Skip to main content

ခရီးသွားမှတ်တမ်းများ - မုလအိသို့

 English လိုကျ mulayit လို့ ရေးပြီး မြန်မာလိုကျ မုလအိ လို့ ရေးတယ်။ မွန် ဘာသာနဲ့  ကျတော့ ဒဵုမုဟ်လအိတ် လို့ ရေးတယ်။ 

Click Wikipedia Link to read about မုလအိတောင်

ခရီးစဉ် စီစဉ်တဲ့ သူတွေက မသွားခင် တစ်ရက်အလိုမှာပဲ ကားတွေ မရလို့ ခရီးစဉ်ဖျက်တယ် ပြောတာကို ကား မရလည်း ရတာနဲ့ တက်မယ် တောင်ခြေအထိပဲ ရအောင် စီစဉ်ပေးပါဆိုပြီး ပြောလို့ ခရီးက ထွက်ဖြစ်သွားတာ။ 

Mountain View



ရန်ကုန်ကနေ မော်လမြိုင်အထိ ရထားနဲ့ သွားတယ်။ Upper class ကနေ သွားရတာဆိုတော့ သက်တောင့်သက်သာပါပဲ။ ကားနဲ့ သွားတာနဲ့ ရထားနဲ့ သွားတာက ဘာကွာသလဲဆိုတော့ ဂိတ်တွေ မရှိတော့ ခဏခဏ အောက်မဆင်းရဘူး။ အာရုံမနောက်ရတော့ဘူးပေါ့။ ရထားနဲ့ သွားတာက ကားနဲ့ သွားတာထက် အချိန်တော့ ပိုပေးရတယ်။ ရထားပေါ်မှာ လက်ဖက်ရည်လေး ဝယ်သောက်လိုက်၊ ထမင်းပေါင်းလေး ဝယ်စားလိုက်၊ အိပ်လိုက် စာအုပ်ဖတ်လိုက်နဲ့ ဆိုတော့ ၈ နာရီ ကြာအောင် ရထားစီးရပေမယ့် အချိန်က ကုန်လို့ ကုန်မှန်းမသိဘူး ဖြစ်သွားတယ်။ 

မော်လမြိုင်ဘူတာကနေ ညအိပ်မယ့် အိမ်အထိကို Light truck နဲ့ ခရီးဆက်ရတယ်။ သင်္ကြန်တွင်းဆိုတော့ ကားပေါ်မှာ ရေ ပက်ခံရတာ၊ လွယ်အိတ်တွေနဲ့ တောင်တက်အိတ်တွေကို ရေလုံအောင် မလုပ်မိတော့ အထဲပါသမျှ အထုတ်တွေ အကုန် ရေစိုကုန်တော့တာပဲ။ ညအိပ်တဲ့ အိမ်ရောက်တော့မှ အကုန်ထုတ်လှမ်းရတယ်။ ပိုက်ဆံအိတ်လည်း ရေတွေ အကုန်စိုပြီး ပိုက်ဆံတွေလည်း ထုတ်လှမ်းရတယ်။ နောက်တခါဆို အဝတ်တွေကို ရေလုံအောင် လုပ်ရမယ် ဆိုတာ သိသွားတာပေါ့။ ကင်မရာအိတ်ကတော့ အစကတည်း ရေလုံအိတ် ဆိုတော့ မပူရဘူး။ ဒါတောင် ခရီးသွားခါနီး တစ်ရက်အလိုကမှ waterproof bag တစ်လုံးဝယ်လိုက်ပြီး အဲ့ထဲ ထည့်ထားတာတွေက ရေမစိုတာ။ ပါသမျှ အဝတ်အစားတွေကလည်း quick dry တွေ မိုလို့သာ တော်တော့တယ်။ ညဘက် ထုတ်လှမ်းတာ မနက်ကျ အကုန်ခြောက်တယ်။   အိမ်အကုန်လုံးက solar တွေနဲ့ မီးထွန်းကြတယ်။ ရေအတွက်က ရေတွင်းတွေ တူးထားတာရှိတယ်။ ညဘက်ရေချိုးတော့ ရေတွင်းကနေ ရေငင်ပြီးချိုးရတယ်။ 

နောက်နေ့ မနက်ကျ ကားနဲ့ပဲ တောင်ခြေရွာကို ခရီးဆက်တယ်။ မနက်စာက ရွာထဲက ဆိုင်တစ်ဆိုင်မှာ ဝင်စားလိုက်တယ်။ ဘာရလဲ မေးတာ ထမင်းကြော် တစ်မျိုးပဲ ရတယ်။    

