အရင်အတိုင်းပဲလား

 အရာရာက အရင်အတိုင်းပဲလား။ ကျွန်တော့်အတွက်တော့ အရာရာက အရင်အတိုင်းပါပဲ။ သူမ မရှိတော့ပေမယ့် ကျွန်တော့်ပိုက်ဆံအိတ်ထဲက သူမ ဓါတ်ပုံလေးက အရင်အတိုင်း ရှိနေတုန်းပဲ။ ကျွန်တော့် laptop log in password ကလည်း သူမ နာမည်နဲ့ ရှိနေတုန်းပဲ။ ကျွန်တော့် security code ကလည်း သူမ မွေးနေ့ နဲ့ ရှိနေဆဲပဲ။ ကမ္ဘာကြီးကလည်း အရင်လို လည်ပတ်နေဆဲပဲ။ ဘာတွေ ပြောင်းလဲသွားလဲ။ ဘာမှ မပြောင်းလဲဘူး။ အရာရာ အရင်အတိုင်းပဲ မဟုတ်လား။


ကျွန်တော့်ကိုယ့်ဟာကိုယ် ညာနေတာပါ။ အရင်လို ကျွန်တော် မပျော်တော့ဘူး။ သူမ မရှိတော့ဘူးဆိုတဲ့ ခံစားချက်က ကျွန်တော့်ကို နေ့နေ့ညည နှိပ်စက်နေတယ်။ ညအိပ်ခါနီးတိုင်း သူမ ဘယ်လိုများ အိပ်ပျော်အောင် အိပ်မလဲ ဆိုပြီး အတွေးတွေနဲ့ကျွန်တော် အိပ်မရဘူး။ အိပ်မရတော့ ကျွန်တော် ဆေးလိပ်တွေ ပိုသောက်ဖြစ်တယ်။ ဆေးလိပ်က ထွက်ပေါက်မဟုတ်မှန်း တော့ သိတာပေါ့။ နီကိုတင်းက stress တော့ လျော့စေတယ်လေ။ နောက်ပြီး ဆေးလိပ်သောက်ပြီး နည်းနည်းမူးလာတော့ အိပ်ပျော်သွားတာပေါ့။


မသိခြင်းတွေ မရှိခြင်းတွေ မမြဲခြင်းတွေအကြောင်းပြောတတ်တဲ့ အိမ်လွမ်းနေတဲ့ ဂြိုလ်သားတစ်ယောက် အကြောင်းကို ပြောပြနေရင်း ကျွန်တော်လည်း အိမ်ကို ရှာဖွေမိတယ်။

 အရင်ကဆို လူတွေကို ဂရုမစိုက်တတ်ပေမယ့် အခုနောက်ပိုင်း ဂရုစိုက်တတ်လာတယ်။ သူတို့ရဲ့ ဖြစ်တည်မှု့တွေ ကိုယ့်ဘေးနားမှာ ရှိနေပေးနိုင်မှု့တွေကို ကျေးဇူးတင်လာတယ်။ ကျွန်တော့် အလုပ်စားပွဲပေါ်ကို အရက်ပုလင်း အလွတ်မှာ ထိုးထားတဲ့နှင်းဆီပန်းတစ်ပွင့် ရောက်လာတယ်။ ကွန်ပျူတာမှာ စာရိုက်ရင်း နှင်းဆီပန်းနံ့ ရနေတာကို သဘောကျလာတယ်။ 



ပေးဆပ်ခဲ့ရတာတွေက တန်ဖိုးနဲ့ မမျှဘူး လို့ ကျွန်တော် မငြီးချင်ဘူး။ အဲ့တော့ ကျွန်တော် သူမ ဖြစ်စေချင်တာတွေ အကုန် ဆက်တိုက် လုပ်ပေးနေမှ ဖြစ်မယ်လို့ စိတ်ကူးတယ်။ ကျွန်တော်လုပ်နေတာတွေ သူမ မသိပေမယ့်လည်းပေါ့။ 

တခုခုဆို သူမ ကို အရင် ပြောပြနေကျ ကနေ ခုဆို ဘာမှ မပြောