သီချင်းတွေ နားထောင်မိတိုင်း ကဗျာတွေ ဖတ်မိတိုင်း ကိုယ်နဲ့အကြိုက်ချင်းတူတဲ့ မင်းကို သတိရတယ်။
ကိုယ်လည်း လေးဖြူ ကို ကြိုက်တာပဲ။ ဒါပေမယ့် မင်းနဲ့တွေ့မှ ကိုယ်နားမထောင်ဖူးသေးတဲ့ လေးဖြူသီချင်းတွေ ရှိတယ် ဆိုတာ ကိုယ်သိသွားတယ်။
မင်း ကျောင်းတက်တုန်းက ရေးခဲ့တဲ့ ကဗျာတွေကို ဖတ်လိုက်ရတော့ တကယ် မလေးစားပဲ မနေနိုင်ဘူး။ တကယ် ပြောတာ။ အခု ကိုယ် စာရေးနေတယ် ဆိုပေမယ့် မင်းရေးတဲ့ စာတွေရဲ့ ခြေဖျား ကို မမှီဘူး ဆိုတာ ကိုယ် ဝန်ခံရဲတယ်။ မင်းက ကိုယ့်ထက် စာဖတ်ပိုများတယ်။ ပိုပြီးလည်း စာဖတ်အားကောင်းတယ်။ ကိုယ် အသက် ၂၄ လောက်ကစပြီး စာဖတ် နည်းသွားတယ်။ စာအုပ်တွေ ဘာ အသစ်ထွက်မှန်းတောင် မသိတော့ဘူး။ စာအုပ်နဲ့ အဆက်အသွယ် ပြတ်သွားတယ် ဆိုပါတော့။ အဲ့တော့ စာဖတ်နည်းတော့ စာရေးတာလည်း အကုန်တလွဲတွေ ဖြစ်ကုန်တာပေါ့။
ကိုယ် စာရေးတယ် ဆိုတာကလည်း မင်းအကြောင်းတွေးမိတိုင်း စိတ်ထဲမှာ ရေးရင်းနဲ့ ညရောက်တော့ ဒီထဲ ချရေးဖြစ်သွားတာ။
မင်းကို စတွေ့တုန်းက ကိုယ့်ရဲ့ တခြား version တခုကို တွေ့လိုက်ရသလိုပဲ။ ကိုယ်ငယ်ငယ်က ဖြစ်ချင်ခဲ့ စိတ်ကူးယဉ်ခဲ့တဲ့ အလုပ်ကို မင်းက လုပ်နေတာကိုး။ ကိုယ်တကယ် လေးစား အားကျခဲ့တယ်။ ( နောက် မှ သိတာက မင်း အဲ့ဒီအလုပ်မှာ မပျော်ဘူးဆိုတာပဲ ) ငယ်ငယ်ရွယ်ရွယ်နဲ့ အသက်နဲ့မလိုက်အောင် အလုပ်လုပ်နိုင်တဲ့ မင်းကို လေးစားခဲ့တာ။ သေချာတယ်။ ကိုယ်ဆို အဲ့သလောက် အလုပ် လုပ်နိုင်မှာ မဟုတ်ဘူး။ အဲ့တာကြောင့် မင်းကို ကူညီပေးဖို့ မင်း ရဲ့ စာတွေ ကူကြည့်ပေးဖို့ ကိုယ်ဆုံးဖြတ်ခဲ့တာပဲ။ ကံမကောင်းစွာနဲ့ပဲ ကိုယ့်အလုပ်ပေါ်လာလို့ ဘာမှ မကူညီလိုက်ရဘူး ဖြစ်သွားတယ်။
စိတ်ရှည်တဲ့ နေရာမှာ မင်းက ကိုယ့်ထက် အများကြီး သာပြန်ရော။ ကိုယ့် မိုလို့ပဲလား။ တခြားသူတွေ အပေါ်တော့ မသိဘူး။ မင်း ကိုယ့်အပေါ် စိတ်ရှည်တာကတော့ တကယ်ကို လေးစားတယ်။