မနက်စာ ထမင်းကြော်


 လမ်းမှာကတော့ KNU ဂိတ်တွေနဲ့ DKBA ဂိတ်တွေကို ဖြတ်ရတယ်။ တခြား အဖွဲ့အစည်းတွေလည်း အများကြီးပဲ။ ဘယ်အဖွဲ့အစည်းမှန်းသာ မသိတာ။ စကစ ဂိတ်တွေလို မဟုတ်ဘူး။ ကရင်ဂိတ်တွေက ရစ်တာ ဘာညာ မရှိဘူး။ မှတ်ပုံတင်တောင်းကြည့်တယ်၊ ဘယ်သွားမှာလဲ ဘာလုပ်မှာလဲ မေးတယ်။ အေးဆေးပြန်ဖြေရင် အကုန် အဆင်ပြေတယ်။ ဂိတ်တစ်ခုမှာ ကရင်စစ်သားတစ်ယောက်က ဘယ်ဘက်က ရေပြွတ်သေနတ်၊ ညာဘက်က အရှည် လွယ်ထားပြီး ကင်းစောင့်ရင်း ရေပက်နေတာတွေ့ခဲ့တယ်။ ဓါတ်ပုံ ရိုက်ချင်ပေမယ့် ကိုယ့်နယ်မြေမဟုတ်တာရယ် နယ်ခံက မရိုက်ပါနဲ့ တားလို့ရယ်နဲ့ မရိုက်ဖြစ်ခဲ့ဘူး။ သူတို့ခမျာလည်း သင်္ကြန်ကျချင်ရှာမှာပေါ့လေ။ လူငယ်တွေပဲဟာ။ ကရင်ဂိတ်တွေအကုန် စည်ပိုင်းတွေချထားပြီး ရေပက်ကြတယ်။ ဂိတ်မှာ စစ်တဲ့ သူတွေက စစ်၊ ရေပက်တဲ့သူတွေက ပက်နဲ့ ပျော်စရာကြီး။

 ဂိတ်တစ်ခုရောက်တော့ “ညီလေး ရှေ့ဆက်သွားလို့ မရတော့ဘူး” လို့ လာပြောတယ်။ “ဘာဖြစ်လို့လဲဗျ” လို့ မေးတော့ “စတုဒီသာ အဝစားပြီးမှ ညီလေးတို့ ဆက်သွားလို့ ရမယ်” တဲ့။ တစ်လမ်းလုံး စတုဒီသာ ကျွေးတာ အကုန် စားလိုက်၊ ရေပက်ခံလိုက်နဲ့၊ ထမင်းစားဖို့ စားသောက်ဆိုင်ရောက်တော့လည်း ဟင်းပွဲတွေ စောင့်ရင်း ဆိုင်ရှေ့က ကလေးတွေ ရေပက်နေတာတွေ့တာနဲ့ သူတို့နဲ့ အတူရေဝင်ပက်လိုက်သေးတယ်။ တောင်တက်ဖို့ လာတာတောင် မေ့သွားတယ်။

ကျိုက်ဒုံ ကို ရောက်တော့ ရေနဲ့ ဓါတ်ဆားထုတ်တွေ ဝင်ဝယ်တယ်။ အဲ့မှာ အန်တီကြီး တစ်ယောက်က ဘယ်ကလာသလဲ ဘယ်သွားမလို့လဲ လာမေးတယ်။ မုလအိ တက်ကြမလို့ ဆိုတော့ ပါလာတဲ့ အထုတ်တွေကိုကြည့်ပြီး “ဟုတ်ပါ့မလား မောင်ကာဠုရယ်” ဆိုပြီး ရယ်တယ်။ တခြား ဂိတ်တွေကရော သွားခွင့်ပေးလိုက် သလား မေးပြီး သူက ဒီနယ်မြေက အဖွဲ့အစည်းက မို့ တာဝန်အရမေးရတာ ဖြစ်ကြောင်းလည်း ရှင်းပြတယ်။ 

အဲ့ကနေ တောင်ခြေရွာ အထိက ဖုန်တွေချည်းပဲ။  ဖုန်ကို အလုံးလိုက် အလုံးလိုက် ထ တာကိုမှ လမ်းမှာ တချို့နေရာတွေက ရေပက်ကြတော့ ဖုန်တွေနဲ့ ရေတွေနဲ့ လုံးပြီး လူက မျောက်ရုပ်ကို ထွက်ရောပဲ။

