Emergency Rescue

အဲ့နေ့က စိတ်နဲ့ ကိုယ်နဲ့ သိပ်မကပ်ဘူး။ တကယ်က အဲ့နေ့ကမှ မဟုတ်ပါဘူး။ သူ မရှိတော့တဲ့နေ့က လို့ပေါ့။ ထားပါတော့။ အဲ့တာ တနေကုန် တိုင်ပတ်နေရင်းနဲ့ ညနေရောက်တော့ စိတ်က အတော်ကို ရှုပ်လာတယ်။ အဲ့တာနဲ့ အခန်းရှင်းမယ်ကွာ ဆိုပြီး အခန်းထဲက အဝတ်အညစ်တွေ ကို အရင်စု ပြီး အဝတ်လျှော်စက်ထဲ သွားထည့်၊ အခန်းပြန်လာပြီး ရှင်းနေတာပေါ့။ ရှင်းနေရင်း ၁၅ မိနစ်လောက်နေတော့မှ ရုတ်တရက် ခေါင်းထဲ ရောက်လာတာက Fiio တွေ။ ဟုတ်တယ် Fiio တွေ။ ဘောင်းဘီထဲကနေ မထုတ်မိပဲ အဝတ်လျှော်စက်ထဲ ထည့်မိလိုက်တာ။ အဲ့တာနဲ့ ပြေးပြီး သွားထုတ်ရတာပေါ့။ ထုတ်လိုက်ပေမယ့် မမှီတော့ဘူး။



အထဲမှာ ရေတွေက အပြည့်ဝင်သွားပြီ။ နားကြပ်မှာဆို အထဲက Fiio logo လေးတောင် တစစီဖြစ်နေပြီ။ ဆန်အိုးထဲ ထည့်မယ် လုပ်တော့ အိမ်မှာ ဆန်ကုန်နေတယ် :3

 အဲ့တာနဲ့ ဆရာ ကိုဝင်းနောင်ဆီဖုန်းဆက်ပြီး ပေါင်းအိုး ရှိရင် လာထည့်ချင်လို့ ဆိုပြီး မေးတော့ သူက မထည့်နဲ့တဲ့။ (ဒီနေရာမှာ ပြောတဲ့ ပေါင်းအိုး ဆိုတာက ဖုန်းတွေ ရေဝင်ရင် တစစီဖြုတ်ပြီး အဲ့ ပေါင်းအိုးလေးထဲကို ထည့်ပြီး ရေထုတ်တဲ့ စက်တမျိုးပေါ့။)

 အဲ့တာတွေက တကယ် effective မဖြစ်ဘူးတဲ့။ ဆန်အိုးထဲလည်း မထည်ပါနဲ့တဲ့။ Hair Dryer နဲ့သာ ပတ်ပတ်လည် မှုတ်ပေးတဲ့။ အပူချိန် ၈၀ လောက်နဲ့ ကြာကြာလေးသာ မှုတ်ပေး လို့ လမ်းညွှန်တာနဲ့ လုပ်ဖို့ပြင်တယ်။ Hair Dryer နဲ့ မမှုတ်ခင် ကျွန်တော်က WD 40 နဲ့ အရင်ဆုံး နေရာ အနှံ့ ဖြန်းလိုက်တယ်။ USB အပေါက်တွေ ခလုတ်တွေ နားကြပ်ပေါက်တွေ SD card slot တွေထဲကို WD 40 ထည့်လိုက်တယ်။ WD 40 က Water Displacement ဆိုတာ ကို တော်တော်များများ သတိမထားမိကြဘူး။ တကယ်ဆို electronic cleaner နဲ့ ဆေးရမှာ ဆိုပေမယ့် လောလောဆယ် ကိုယ့်လက်ထဲ ရှိတာက WD 40 ပဲ ရှိတာကိုး။ အဲ့တာနဲ့ WD 40 နဲ့ အကုန်ဖြန်း၊ နားကြပ်ကိုလည်း pin တွေဖြုတ် silicone tips တွေ ဖြုတ်ပြီး WD 40 နဲ့ ဖြန်း ပြီးမှ အဝတ်နဲ့ သုတ်လိုက်တယ်။ မိနစ် ၂၀ လောက် ထားပြီးတော့ Player ကို Hair Dryer နဲ့ မှုတ်တယ်။ တော်တော်ပူပြီး လက်က မကိုင်နိုင်လောက်တဲ့ အထိကို မှုတ်ပစ်တာ။ ဒီကောင်တွေက တကယ် ဆို 100’C လောက် အထိကို ရတယ်။ အဲ့တာ နာရီလောက် စိမ်ပြေနပြေ ထိုင်ပြီး dryer နဲ့ ထိုင် မှုတ်နေတာ။ ပြီးတော့ နောက်ထပ် နာရီလောက်ကို အဝတ်အခြောက်ခံတဲ့ drying chamber ထဲ ပစ်ထည့်ထားလိုက်သေးတယ်။ နောက်နေ့ မနက်လည်းရောက်ရော တနေကုန်ကို drying chamber ထဲ ထပ်ထည့်ထားလိုက်သေးတယ်။ အဲ့တာ အခုတော့ LCD ထဲ ရေဝင်သွားတာကလွဲလို့ အကုန်ပြန်ကောင်းသွားတယ်။ ဖြစ်ခါစတုန်းက vol + ခလုတ်က ရေဝင်ပြီး အဲ့ခလုတ်ကျွံပြီး အမြဲ ဖိထားသလိုကြီး ဖြစ်နေသေးတယ်။ အခုတော့ တခါတလေမှ ဖြစ်တော့တယ်။ ရေဝင်ခါစတုန်းက touch ကလည်း လုံးဝကို အလုပ်မလုပ်တော့တာ အခုတော့ အလုပ်ပြန်လုပ်နေပြီ။ နားကြပ်လည်း အကုန် နားထောင်လို့ ရနေပြီ။

ပြောချင်တာကတော့ ဖုန်းတွေ ရေဝင်တာ ဘာညာ ဆိုရင်လည်း ဒီနည်း အတိုင်း လုပ်လို့ ရပါတယ်လို့။ 

Comments

Popular posts from this blog

MacOS Myanmar Unicode Keyboard

Contacts တွေကို one click နဲ့ unicode ပြောင်းနည်း

Oppo ဖုန်းများတွင် Unicode ပြောင်းပုံ