Skip to main content

ယူနီကုဒ် သုံးကြစို့

ယူနီကုဒ်လို့ ပြောလိုက်ရင် ယူနီကုဒ်ဆိုတဲ့ နံမည်စိမ်းစိမ်းကြီးကို ဘာမှန်းမသိပဲ ဘာလို့သုံးခိုင်းနေတာလဲ၊ တို့ဘာသာတို့ အခုလည်း အင်တာနက်ပေါ်မှာ စာရိုက်လို့ရတယ် ဖတ်လို့ရတယ်လေ၊ အလကားအလုပ်ရှုပ်လို့ကွာလို့ ဆိုကြပါတယ်။ ဟုတ်ပါတယ်၊ ယူနီကုဒ်အကြောင်း မပြောခင်မှာ စကားဦးအနေနဲ့ ဒစ်ဂျစ်တယ်မြန်မာစာ အကြောင်း အရင်ပြောပါရစေ။
ပုံနှိပ်လုပ်ငန်းများမှာ ခဲစာလုံးနဲ့ ပုံနှိပ်တဲ့ခေတ်ကနေ ကွန်ပျူတာနဲ့ စာစီစာရိုက် ပုံနှိပ်ခြင်းကို ဒစ်ဂျစ်တယ် မြန်မာစာ ခေတ်ဦးလို့ ဆိုနိုင်ပါတယ်။ ကွန်ပျူတာဆိုတာကြီးက ဘာသာစကားတွေကိုမသိပါဘူး။ သူ့အနေနဲ့ အက္ခရာစာလုံးတစ်လုံးကို နံပါတ်တစ်ခု အဖြစ်သတ်မှတ်ပြီး သိမ်းတယ် ပြန်ထုတ်ပေးပါတယ်။ အဲဒီအချိန်ကာလက ကွန်ပျူတာများရဲ့ စွမ်းဆောင်ရည်မှာ အကန့်အသတ်များရှိတဲ့အတွက် မြန်မာစာလုံး များကို အင်္ဂလိပ်အက္ခရာများနဲ့ညီမျှတဲ့ နံပါတ်များနဲ့ သိမ်းဆည်းခဲ့ကြရပါတယ်။ အဲဒီနည်းနဲ့ ကွန်ပျူတာမှာ ရေးသားနိုင်တဲ့ မြန်မာဖောင့်များကို အက်စ်ကီးဖောင့်( ASCII Font) လို့ခေါ်ကြပြီး မြစေတီ၊ ရွှေ၊ ဝင်းမြန်မာ စသဖြင့် ဖောင့်မျိုးစုံထွက်ပေါ်လာခဲ့ပါတယ်။ လက်နှိပ်စက်အစား ကွန်ပျူတာ စာစီစာရိုက်စနစ် ဖွံ့ဖြိုးလာပြီး ခဲစာလုံးပုံနှိပ်စနစ်ကို အစားထိုးနိုင်ခဲ့ပါတယ်။ ဒီစနစ်ရဲ့ အဓိကအားနဲချက်ကတော့ မြန်မာစာလုံးကို အင်္ဂလိပ်စာလုံး နေရာနဲ့ တိုက်ရိုက်ယူထားတာဖြစ်လို့ သင့်စက်မှာ သက်ဆိုင်ရာ မြန်မာဖောင့်ကို ထည့်မထားဘူးဆိုရင် အင်္ဂလိပ်စာလုံးတွေပဲ ပေါ်နေမှာဖြစ်ပါတယ်။
ဒစ်ဂျစ်တယ်မြန်မာစာဒုတိယခေတ်ကတော့ အင်တာနက်ဆိုတာကြီးပေါ်လာပြီး မြန်မာပြည်မှာလည်း ဘလော့ဂ်ရေးသားခြင်း တခေတ်ဆန်းချိန်မှာ ပေါ်ထွက်လာတဲ့ ဇော်ဂျီဖောင့်ခေတ်လို့ ပြောရပါမယ်။ တကယ်တမ်းတော့ အဲဒီအချိန်က ဇော်ဂျီနဲ့အလားတူ ဖောင့်အချို့ပေါ်ထွက်ခဲ့ပေမယ့် လူသုံးမများခဲ့ပဲ ရေးရတာလွယ်ကူတဲ့ ဇော်ဂျီကို ဘလော့ဂါများက သုံးစွဲခဲ့ကြလို့ အင်တာနက်ခေတ် ဒစ်ဂျစ်တယ် မြန်မာစာစနစ်မှ ဇော်ဂျီကို သုံးစွဲခဲ့ကြတာ ယနေ့အချိန်ထိတိုင်ပါပဲ။