နေမွန်းတည့်ချိန်


 တောင်ခြေရွာကို ရောက်တော့ နေ့လည် ၁၂ အတိ၊ နွေရာသီဆိုတော့ နေကလည်း ပူလိုက်တာမှ ခြစ်ခြစ်တောက်ပဲ။ နေပူပူကြီးလည်း တက်ကွာ ဆိုပြီး တက်တာ အတော် အီတယ်။ ဒီဘက်က တောင်တွေက အတော်မတ်တယ်။ နွေရာသီဆိုတော့ ဖုန်တွေကလည်း ထူတယ်။ ရှေ့ကလူ လမ်းလျှောက်တာနဲ့ ဖုန်တွေက တထောင်းထောင်းထ တာ၊ နောက်ကလူက ဖုန်ရှူနေပေတော့ပဲ။ တောမီးကလည်း ရှို့ထားတာဆိုတော့ တောင်တက်ရတာ မောလို့ အသက်ရှူပါမယ်ဆို ဖုန်တွေရယ် တောမီးရှို့ထားတဲ့ အနံ့နဲ့ရယ်ဆိုတော့ လူက အမောမပြေတဲ့အပြင် ပိုပြီး အသက်ရှူကြပ်လာတယ်။

ကွင်းပြင်ကျယ်



 ညနေ ၆ နာရီလောက်ကျတော့ မှောင်သွားပြီ။ ရှေ့ဆက်လို့ လုံးဝ မရတော့ဘူး။ သတ်မှတ်ထားတဲ့ စခန်းချရမယ့်နေရာ ကို က မရောက်သေးဘူး။

ကံကောင်းချင်တော့ အဲ့နားလေးမှာ ဘုန်းကြီးကျောင်းတစ်ကျောင်းရှိနေတာနဲ့ အဲ့က ဆရာတော်ကို ခွင့်တောင်းပြီး အဲ့မှာ ညအိပ်နားဖို့ ခွင့်တောင်းရတယ်။ ဘုန်းကြီးကလည်း ခွင့်ပြုတော့ အဲ့ဘုန်းကြီးကျောင်းမှာပဲ ညအိပ်ဖြစ်သွားတယ်။ စားစရာကတော့ ဘာမှ မရှိတာနဲ့ ဘုန်းကြီးကို စားစရာလေး စွန့်ပါဘုရား ဆိုပြီး ခေါက်ဆွဲခြောက်ထုတ် ၇ ထုတ်ကို ဘုန်းကြီးဆီက စွန့်လာပြီး ထမင်းအိုးလေးတည်၊ ဘုန်းကြီး ကျောင်းမှာ ကျန်တဲ့ ဟင်းလေးတွေနဲ့ စုပြီး စားလိုက်ကြတယ်။ 

ည စခန်းချ


တောင်ခြေရွာကျော်တာနဲ့ သားသတ်လွတ်နယ်မြေဖြစ်သွားပြီ။ သူတို့ ဘုန်းကြီးကျောင်းတွေ အကုန် အသားတု ကိုပဲ အသားအနေနဲ့ စားကြတာ။ တောင်တက်တဲ့ သူအကုန်လုံး Groundsheet နဲ့ sleeping bag ပါလာကြတော့ အိပ်ရတာ အဆင်ပြေတယ်။  တောင်ပေါ်ဒေသဆိုပေမယ့် သုံးရေ သောက်ရေ နဲ့ အိမ်သာကိစ္စ အကုန် အဆင်ပြေတယ်။ ရေကတော့ တောင်ကျချောင်းက ရေကို ရေစစ်နဲ့ စစ်ပြီးသောက်ရတာပေါ့။ 


နောက်နေ့ မနက် ၆ နာရီ ထပြီး ညက ကျန်တဲ့ ထမင်း ကို ထမင်းကြော်လိုက်တယ်။ ဘုန်းကြီးကျောင်းက ကပ္ပိယကြီးက ခရမ်းချဉ်သီး ချက်ထားပေးတယ်။ အဲ့ ၂ ခုရယ် ပါလာတဲ့ အသားတုကြော်ရယ်နဲ့ မနက်စာကိစ္စပြီးသွားတယ်။ စားသောက်ပြီးတာနဲ့ တောင်တက်ခရီးပြန်စတယ်။