မင်း ကြိုက် မကြိုက် တော့ မသိဘူး။ မင်းကို နာမည်ပေးဖို့ စိတ်ကူးတော့ လိပ်ပြာ ကို မျက်စိထဲ အရင်ဆုံး မြင်တာပဲ။ မင်းကို ပထမဆုံးတွေ့တဲ့နေ့က အရောင်တွေကြောင့် ထင်တာပဲ။ အင်္ကျီ အဝါရောင် နဲ့ ဆိုတော့ အဝါရောင် လိပ်ပြာပေါ့။ အဝါရောင် ဆိုလို့ တရက်တုန်းက ကိုယ် မင်းကို "ဒီနေ့ အဝါရောင် တွေချည်းပဲ မြင်နေရတယ်" လို့ ပြောမိတုန်းက မင်းပါ လိုက်ပြီး မြင်သမျှ အဝါရောင် တွေ ဖြစ်ကုန်တာ သတိရလိုက်သေးတယ်။
ခုနောက်ပိုင်း နားထောင်မိသမျှ ကြိုက် မိသမျှ သီချင်းတွေက မင်းအကြောင်း ကို ဦးတည်ရေးထား ဆိုထား သလား အောက် မေ့ရတယ်။ Big Bag ပြန်ဆိုထားတဲ့ The Ants ရဲ့ "မလွယ်တော့ဘူး" သီချင်းကို စပြီး နားထောင်မိတော့ မင်းကို ချက်ချင်း သတိရတော့တာပဲ။ အဲ့သီချင်းကို မောင်မောင်ဇော်လတ် ဆိုတုန်းက အခုလောက် နားထဲ မစွဲခဲ့ဘူး။ ခေတ် စနစ် ကွာတော့ အသံသွင်းထားတာတွေ ကွာလို့ နေမယ်။ သီချင်းကတော့ မလွယ်တော့ဘူး လို့ပဲ ဆိုသွားတာပဲ။ သီချင်း ဆိုတော့ သီချင်း ဆိုတာပဲ ပါတာပေါ့။ တကယ်တမ်း ကျတော့ မလွယ်တော့ဘူး ဆိုတာရဲ့ နောက် မှာ မင်းအကြောင်းတွေးမိတိုင်း ချရတဲ့ သက်ပြင်း တွေ တထပ်လိုက်ကြီး ပါသေးတယ်။ တကယ်ပြောတာ ဒီစာတွေ ရေးနေတဲ့အချိန်တိုင်း လည်ပင်းထဲမှာ ဆို့ဆို့ လာတယ်။ ( ဒီစာကို တရက် နည်းနည်းချင်းဆီ ရေးခဲ့တယ်။ မင်းကို တခါသတိရမိတိုင်း တခါ ရေးတယ် ဆိုပါတော့ )
တနေ့ကလည်း ခိုင်ထူးရဲ့ "စိုးစံစားစေ" သီချင်း ကို နားထောင်မိတယ်။ မင်းကို ဘာမဆိုင် ညာမဆိုင် သတိရသွားတယ်။ ဖြစ်ချင်တော့ အဲ့နေ့ကပဲ မင်းက ကိုယ့်ကို သတ်ပစ်ချင်လောက်အောင် ခံစားနေရတယ် ဆိုတာ လာပြောနေတယ်။
တခါတလေ စိတ်ညစ်ပြီး မင်းကို ပြောမိဆိုမိရင် "ငါ့မှာ ပြောစရာ မရှိဘူး" ဆိုပြီး ကိုယ်နဲ့အဝေးဆီ ထွက်ပြေး သွားတဲ့ အခါ မင်းကို ပိုပြီး သနားမိတယ်။ ပြီးတော့လည်း ကိုယ့်ဆီ ပြန်ရောက်လာတာပါပဲ။ ဒါပေမယ့် အဲ့တာ ဘယ်အချိန်ခံ မလဲ ကိုယ်မတွေးချင်ဘူး။ limit ဆိုတာ ရှိတယ်လေ။ ကုန်သွားတဲ့တနေ့ မင်း ဘယ်တော့မှ ပြန်လာတော့မှာ မဟုတ်ဘူးဆိုတာ ကိုယ်တွေးလိုက် မိတိုင်း ကိုယ် စိတ်မကောင်းဘူး။
မင်းဓါတ်ပုံကို လက်နဲ့ ထိမိလိုက်တိုင်း ရင်ထဲ မွန်းကျပ်သွားတယ်။
"မြင်နေရသော
မဖြစ်နိုင်တော့သော
ထိတွေ့နေရသော
အေးစက်နေသော
အနားမှာ ရှိနေသော
မနီးစပ်နိုင်သော"
အချစ်ဆိုတာ ပေးဆပ်ခြင်း ဆိုတာကို မင်းက သင်ပေးခဲ့တယ်။ မင်း ကိုယ့်အတွက် ဘာတွေပေးဆပ်ခဲ့လဲ ဆိုတာ ကိုယ်အသိဆုံးလို့ ထင်တာပဲ။ ကိုယ်ခေါ်သမျှ နေရာတိုင်း အတူလိုက်လာပေးတယ်။ ပင်ပန်းတယ် မညည်းခဲ့ဘူး။ တခါတုန်းက အတော်ရယ်ရတယ်။ ကိုယ်နဲ့ တွေ့ချင်လို့ဆိုပြီး တနေကုန် မြို့ပတ်ရထားစီးပြီး ဓါတ်ပုံ ရိုက်တာကို လိုက်လာတာ ပင်ပန်းပြီး ရထားပေါ်တင် အိပ်ပျော်သွားရှာတယ်။ မင်းကိုယ့်အနားမှာ ရှိပေးခဲ့ နေပေးခဲ့တဲ့အချိန်တွေကတော့ တကယ့်ကို အမှတ်တရတွေပါပဲ။ အဲ့ဒီအချိန်တွေကို ကိုယ် ဘယ်တော့မှ မေ့ပစ်မယ် မဟုတ်ဘူးဆိုတာတော့ ကတိပေးပါရစေ။
ကိုယ်ဟာ မင်းအတွက်တော့ တခြား ကမ္ဘာက ဂြိုလ်သား တကောင် ဖြစ်နေလိမ့်မယ် လို့ ကိုယ်ပြောရဲတယ်။ တကယ်တော့ မင်း ကိုယ့်ကို Ok Google လို့ စနောက်ပြီး ခေါ်တိုင်း ကိုယ် ပြုံးနေရတယ်။ မင်း သိတဲ့ ကိုယ်ဟာ မင်းတယောက်တည်းသာသိတဲ့ လူ ဖြစ်တယ်။ ဘာလို့လဲဆိုတော့ ဘယ်တုန်းကမှ ကိုယ့်အကြောင်းကို တခြားသူတယောက်ကို မပြောခံဖူးလို့ပဲ။ ကိုယ့်အကြောင်း အသိဆုံး သူ တောင် မင်းလောက် မသိဘူး ဆိုတာ ကိုယ်ပြောရဲတယ်။
မင်းဟာ ကိုယ့်ရဲ့ dark side ကိုပါ မြင်တွေ့ခဲ့ရ သိခဲ့ရတယ် ဆိုတာပဲ။ ကိုယ်ကတော့ မင်းရဲ့ bright side ကို တွေ့ခဲ့ရတာ ကိုယ်သိတယ်။ ဘယ်သူ့အပေါ်မှ မထားခဲ့တဲ့ မပေးခဲ့တဲ့ အရာတွေကို ကိုယ့်ကိုပေးခဲ့တယ် ဆိုတာလည်း ကိုယ်သိတယ်။ ကိုယ် မင်းကို ဘယ်လို ထားခဲ့ရမလဲ ဆိုတာ ဒီရက်ပိုင်း အမြဲ စဉ်းစားတယ်။ ငါတို့ နှစ်ယောက်လုံး မထိခိုက်စေပဲ နောက်ကိုလည်း လမ်းမှာတွေ့ရင် ခေါ်နိုင်ပြောနိုင်တဲ့ အခြေအနေ ကိုပဲ ရောက်စေချင်တယ်။ တကယ်လို့ အဲ့လို မဖြစ်နိုင်ဘူး ဆိုရင်လည်း ဘယ်တတ်နိုင်ပါ့မလဲ။ မလွယ်ဘူး ဆိုတာလည်း ကိုယ်သိပါတယ်။ မင်းအတွက် အရမ်းခက်ခဲနေမယ် ဆိုတာ လည်း သိပါတယ်။ နောက်ဘဝ ဆိုတာ ရှိမယ်ဆိုရင် မင်းကိုပဲ ပေးပါ့မယ်လို့ ငါခိုးပြီး ဆုတောင်းမိဖူးတယ်။
(စာရေးနေရင်း နာရီကို လှမ်းကြည့်မိတော့ 22:22 တဲ့။ မင်း ပဲ နေမှာပါ)
နာရီ ဆိုလို့ အချိန်နဲ့ ပတ်သတ်ပြီး sense ရတာ က တခြားသူတွေနဲ့ ကိုယ်နဲ့ မတူဘူး။ တခြားသူတွေမှာ မသိသာပေမယ့် ကိုယ့်ကျတော့ နာရီသံက အမြဲနားထဲကြားနေတယ်။ ပြောချင်တာက အချိန်က ကိုယ့်အတွက် မတအားကို နည်းနေတယ်။ တချို့တွေအတွက် ၃ လ ဆိုတာ ဘာမှ မဟုတ်ပေမယ့် ကိုယ့်အတွက်ကတော့ ၃ လ ဆိုတာ ခဏလေးပဲ။ (အထူးသဖြင့် မင်းနဲ့အတူနေရတဲ့ အချိန်တွေက တဖြည်းဖြည်းနဲ့ နည်းလာတာကို ကိုယ်ခံစားနေရတာပေါ့)။
ကိုယ့်မှာ မင်းကို ပေးစရာ မရှိတော့တာ တကယ် စိတ်မကောင်းဘူး။ မင်းလိုချင်တဲ့အရာ ကို ကိုယ်တကယ်
မပေးနိုင်တော့လို့ပါ။ ပေးလို့ရသမျှတော့ ပေးခဲ့ပါ့မယ်။ ကိုယ်က physical ရုပ်ဝတ္ထုတွေကို တအား တွယ်တာ တယ်။ အဲ့တာကြောင့် ကိုယ်အမြတ်တနိုးရှိတဲ့အရာတွေကို မင်းကို ပေးခဲ့တယ်။ (မင်း ကိုယ့်ကို မုန်းသွားတဲ့ တနေ့ကျရင် အဲ့တာတွေကို လွင့်ပစ်လိုက်ပေါ့) ဝန်ခံရရင် အခုထက်ထိ ဘယ်သူ့ကိုမှ လက်ဆောင်ပစ္စည်းမပေးခဲ့ဖူးဘူး။ ကိုယ့်အပိုင်ပစ္စည်း ကို သူများပေးဖို့ ဆိုတာ ဝေးရော။ မင်းကိုကျမှ စေတနာရှိတာပဲ။ ဟဟ။ တော်တော်ရယ်ရတယ်။
အခုတော့ တကယ် ထွက်သွားပြီ ထင်တယ်။ အောက်တိုဘာလ ထဲက ရက်စွဲ တခုနဲ့ မင်းဆီက နောက်ဆုံးလာခဲ့တဲ့ စာလေးကို မင်းအကြောင်း တွေးမိတိုင်း ဖတ်နေမိတယ်။ မင်းကို ကိုယ်တိုင် ဖွင့်ပြောမိတော့ မင်းထွက်သွားခဲ့တယ်။ကိုယ့်ရင်ဘတ်ကို ဓါးနဲ့မွှန်းပြီး ဆားနဲ့ဖြူးရတာ ထင်သလောက် မလွယ်ဘူး။
မင်း ထွက်သွားပြီး နောက်တနေ့ကျ ကိုယ် လိုချင်တယ် ပြောခဲ့ဖူးတဲ့ သီချင်းခွေကို မင်း ကိုယ့်ဆီ အရောက် ပို့ပေးခဲ့သေးတယ်။
တခါတလေကျ မင်းက လူကြီးဆန်ပြီး ကိုယ်က ကလေးဆန်နေသလိုပဲ။
အခု မင်းမရှိတော့ ရင်ထဲမှာ ဟာတာတာနဲ့။ ထွက်သွားလို့ ပြောခဲ့တာ ကိုယ် ကိုယ်တိုင်ပဲဆိုတော့ ခံရခက်တာပေါ့။ လေးဖြူရဲ့ အဝါရောင်ကိုက်ခဲမှု့ ကိုပဲ နားထောင်မိနေတယ်။ အဲ့သီချင်းကိုနားထောင်တာ ၁၀ တန်း နှစ်ကတည်းကပေါ့။ အဲ့တုန်းက ကြိုက်လို့သာ ကြိုက်တာ ဘာ့ကြောင့် ကြိုက်လဲဆို မပြောတတ်ဘူး။ သီချင်းရေးတဲ့ တေးရေး ကတော့ ဘယ်လို ခံစားချက် နဲ့ ရေးခဲ့လဲတော့ မသိဘူး။ ကိုယ်တော့ နားထောင်လိုက်တိုင်း မင်းပုံရိပ်ပဲ တွေ့နေရတယ်။အဝါရောင်ဟာ တဆစ်ဆစ်နဲ့ ရင်ထဲမှာ ကိုက်နေတယ်။
အတိတ်ကို အတိတ်မှာ ချန်ထားခဲ့ ဆိုပေမယ့် မင်းနဲ့ ပတ်သတ်သမျှ အတိတ်ကိုတော့ ဘယ်သူမှ မသိအောင် တိတ်တိတ်လေး ကိုယ် သယ်သွားချင်တယ် လိပ်ပြာလေးရေ။
တခါတလေ အဲ့ဒီအတိတ် ခါးခါးတွေကို ပြန်ကြည့် ပြန်သတိရမိတဲ့ အခါတိုင်း ကိုယ်မင်းကို လွမ်းေနဦးမှာပါ။
ဒီဇင်ဘာမှာ မင်းပြန်လာခဲ့တယ်။ မင်း အဆင်သင့် မဖြစ်သေးလို့ပါ လို့ ပြောခဲ့တယ်။ ကိုယ်လည်း အဆင်သင့်မဖြစ်သေးပါဘူး။ မဟုတ်ဘူး။ မင်းပြန်လာတာ မဟုတ်ဘူး။ ကိုယ် က လိုက်ခေါ်ခဲ့တာ။
ဒီစာကို ရေးနေတဲ့အချိန်မှာ မင်းက ပြန်မလာနိုင်တော့တဲ့နေရာကို ရောက်သွားခဲ့ပြီ။ ဒီစာတွေကို မင်းဖတ်နိုင်တော့မှာလည်း မဟုတ်တော့ဘူး။ Google Photos မှာတော့ ဒီဇင်ဘာ ၃၀ ရောက်တိုင်း လွန်ခဲ့တဲ့ 2017 က memories တွေကို ပြနေဦးမှာပဲ။
P.S - အခွင့်ရှိသေးရင် မင်းကို ဂစ်တာတီးပြီး သီချင်းတွေ ဆိုပြချင်သေးတာပေါ့ကွာ။
Comments
Post a Comment