ကဲ ယူနီကုဒ်ဆိုတာကြီးကို စပြောကြစို့။ ယူနီကုဒ် (Unicode) ဆိုတာ ဘာလဲ၊ ယူနီကုဒ်ဆိုတာ စနစ်တစ်ခုဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ ရှိရှိသမျှ ဘာသာစကားတွေရဲ့ ရှိရှိသမျှ အက္ခရာစာလုံး တစ်လုံးစီအတွက် မည်သည့်ပလက်ဖောင်းမဆို၊ မည်သည့်ပရိုဂရမ်မှာမဆို၊ မည်သည့်ဘာသာစကားမှာမဆို သီးသန့် နံပါတ်တစ်ခုကို စနစ်တကျသတ်မှတ်ပေးတဲ့ စနစ်ဖြစ်ပါတယ်။ ဘယ်သူကသတ်မှတ်ပေးတာလဲ၊ ယူနီကုဒ်ကွန်ဆိုတီယမ်ဆိုတဲ့ ဆော့ဖ်ဝဲကော်ပိုရေးရှင်းကြီးတွေ၊ အစိုးရတွေ၊ သုတေသနပညာရှင်တွေ၊ အဖွဲ့အစည်းတွေ နဲ့ တစ်သီးပုဂ္ဂလတွေအများကြီးကို စုစည်းထားတဲ့ နိုင်ငံတကာ အသိအမှတ်ပြု အဖွဲ့အစည်းဖြစ်ပါတယ်။ သူကနေပြီးတော့ ဘာသာစကားများအတွက် ယူနီကုဒ်စံကို သတ်မှတ်ပေးပါတယ်။ အက္ခရာတစ်လုံးစီအတွက် သတ်မှတ်နေရာ ကုဒ်ပွိုင့်( Code Point) များကို သတ်မှတ်အတည်ပြု ပေးထားပါတယ်။ အဲဒီကုဒ်ပွိုင့်ဆိုတာကို လွယ်လွယ်နဲ့တော့ ပေးတာမဟုတ်ပါဘူး။ နယ်ပယ်အလိုက် ဒေသအလိုက် ဘာသာစကားဆိုင်ရာကျွမ်းကျင်သူများက အချိန်ယူစစ်ဆေးပြီးမှ သတ်မှတ်အတည်ပြု ပေးတာဖြစ်ပါတယ်။
ယူနီကုဒ်စနစ်နဲ့မြန်မာအကြောင်း စပြောရရင်ဖြင့် မြန်မာစာအတွက် သတ်မှတ်ကုဒ်ပွိုင့်ရရှိနိုင်ဖို့ကို မိုက်ကယ်အဲဗာဆန် ကနေပြီးတော့ ၁၉၉၅ ခုနှစ်မှာ စပြီး တင်သွင်းခဲ့ပါတယ်။ ၁၉၉၈ မှာ ကိုဇော်ထွဋ် က နောက်ထပ်ပရိုပိုဆယ်တစ်ခု တင်သွင်းခဲ့ပါတယ်။  မြန်မာယူနီကုဒ်ဗားရှင်း 3.0  ကို ၁၉၉၈ ခုနှစ်မှာ ရရှိခဲ့ပါတယ်။ ၂၀၀၃ ခုနှစ်မှာ အစိုးရရဲ့ထောက်ပံ့မှုနဲ့ မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်ရဲ့အစီအမံဖြင့် ကွန်ပျူတာသုံးမြန်မာစာစနစ် အကောင်အထည် ဖေါ်ရေးအဖွဲ့ (Myanmar Natural Language Processing: MMNLP) ကိုစတင်ဖွဲ့စည်းပြီး ဆောင်ရွက်ခဲ့ကြပါတယ်။ မြန်မာတစ်မျိုးသားလုံး အသုံးပြုရမယ့် စံအဖြစ် ဆောင်ရွက်ရမှာဖြစ်လို့ မြန်မာစာပညာရှင်များ၊ ကွန်ပျူတာပညာရှင်များ စုပေါင်းဆောင်ရွက်ခဲ့ကြတာပါ။ ၂၀၀၅ ခုနှစ်မှာ ယူနီကုဒ်သုံးမြန်မာစာလုံးစနစ်(စမ်းသပ်အဆင့်)အဖြစ် Myanmar1 Font ကို ထုတ်လုပ်နိုင်ခဲ့ပါတယ်။ ယင်းဖြင့် စာစီစာရိုက်ပြုလုပ်ခြင်း၊ စာရင်းဇယားများရေးဆွဲခြင်း၊ မြန်မာဘာသာဖြင့်အက္ခရာစဉ်ခြင်း၊ ဝက်ဘ်စာမျက်နှာများရေးသားခြင်း၊ မြန်မာဘာသာဖြင့် အီးမေးလ်ပို့ခြင်းတို့ကို လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ၂၀၀၆ ခုနှစ်မှာ ယူနီကုဒ်ကွန်ဆိုတီယမ်သို့ မြန်မာဘာသာနဲ့ပတ်သက်တဲ့ ပြင်ဆင်မှုကို တကြိမ်တည်း အကြီးစားပြင်ဆင်မှုလုပ်ဖို့ အဆိုပြုစာတမ်းကို မြန်မာစာအဖွဲ့၊ ကွန်ပျူတာအသင်းချုပ်၊ MMNLP၊ တစ်သီးပုဂ္ဂလပညာရှင်များ အားလုံး စုပေါင်းလက်မှတ် ရေးထိုးတင်ပြခဲ့ပြီးနောက် ယူနီကုဒ်သုံးမြန်မာစာလုံးစနစ်(စမ်းသပ်အဆင့် ၂ )အဖြစ် Myanmar2 Font ထုတ်လုပ် နိုင်ခဲ့ပါတယ်။ ဒီနေရာမှာ ပြောချင်တာတစ်ခုက အဲလို ပြင်ဆင်ချက်စာတမ်း တင်သွင်းဖို့ လက်မှတ်ထိုးခဲ့သူများထဲမှာ ယနေ့လူသုံးများနေတဲ့ ဇော်ဂျီဖောင့်ကို တီထွင်ခဲ့သူများလည်း  ပါဝင်တယ် ဆိုတဲ့အချက်ပါပဲ။ တဆက်တည်း ပြောရရင်ဖြင့် ဇော်ဂျီဖောင့်သည်လည်း ယင်းအချိန်ကာလက ယူနီကုဒ်ဗားရှင်းကို တဝက်တပျက်လိုက်နာပြီး ရေးထားတဲ့ဖောင့်သာ ဖြစ်ပါတယ်။
ဒီလိုနဲ့ ဆက်လက်ကြိုးပမ်းရင်း ယူနီကုဒ်ဗားရှင်း 5.1 ကိုလိုက်နာတဲ့ ယူနီကုဒ်သုံးမြန်မာစာလုံးစနစ်အဖြစ် Myanmar3 Font ကို ၂၀၀၇ ခုနှစ် နှစ်ကုန်မှာ ထုတ်လုပ်ဖြန့်ချီနိုင်ခဲ့ပါတယ်။ မြန်မာဘာသာနဲ့ ပတ်သက်တဲ့ယူနီကုဒ်စံကို ခိုင်ခိုင်မာမာသတ်မှတ်နိုင်ခဲ့ပြီးဖြစ်လို့ နိုင်ငံတကာမှ ကွန်ပျူတာကုမ္ပဏီကြီးများဖြစ်တဲ့ Apple ကုမ္ပဏီက ထုတ်လုပ်တဲ့ Mac OSX မှာ ယူနီကုဒ်စံမြန်မာစာစနစ်ကိုလိုက်နာတဲ့ ဖောင့်ကို  ၂၀၁၁ ခုနှစ်မှာ ထည့်သွင်းပေးလာတယ်၊ တဆက်တည်း ၂၀၁၂ ခုနှစ်မှာ Microsoft Windows8 မှာ ယင်းယူနီကုဒ်စံကိုလိုက်နာတဲ့ မြန်မာဖောင့် ထည့်ပေးလာခဲ့ပါတယ်။ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်အနေနဲ့လည်း တိုးတက်လာတဲ့ ကွန်ပျူတာစနစ်များနဲ့အညီ လိုက်ပါဆောင်ရွက်နိုင်ဖို့နဲ့ တိုင်းရင်းသားဘာသာ စကားများပါဝင်တဲ့ ပြည်ထောင်စုဖောင့်ကို ထပ်မံ ထုတ်လုပ်ပေးနိုင်ခဲ့ပါတယ်။
ကဲ လက်ရှိလူသုံးများနေတဲ့ဇော်ဂျီအစား ဘာလို့ ယူနီကုဒ်စံမြန်မာစာဖောင့်တွေကို သုံးခိုင်းနေရတာလဲ ဆိုတဲ့မေးခွန်းကို ဖြေရမယ် ဆိုရင်တော့ ဇော်ဂျီဖောင့်သည် အမြင်အတိုင်း စာရိုက်တဲ့ စနစ်ဖြစ်ပါတယ်။ (မြို့) ဆိုတဲ့စာလုံးကို ဇော်ဂျီနဲ့ရိုက်ရင် ရရစ်အရင်ရိုက်၊ ပြီးရင် မ ကိုရိုက်၊ ပြီးရင် လုံးကြီးတင်နဲ့တစ်ချောင်းငင်၊ အောက်မြစ်ကိုရိုက်ရပါတယ်။ ဇော်ဂျီမှာက ရရစ်ပုံစံ ၈ မျိုးရှိတဲ့အနက် သင့်လျော်တဲ့ တစ်မျိုးကို ရွေးရမယ်၊ လုံးကြီးတင်နဲ့တစ်ချောင်းငင်မှာလည်း ဘယ်ဟာကိုအရင်ရိုက်မလဲ၊ တစ်ချောင်းငင်အတိုအရှည် ၂ မျိုးရှိတယ်၊ နောက်တချက် အောက်မြစ် ပုံစံကွဲ ၃ ခုအနက်က သင့်လျော်ရာတစ်ခုရွေးရပါမယ်။ အောက်ကပုံမှာကြည့်ပါ။

(ပုံစာ ၁။ မြို့စာလုံးမူကွဲများ)

ရရစ်(၈)မျိုး၊ လုံးကြီးတင်နဲ့တစ်ချောင်းငင်အစီအစဉ်(၂)မျိုး၊ တစ်ချောင်းငင်(၂)မျိုး၊ အောက်မြစ်(၃)မျိုး ရှိတဲ့အတွက် (မြို့)ဆိုတဲ့စာလုံး တစ်လုံးကို ဇော်ဂျီနဲ့ရိုက်ရင် မူကွဲ(၉၆)မျိုး ထွက်မှာ ဖြစ်ပါတယ်။ ဒီအချက်ဟာ ကျနော်တို့ သာမန် စာရွက်ပေါ်စာရိုက်တာ၊ အင်တာနက် ဖေ့စ်ဘုတ်မှာ စာရေးတာမှာ သိပ်ပြီး ပြဿနာမရှိဘူးလို့ ဆိုနိုင်ပါတယ်။ မြင်တဲ့အတိုင်းဖတ်လိုက်ရုံပဲကိုး။ ဒါပေမယ့် ကွန်ပျူတာနဲ့ ဒေတာဘေ့စ် (Database) လုပ်မယ်၊ ကွန်ပျူတာကို မြန်မာဘာသာနဲ့အလုပ်လုပ်တော့မယ်၊ ဝက်ဘ်ဆိုက်တွေမှာ အချက်အလက်တွေတင်ထားတာကို ပြန်ရှာမယ်ဆိုရင် ပြဿနာ အကြီးကြီးရှိလာပါပြီ။ ကွန်ပျူတာဆိုတာ စက်ဖြစ်ပါတယ်။ ဘာသာစကားကို နံပတ်တွေနဲ့အစားထိုးသိမ်းဆည်းထားပြီး ပြန်ရှာပေးတာပဲဖြစ်ပါတယ်။ အဲဒီအတွက် အထက်ကပြောခဲ့တဲ့ ( မြို့) ဆိုတဲ့ စာလုံးတစ်လုံး နဲ့ ပတ်သက်တာကို ပြန်ရှာရင် မူလရိုက်ထားတဲ့(သိမ်းဆည်းထားတဲ့) ပုံစံအတိုင်း တသွေမတိမ်း ရိုက်ပြီး ပြန်ရှာမှ တိကျတဲ့ အဖြေထွက်လာမှာဖြစ်ပါတယ်။ အဆင်ပြေအောင် ပရိုဂရမ်တွေရေးပြီး ပြန်ရှာလို့ရတယ်ဆိုရင်တောင်မှ ကွန်ပျူတာက အလုပ်လုပ်ရတဲ့အဆင့် အများကြီး မလိုအပ်ပဲ ပိုတိုးလာမှာဖြစ်ပါတယ်။
ယူနီကုဒ်စံကိုလိုက်နာတဲ့မြန်မာစာစနစ်ကို အသုံးပြုထားတဲ့ ဖောင့်နဲ့သာရိုက်မယ်ဆိုရင် ရရစ်(၈)မျိုးမရှိတော့ဘူး၊ တစ်ချာင်းငင်(၂)မျိုး မရှိတော့ဘူး၊ အောက်မြစ်(၃)မျိုးမရှိတော့ဘူး။ သက်ဆိုင်ရာ အက္ခရာစာလုံး တစ်ခုအတွက် ပုံစံတစ်ခုပဲရှိပြီး ရိုက်လိုက်တဲ့စာလုံးအလိုက် ပုံစံပြောင်းပေးနိုင်လို့ (မြို့)ဆိုတဲ့စာလုံးအတွက် မူကွဲလုံးဝမရှိပဲ ပုံစံတစ်ခုသာ ရှိပါတယ်။ ကဲ အဲဒါဆိုရင် အထက်ကပြောခဲ့တဲ့ ကွန်ပျူတာကအလုပ်လုပ်ရတဲ့ အခက်အခဲ ပြဿနာ ငြိမ်းမသွားဘူးလား။ ယူနီကုဒ်စံကိုလိုက်နာတဲ့ မြန်မာစာစနစ်ကို အသုံးပြုရင် ရနိုင်တဲ့ အကျိုးကျေးဇူးတွေ အများကြီးထဲက အနဲအကျဉ်း ထပ်ပြောချင်ပါတယ်။

(ပုံစာ ၂။ ယူနီကုဒ်သုံးစွဲရခြင်းအကျိုးကျေးဇူးများ)

ယူနီကုဒ်ဘာလို့သုံးသင့်တာလဲ ဆိုတာတော့ ရှင်းလောက်ပါပြီ။ ဒီနေရာမှာ လေးလေးနက်နက်တင်ပြချင်တာက ကျနော်တို့ အက်စ်ကီးဖောင့်တွေ၊ ဇော်ဂျီဖောင့်တွေ စသည်တို့ကို တီထွင်ပေးခဲ့သူတွေအားလုံးကို အသိအမှတ်ပြုပါတယ်။ ဒစ်ဂျစ်တယ်မြန်မာစာ ဖွံ့ဖြိုးရေးအတွက် သူတို့အားလုံးဟာ အချိန်ကာလတစ်ခုအလိုက် သင့်လျော်တဲ့ တီထွင်မှုတွေကို လုပ်ပေးခဲ့ကြတာပါ။ အထူးကျေးဇူးတင်ရပါတယ်။ ဒါပေမယ့် ကျနော်တို့ နောက်တဆင့်ကို ကူးပြောင်းဖို့ အချိန်ကျရောက်နေပါပြီ။ ကမ္ဘာကြီးနဲ့အညီ လိုက်ပါနိုင်ဖို့အတွက် ယနေ့အချိန်ကာလနဲ့သင့်လျော်တဲ့ ဒစ်ဂျစ်တယ်မြန်မာစာစနစ်ဖြစ်တဲ့ ယူနီကုဒ်စံမြန်မာစာစနစ်ကို လိုက်နာတဲ့ ဖောင့်တွေကို သုံးဖို့ လိုအပ်နေပါပြီ။
အထက်ကပြောခဲ့တဲ့ ယူနီကုဒ်ဘာလို့သုံးသင့်တယ်ဆိုတဲ့အချက်တွေကို သာမန်ပြည်သူတွေ မသိနိုင် နားမလည်နိုင်ပါဘူး။ သူတို့အနေနဲ့ ယခုလက်ရှိ အွန်လိုင်းမှာ ဖေ့စ်ဘုတ်မှာ စာရေးလို့ရ ဖတ်လို့ရနေရင် ကျေနပ်နေမှာပါ။ သိနားလည်တဲ့ ကျွမ်းကျင်သူများ၊ ပညာရှင်များ နဲ့ အစိုးရက သူတို့ကို လှုံ့ဆော်ပေးဖို့ လိုအပ်ပါတယ်။ ပြောင်းလဲ သုံးစွဲနိုင်ဖို့ လိုအပ်တဲ့ နည်းပညာထောက်ပံ့မှုတွေကို လွယ်ကူ မြန်ဆန်စွာ ရနိုင်ဖို့ စုစည်းပေးထားဖို့ လိုအပ်ပါတယ်။ ကွန်ပျူတာအသင်းချုပ် (Myanmar Computer Federation) နဲ့ ပြင်ပတစ်သီးပုဂ္ဂလ ပညာရှင် ကျွမ်းကျင်သူများစုစည်းထားတဲ့ ( Myanmar Unicode Area) တို့က ကိုယ်တတ်နိုင်သလောက် ကြိုးပမ်းအားထုတ် နေကြတာကိုတော့ အသိအမှတ်ပြု ရမှာဖြစ်ပါတယ်။  MCF နဲ့ MUA ပူးပေါင်းပြီးတော့လည်း အစိုးရထံသို့ အကြံပြုစာများ ပေးပို့ထားတာကို တွေ့ရှိရပါတယ်။