 ညက အိပ်လိုက်ရတော့ လူက လန်းလန်းဆန်းဆန်း ဖြစ်သွားပြီ။ Speed လေးလည်း နည်းနည်းပြန်တက်လာတယ်။ 

 နေ့လည်ကျတော့ ဘုန်းကြီးကျောင်း တစ်ကျောင်းမှာ နေ့လည်စာ စားကြတယ်။ နေ့လည်စာစားဖို့ သတ်မှတ်ထားတဲ့ ဘုန်းကြီးကျောင်းမဟုတ်ပေမယ့် အဲ့မှာပဲ နားရင်း စားဖြစ်သွားတာ။ ခရီးသွားတွေ လာနေကျ တည်းနေကျ မို့ထင်တယ်။ ထမင်းအိုး က အသင့်ပဲ။ ဟင်းကတော့ ပါလာတဲ့ အခြောက်အခြမ်းလေးတွေနဲ့ ဘုန်းကြီးကျောင်းက ကျန်တဲ့ ဟင်းနဲ့ ပေါင်းပြီး လွေးကြရတာပေါ့။ နေ့လည်စာ စားနေတုန်းမှာ တောင်ပေါ်က ပြန်ဆင်းလာတဲ့ သူတွေနဲ့ တွေ့တော့ ရေဘူးနဲ့ ဆန့်သလောက် ရေ သယ်သွား ထည့်သွားလို့ ပြောကြတယ်။ အရှေ့မှာ ရေမရှိဘူးတဲ့။ အဲ့တာနဲ့ပဲ အဲ့ ဘုန်းကြီးကျောင်း က သောက်ရေကို ရှိသမျှ ရေဘူးထဲ အပြည့်ဖြည့်သွားကြတယ်။ ဘုန်းကြီးကျောင်းတွေမှာ တောင်တက်အဖွဲ့တွေ အတွက် ထမင်း က အမြဲချက်ပြီးသားရှိနေတတ်တယ်။ ကျွန်တော်တို့ ရောက်တော့လည်း ထမင်း အသင့်ရှိနေတာနဲ့ စားရတယ်။ စားပြီးတော့ နောက် ထမင်း တစ်အိုးကို ဘုန်းကြီးကျောင်းက ကပ္ပိယက ချက်ချင်းတည်တာပဲ။

ထမင်းချက်နေတဲ့ ကပ္ပိယကြီး


ဘုန်းကြီးကျောင်းက ထွက်လာပြီး သိပ်မကြာဘူး။ အတက် တစ်ခု ကို ရောက်တယ်။ လမ်းပြ က “ဒီနေရာ ကို ဘယ်လို ခေါ်သလဲ သိလား အကို” လို့ ပြောတော့ ကျွန်တော်က “ဆိုပါဦး” လို့ ပြန်ပြောတော့ “ နာမည်က ခွေးလျှာထွက် “ တဲ့။ လေးဘက်ထောက်ပြီး သွားတဲ့ ခွေးတောင် လျှာထွက်တယ် ဆိုတော့ ငါတို့တော့ ကိစ္စတုန်းပြီး ပေါ့လို့။ နာမည်နဲ့ လိုက်အောင်ပဲ မတ်စောက်လိုက်တာဆိုတာ တောင်တက်နေရင်း လျှာတင် မကဘူး အသက်ပါ ထွက်ချင်သွားတယ်။ 

လမ်းမှာ တောင်တစ်တောင် နာမည်က စက်ရုပ်တောင်တဲ့။ Transformers ရုပ်ရှင် ထွက်ပြီးမှ ပေးတဲ့ နာမည်လားတော့ မပြောတတ်ဘူး။

စက်ရုပ်တောင်


တောင် ၃၃ လုံး ဆိုတော့ အဆင်းက သိပ်မရှိပဲ အတက်ချည်းပဲ ဆက်တိုက်လာတာ။ ခွေးလျှာထွက် ကနေ နေ့လည်စာ စားရမယ့် ဘုန်းကြီးကျောင်း အထိ မရောက်ခင်က လမ်းမှာ သောက်ရေ လုံးဝ မရှိဘူး။ သယ်လာတဲ့ ရေကို နည်းနည်းချင်း ချွေတာပြီး သောက်ရတော့တာပဲ။ နေပူကြဲတဲ တောင်တက်တာမှာ သောက်ရေပြတ်သွားတာ အတော်ဆိုးတယ်။ အဖွဲ့ထဲက တချို့ဆို သောက်ရေပြတ်သွားပြီး လမ်းမှာတွေ့တဲ့ ငှက်ပျောတောထဲက ငှက်ပျောသီးထိပ်ဖူးတွေဖြတ်ပြီး အဲ့ထဲက ရေပါ စုပ်သောက်ကြရတယ်။ နေ့လည်စာ စားရမယ့် ဘုန်းကြီးကျောင်းရောက်မှပဲ ရေ ပြန်ရတော့တယ်။ အဲ့မှာနေ့လည်စာ စား၊ ခဏနား၊ ရေချိုး ပြီးတာနဲ့ ဆက်တက်ကြတာပေါ့။ 

နွေနေပူမှာ တောင်တက်ကြသူများ


တကယ်က တောင်ပေါ်ကို ကားနဲ့ တက်မယ် လုပ်နေတာ။ လာခေါ်မယ့်ကားကို စောင့်ရင်း စောင့်ရင်း မိုးချုပ်သွားတာနဲ့ မစောင့်တော့ပဲ ဆက်တက် ဖြစ်သွားတာ။ နားလိုက် တက်လိုက်နဲ့ပဲ ဖြေးဖြေးချင်း ဆက်တက် လာလိုက်တယ်။ ပုံမှန်ဆို ကျွန်တော် တောင်တက် ခရီးထွက်ရင်  တစ်ညအိပ်လောက်ပဲ ဆိုတော့ အဝတ်အစား    ၂ စုံ ရယ် တခြားဟာတွေရယ်ပဲ ဆိုတော့ အိတ်က သိပ် မလေးဘူး။ အခုက ၄ ရက်စာ ခရီးဆိုတော့ အဝတ်ကလည်း ၆ စုံ အပြင် ၄ ရက်စာ စားနပ်ရိက္ခာရယ်၊ ဒီတခါ ဓါတ်ပုံ သေချာရိုက်မယ်ဆိုပြီး ကင်မရာတွေ အပြင် tripod ကြီးပါ သယ်လာမိတော့ ကိုယ်သယ်နေကျ အလေးချိန်ထက် ၂ ဆ ပိုများသွားတယ်။ မလိုတာ တချို့ပါ ထည့်လာမိတော့ ပိုဆိုး။ များလာတဲ့ အလေးချိန်ကို training မရှိတဲ့ ဒူးက ခံ ရတော့တာပဲ။ တောင်ပေါ်ရောက်ခါနီးက စပြီး ညာဘက်ဒူးက နည်းနည်း နာချင်လာတယ်။ နာလည်း နာကွာ ဆိုပြီး ပေကပ်ပြီး တက်ရတာပဲ။ 

Me with Backpack


တောင်ပေါ်ရောက်သွားတော့လည်း ထုံးစံအတိုင်း ပင်ပန်းတာတွေ ခက်ခဲတာတွေ အကုန်မေ့ပြီး လောကကြီးက အတော်သာယာတာပဲ ဖြစ်သွားတော့တာပေါ့။ (အိမ်ပြန်ရောက်တော့ ဒူးနာတာ ပျောက်ဖို့ တစ်ပါတ်လောက် နားလိုက်ရတယ်။ )

မုဆိုးတောင်



တောင်ပေါ်ရောက်တော့ ညနေ ၆ နာရီ ထိုးတော့မယ်။ ညနေ နေဝင်တာလေး မှီသဟ ဆိုပြီး နေဝင်တာ ကြည့်တဲ့ နေရာကို အပြေးအလွှား သွားကြည့်ရတာပေါ့။ နွေရာသီဆိုတော့ တောင်တန်းတွေက အဝါရောင်တွေနဲ့ ပြည့်နေတယ်။ မိုးရာသီဆိုရင်တော့ စိမ်းစိမ်းစိုစို နဲ့ မြင်ရမယ်လို့ ထင်တာပဲ။

Mt Mulayit

တောင်ပေါ်မှာက စားသောက်စရာဆိုင်တွေ ရှိတော့ စားရေးသောက်ရေးနဲ့ အိမ်သာကိစ္စ ပူစရာတော့ မလိုဘူး။ ဒါပေမယ့် အဲ့ဆိုင်တွေက  ညအိပ်စခန်းချတဲ့နေရာမှာတော့ မဟုတ်ဘူး။ ညအိပ်စခန်းချတဲ့ မုဆိုးတောင်မှာတော့ ဘာမှ မရှိဘူး။ အဲ့ စားသောက်ဆိုင်တန်းကနေ ညအိပ်စခန်းကို ၄၅ မိနစ်လောက်တော့ ထပ်ပြီး လမ်းလျှောက်ရသေးတယ်။

