှာ ထင်ရှားသော ဥပမာ တစ်ခုဖြစ်သည်။

Comments

Popular posts from this blog

Oppo ဖုန်းများတွင် Unicode ပြောင်းပုံ

Typing Tutor For Myanmar Unicode

ပြည်ထောင်စု font