ဒီနေရာမှာ အလေးအနက် တင်ပြလိုတာကတော့ ယူနီကုဒ်စနစ်သုံးစွဲရေးအတွက် အဓိက တာဝန်ရှိသူကတော့ နိုင်ငံတော်အစိုးရ သာလျှင် ဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့ သန့်ရှင်းထက်မြက်တဲ့ အစိုးရဖြစ်ထွန်းရေးအတွက် eGovernance  စနစ်နဲ့ သွားမယ်ဆိုတာ ကြေညာထားပြီး ဖြစ်တဲ့အပြင် Myanmar eGovernance Master Plan (2016-2020) ကို ထုတ်ပြန်ထားပါတယ်။ အစိုးရဌာနဆိုင်ရာစာများ၊ ဌာနဆိုင်ရာဒေတာဘေ့စ်များ၊ ဝက်ဘ်ဆိုဒ်များ၊ ဆိုရှယ်မီဒီယာများမှာ ၂၀၁၇ ခုနှစ် ဧပြီလ ၁ ရက်နေ့ကစလို့ ယူနီကုဒ်စံကိုလိုက်နာတဲ့မြန်မာဖောင့်များကိုသာ သုံးစွဲဖို့ ညွှန်ကြားချက်ထုတ်ပြန်ထားတာလဲ တွေ့ရပါတယ်။ ညွှန်ကြားချက်ကို လိုက်နာဆောင်ရွက်ခြင်း ရှိ မရှိကို စစ်ဆေးတဲ့ အပိုင်းမှာတော့ အစိုးရမှာအားနဲချက်ရှိနေပါတယ်။ ဌာနဆိုင်ရာဝက်ဘ်ဆိုက်အားလုံး ယခုအချိန်ထိ ယူနီမကုဒ်ကြသေးပါဘူး။ အမိန့်၊ ညွှန်ကြားချက်တွေထုတ်ပြန်နေရုံတင်မဟုတ်ပဲ အဲဒီညွှန်ကြားချက်ကို ဆောင်ရွက်နိုင်ဖို့ လိုအပ်တဲ့ နည်းပညာ၊ ဘတ်ဂျက်၊ စစ်ဆေးမှု စတဲ့အချက်တွေ ပြည့်စုံအောင် ဆောင်ရွက်ဖို့လိုကြောင်းကို တာဝန်ရှိတဲ့အစိုးရလူကြီးမင်းများ သိစေချင်ပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးများ အဓိကဦးစားပေးဆောင်ရွက်နေသကဲ့သို့ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထူးအရေးကြီး အဓိကျတဲ့ eGovernance System အောင်မြင်ရေးကိုလည်း ယခုထက်ပို၍ အားစိုက်ဆောင်ရွက်ပေးစေလိုပါတယ်။ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနရဲ့ ဦးစီးဌာနတစ်ခုအောက်က အစိတ်အပိုင်းတစ်ခု အဖြစ်ထက်ပိုမိုပြီး နိုင်ငံတော်သမ္မတကိုယ်တိုင်ဦးဆောင်သော ပြည်ထောင်စုအဆင့်အဖွဲ့အစည်းတစ်ခုဖြင့် ဖေါ်ဆောင် ဆောင်ရွက်ဖို့ လိုအပ်လျက်ရှိပါတယ်။ ဒေသတွင်းနိုင်ငံများထဲက ကမ္ဘောဒီးယားနိုင်ငံမှာလည်း တနိုင်ငံလုံးယူနီကုဒ်ပြောင်းလဲသုံးစွဲဖို့ကို ၂၀၁၀ ခုနှစ်မှာ အစိုးရက ဥပဒေတစ်ရပ်ထုတ်ပြန်ပြီး ပြောင်းလဲခဲ့ရပါတယ်။ ကျနော်တို့မြန်မာနိုင်ငံလည်း တိုးတက်ပြောင်းလဲနေတဲ့ ကမ္ဘာကြီးမှာ ကိုယ့်ပြည်တွင်းကသူတွေအချင်းချင်းသာ မြင်နိုင် ဖတ်နိုင် ရေးနိုင်တဲ့ စံမမီတဲ့ဒစ်ဂျစ်တယ်မြန်မာစာကို သုံးစွဲမနေကြတော့ပဲ မြန်မာဘာသာအပြင် အခြားတိုင်းရင်းသားလူမျိုးများရဲ့ဘာသာစကားများကိုပါ ကမ္ဘာက မြင်နိုင် ဖတ်နိုင် ရေးနိုင်တဲ့ ယူနီကုဒ်စံမြန်မာစာ စနစ်ကို လိုက်နာတဲ့ ယူနီကုဒ်ဖောင့်ကိုသာ သုံးစွဲကြပါလို့ တိုက်တွန်းနှိုးဆော်လိုက်ရပါတယ် ခင်ဗျာ။
                                                                 ကြည်တိုး
                                                             ဗဟိုပြန်ကြားရေး
                                                       အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
မှတ်ချက်။
ပုံစာ(၁) Frontier Myanmar www.frontiermyanmar.net
ပုံစာ(၂) ကိုအိမောင် www.eimaung.com

Comments

Popular posts from this blog

မြန်မာအဘိဓာန်အက္ခရာစဉ်နည်း

မြန်မာအက္ခရာစဉ်ရာတွင် ၁။ ဗျည်းအက္ခရာစဉ် ၂။ ဗျည်းတွဲ ၃။ သရကာရန် ၄။ အသတ်ကာရန် ဟူ၍ ၄ ဆင့်ရှိပါသည်။ ၁။ ဗျည်းအက္ခရာစဉ် ****************** ဗျည်းအက္ခရာ စဉ်ရာတွင် က မှ အ အထိ အစဉ်လိုက်သာဖြစ်သည်။ မှတ်သားရန်မှာ ဉကလေးကို ညကြီးရှေ့တွင် စဉ်ရသည်။  ဥပမာ >>>ဗျည်းစဉ်များကို သိရန် အောက်ပါစာများကို အက္ခရာစဉ်ကြည့်ပါ။ အိတ်ကပ်၊ ခါသာ၊ မာလာ၊ ငါးသိုင်း၊ ဉာဏ၊ ညအခါ၊ ကတိ။ ကတိ၊ ခါသာ၊ ငါးသိုင်း၊ ဉာဏ၊ ညအခါ၊ မာလာ၊ အိတ်ကပ်။ ဟု အဖြေရပါသည်<<< ၂။ ဗျည်းတွဲ ********** ပင့်၊ရစ်၊ဆွဲ၊ထိုး သည် ယ၊ရ၊ဝ၊ဟ ၏ စာလုံးဆင့်ပုံစံ ဖြစ်ပါသည်။ ထို့ကြောင့် ယ၊ရ၊ဝ၊ဟ အစဉ်လိုက်အတိုင်းစဉ်ရသည်။ ကျ၊ကြ၊ကှ၊ကွ။ ကျွ၊ ကြွ။ ကျှ၊ကြှ၊ကွှ။ ကျွှ၊ကြွှ။ (ကဗျည်းနှင့် ပေါင်းပြထားပါသည်) ရှင်းအောင်ပြရပါက ကျ=က ယ။ ကြ=က ရ။ ကှ=က ဟ။ ကွ=က ဝ ကျွ=က ယ ဝ။ ကြွ=က ရ ဝ ကျှ=က ယ ဟ။ ကြှ=က ရ ဟ။ ကွှ=က ဝ ဟ ကျွှ=က ယ ဝ ဟ။ ကြွှ=က ရ ဝ ဟ ဖြစ်ပါသည်။ ဥပမာ >>>မျောက်ကြီး၊ မွဲတေ၊ မျှတ၊ မြို့မ၊ မှတ်ခြင်၊ မြွေပါ၊ မွှေးပျံ့။ မျောက်ကြီး၊ မြို့မ၊ မွဲတေ၊ မှတ်ခြင်၊ မြွေပါ၊ မျှတ၊ မွှေးပျံ့။ <<< ...

Contacts တွေကို one click နဲ့ unicode ပြောင်းနည်း