ဒီတောင်ကို ပထမဆုံးအကြိမ် လာတာဖြစ်တော့ လမ်းခရီးမှာ ပြင်ဆင်ရမှာတွေမှာ လိုအပ်ချက်တွေရှိနေခဲ့တယ်။ တောင်ပေါ် ညအိပ်ရမယ့်နေရာ မရောက်မချင်း တောက်လျှောက် တောင်တက်နေခဲ့ရတယ်။ တောင်ပေါ်မှာ ညအိပ်ပြီးတော့လည်း တောာင်အောက်ရောက်တာ နောက်ကျမှာစိုးလို့ ဆိုပြီး မနက် လင်းတာနဲ့ ပြန်ဆင်းခဲ့ရတယ်။ အေးအေးဆေးဆေး vibe မရခဲ့ဘူး။ ရောက်ပြန်လိုကြီးဖြစ်နေခဲ့တယ်။ နောက်တစ်ခေါက် ထပ်သွားမယ်လို့တော့ စိတ်ကူးထားတယ်။ 

တောင်ပေါ်က ပြန်ဆင်းလာပြီး တောင်ခြေစခန်းကို ရောက်ခါနီးတော့ အလင်းရောင်က ပျောက်သွားပြီ။ ရောက်ခါနီး စမ်းချောင်းလေး ကို ဖြတ်ပြီးတော့ လမ်းပျောက်သွားတော့တာပဲ။ညဘက်ဖြစ်တော့ တော ခြောက်တာတွေ၊ အလင်းရောင် မရှိတော့ ဘယ်နေရာကို ကြည့်ကြည့် လူသွားလမ်း ဖြစ်နေတာတွေ နဲ့ ဆိုတော့ ညဘက်မှာ လမ်းပျောက်နိုင်ခြေက အတော်များတယ်။ တောင် စ တက်ကတည်းက လမ်းကို track လုပ် record ယူထားရမယ်။ ဒါမှ ပြန်ဆင်းတဲ့ အခါ လမ်းမပျောက်မှာ။ ဒီတခါတည်းနဲ့ တောထဲတောင်ထဲမှာ ညဘက်ကြီး လမ်းပျောက်ဖူးသွားတာနဲ့တင် အတော်မှတ်သွားပြီ။ စိတ်တိုပြီး လမ်းလိုက်ရှာလေ လမ်းက ပိုပျောက်လေပဲ။ ဖုန်းလိုင်းမမိ၊ GPS က အလုပ်တော့လုပ်တယ်၊ ဒါပေမယ့် တောလမ်းတွေဆိုတော့ map ထဲမှာ မပြဘူးလေ။ နေဝင်သွားတာနဲ့ မြေကြီးထဲက တနေကုန်ပူထားတဲ့ အပူတွေက အပေါ်ကို ပြန်တက်ပြီး လူ က ပေါင်းအိုးထဲ ထည့်ပြုတ်ထားသလို ချွေးပြိုက်ပြိုက်ကျ တော့တာပဲ။ ကံကောင်းချင်တော့ လမ်းပျောက်ပြီဆိုတာ သိသွားပြီး ဘယ်သွားသွား ဘယ်မှ မရောက်တော့ဘူး ဖြစ်နေတာနဲ့ လမ်းဆုံ မှာ ရပ်စောင့်နေလိုက်တာ နာရီဝက်လောက် စောင့်ပြီးရော လမ်းပြ ရောက်လာပြီး စခန်းကို ပြန်ရောက်သွားတယ်။ 


တောင်ခြေစခန်း ပြန်ရောက်ရောက်ချင်း ထမင်းဆိုင်က ကရင်မကြီး ချက်ထားတဲ့ တောဝက်သား ကို တွေ့တာပဲ။ ရေချိုးပြီး တောဝက်သားဟင်းနဲ့ ထမင်းနဲ့ လွေးလိုက်တာ။ ဘဝမှာ ပထမဆုံး စားဖူးတဲ့ တောဝက်သားပဲ။ အဆီမပါပဲ အသားနဲ့ အခေါက်ပဲ ပါတယ်။ အသားနဲ့ အခေါက်က မာဆတ်ဆတ်တော့ ဖြစ်နေပေမယ့် စားရတာ မြို့ပေါ်က ဝက်သားလို ဖွာ မနေဘူး။ ကျစ်ကျစ်နဲ့ ထုပ်ထုပ်လေး။ ဗိုက်က ဆာနေတာရယ် အသား မစားရတာ ၂ ရက် ရှိနေပြီ ရယ် ပေါင်းပြီး စားလိုက်တာ ထမင်း တစ်ပန်းကန် ကို အသာလေးပဲ။ ထမင်းစားပြီးမှ နောက်ကျ ကျန်ခဲ့တဲ့ အဖွဲ့နဲ့ ပေါင်းပြီး အိပ်ရမယ့် ဘုန်းကြီးကျောင်းကို သွားကြတယ်။ ဘုန်းကြီးကျောင်းရောက်တာနဲ့ အထုတ်ချပြီး တန်းအိပ်ပျော်သွားတော့တာပဲ။ 


P.S : ဒီခရီးမှာ မကျေနပ်တာက ဓါတ်ပုံ မရလိုက်တာပဲ။ Raw ဖွင့်ထားတယ်ဆိုပြီး အကုန် under ချရိုက်လိုက်မိတာ၊ အိမ်ရောက်တော့ ပုံတွေပြန်ကြည့်တော့ jpeg တွေချည်း ဖြစ်နေမှ သေပါပြီဆိုပြီး အော်မိတယ်။ ညဘက်ကြီး ကြယ်တွေကို ရိုက်မယ်ဆိုပြီး လူတွေအကုန် အိပ်တာကိုစောင့်၊ ကင်မရာကို tripod ပေါ် နေရာချပြီး long exposure နဲ့ ၄ နာရီ timmer ပေးပြီး ရိုက်ခဲ့တယ်။ ကလေးမ တစ်ယောက်က ညဘက်ကြီး ဆေးလိပ်သောက်ချင်လို့ မီးခြစ်လိုက်ရှာတယ်တဲ့၊ ဓါတ်မီးတစ်လက်နဲ့ အကုန်လျှောက်ထိုးတာ တစ်ညလုံး ရိုက်ထားတဲ့ ပုံက ပျက်ကရောပဲ။ ပျက်သွားတဲ့ ပုံလေးကို နောက်ဆုံးမှာ ထည့်ပေးလိုက်ပါတယ် :3


star trail at night



Comments

Popular posts from this blog

မြန်မာအဘိဓာန်အက္ခရာစဉ်နည်း

မြန်မာအက္ခရာစဉ်ရာတွင် ၁။ ဗျည်းအက္ခရာစဉ် ၂။ ဗျည်းတွဲ ၃။ သရကာရန် ၄။ အသတ်ကာရန် ဟူ၍ ၄ ဆင့်ရှိပါသည်။ ၁။ ဗျည်းအက္ခရာစဉ် ****************** ဗျည်းအက္ခရာ စဉ်ရာတွင် က မှ အ အထိ အစဉ်လိုက်သာဖြစ်သည်။ မှတ်သားရန်မှာ ဉကလေးကို ညကြီးရှေ့တွင် စဉ်ရသည်။  ဥပမာ >>>ဗျည်းစဉ်များကို သိရန် အောက်ပါစာများကို အက္ခရာစဉ်ကြည့်ပါ။ အိတ်ကပ်၊ ခါသာ၊ မာလာ၊ ငါးသိုင်း၊ ဉာဏ၊ ညအခါ၊ ကတိ။ ကတိ၊ ခါသာ၊ ငါးသိုင်း၊ ဉာဏ၊ ညအခါ၊ မာလာ၊ အိတ်ကပ်။ ဟု အဖြေရပါသည်<<< ၂။ ဗျည်းတွဲ ********** ပင့်၊ရစ်၊ဆွဲ၊ထိုး သည် ယ၊ရ၊ဝ၊ဟ ၏ စာလုံးဆင့်ပုံစံ ဖြစ်ပါသည်။ ထို့ကြောင့် ယ၊ရ၊ဝ၊ဟ အစဉ်လိုက်အတိုင်းစဉ်ရသည်။ ကျ၊ကြ၊ကှ၊ကွ။ ကျွ၊ ကြွ။ ကျှ၊ကြှ၊ကွှ။ ကျွှ၊ကြွှ။ (ကဗျည်းနှင့် ပေါင်းပြထားပါသည်) ရှင်းအောင်ပြရပါက ကျ=က ယ။ ကြ=က ရ။ ကှ=က ဟ။ ကွ=က ဝ ကျွ=က ယ ဝ။ ကြွ=က ရ ဝ ကျှ=က ယ ဟ။ ကြှ=က ရ ဟ။ ကွှ=က ဝ ဟ ကျွှ=က ယ ဝ ဟ။ ကြွှ=က ရ ဝ ဟ ဖြစ်ပါသည်။ ဥပမာ >>>မျောက်ကြီး၊ မွဲတေ၊ မျှတ၊ မြို့မ၊ မှတ်ခြင်၊ မြွေပါ၊ မွှေးပျံ့။ မျောက်ကြီး၊ မြို့မ၊ မွဲတေ၊ မှတ်ခြင်၊ မြွေပါ၊ မျှတ၊ မွှေးပျံ့။ <<< ...

Contacts တွေကို one click နဲ့ unicode ပြောင်းနည်း

ios သမားတွေကတော့အရင်ဆုံး App Store ထဲဝင်ပြီး search ကနေ pyaung လို့ရိုက်ရှာပါ။ ပြီးရင် Download လုပ်ပါ။ ရှာ မတွေ့ရင် ဒီ link ကနေ download လုပ်လို့လည်း ရပါတယ်။ https://apps.apple.com/us/app/pyaung/id1039690192 home screen မှာ pyaung app ပေါ်လာရင် ဝင်လိုက်ပါ။Contact ဆိုတဲ့ tap ထဲဝင်ပါ။ zawgyi to uni , uni to zawgyi ကို စိတ်ကြိုက်ပြောင်းနိုင်ပါပြီ။ Android သမားတွေကတော့ ကိုနေရှိန်ဦး လုပ်ပေးထားတဲ့ app ကို အောက်က link ကနေ Download လုပ်ပြီး zawgyi to uni , uni to zawgyi ကို စိတ်ကြိုက်ပြောင်းနိုင်ပါတယ်။ https://play.google.com/store/apps/details?id=com.nso.unicc https://m.apkpure.com/unicontact-converter/com.nso.unicc နောက်တခုက Dev House က ထုတ်တဲ့ MM contact converter ပါ။ သူကတော့ Android သီးသန့်ပါပဲ။ Contacts တွေမှာ zawgyi နဲ့ unicode ရောနေရင်တောင် အဆင်ပြေပါတယ်။  ပြောင်းနေရင်း ဟန်းသွားတာမျိုးမဖြစ်ပါဘူး။ (Main thread မှာအလုပ်လုပ်မလုပ်ပဲ thread ခွဲပြီးပြောင်းလို့ပါ) https://play.google.com/store/apps/details?id=me.myatminsoe.mmcontactsconverter

MacOS Myanmar Unicode Keyboard

  MacOS မှာ ဘယ်တုန်းက ပါလာမှန်းတော့ မသိဘူး။ အစက keymagic နဲ့ပဲ မြန်မာစာကို ရိုက်နေတာ။ သဝေထိုးကို ရှေ့က ရိုက်တာ အကျင့်ပါနေလို့။ ခုကျ ubuntu မှာ messenger က chrominium based ဆိုတော့ သဝေထိုးရှေ့က ရိုက်ရင် bug ပါပြီး ရိုက်မရဖြစ်နေတာနဲ့ default keyboard ကို သုံးရပြန်ရော။ ခုမှ သတိရလို့ Mac မှာပြန်ကြည့်တော့ mac မှာ မြန်မာစာအတွက် ကီးဘုတ်က ၂ ခုပါတာပဲ။ တခုက ရိုက်နေကျ myanmar 3 layout နဲ့ နောက်တခုက ဘာကြီးလဲကို မသိတာ။ စာလုံးတွေက တနေရာစီ။ အဲ့တော့ default myanmar 3 layout keyboard နဲ့ ဆိုတော့ keymagic တောင် ထည့်စရာမလိုတော့ဘူး။ သဝေထိုးကို နောက်မှ ရိုက်တာကလည်း အသားကျနေပြီးသား။  System preferences > keyboard > input source ကနေ  + ကို နှိပ် Burmese ကို ရွေး ။အပေါ်က Myanmar ကို ရွေး။  ရပြီ။  P.S- Catalina နဲ့ BigSur မှာတော့ ရတယ်။ ကျန်တဲ့ အဟောင်းတွေတော့ မသိဘူး။