ios သမားတွေကတော့အရင်ဆုံး App Store ထဲဝင်ပြီး search ကနေ pyaung လို့ရိုက်ရှာပါ။ ပြီးရင် Download လုပ်ပါ။ ရှာ မတွေ့ရင် ဒီ link ကနေ download လုပ်လို့လည်း ရပါတယ်။ https://apps.apple.com/us/app/pyaung/id1039690192 home screen မှာ pyaung app ပေါ်လာရင် ဝင်လိုက်ပါ။Contact ဆိုတဲ့ tap ထဲဝင်ပါ။ zawgyi to uni , uni to zawgyi ကို စိတ်ကြိုက်ပြောင်းနိုင်ပါပြီ။ Android သမားတွေကတော့ ကိုနေရှိန်ဦး လုပ်ပေးထားတဲ့ app ကို အောက်က link ကနေ Download လုပ်ပြီး zawgyi to uni , uni to zawgyi ကို စိတ်ကြိုက်ပြောင်းနိုင်ပါတယ်။ https://play.google.com/store/apps/details?id=com.nso.unicc https://m.apkpure.com/unicontact-converter/com.nso.unicc နောက်တခုက Dev House က ထုတ်တဲ့ MM contact converter ပါ။ သူကတော့ Android သီးသန့်ပါပဲ။ Contacts တွေမှာ zawgyi နဲ့ unicode ရောနေရင်တောင် အဆင်ပြေပါတယ်။  ပြောင်းနေရင်း ဟန်းသွားတာမျိုးမဖြစ်ပါဘူး။ (Main thread မှာအလုပ်လုပ်မလုပ်ပဲ thread ခွဲပြီးပြောင်းလို့ပါ) https://play.google.com/store/apps/details?id=me.myatminsoe.mmcontactsconverter

ပြည်ထောင်စု font

Pyihtaungsu Font Downloads Windows 7 – Microsoft Office အားလုံးအတွက် – Pyidaungsu-1.8_Regular.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) – Pyidaungsu-1.8_Bold.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) Windows 10 & 8 – Microsoft Office 2013, 2016 အတွက် – Pyidaungsu-2.5_Regular.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) – Pyidaungsu-2.5_Bold.ttf ဖောင့်    [ DOWNLOAD ]     Mirror Link (Google Drive) iPhone, iPad အတွက် – Pyidaungsu-2.4.mobileconfig ဖောင့်ပရိုဖိုင် Safari Browser ကိုသုံး၍ ဒေါင်းပါ    [ DOWNLOAD ]     Mirror Link (Google Drive) Download Myanmar Unicode Keyboards KeyMan Keyboard အသုံးပြုခြင်း Download Myanmar Unicode Fonts Myanmar3 အဟောင်း – Myanmar3_MultiOS.ttf ဖောင့်   [ DOWNLOAD ]      Mirror Link (Google Driv...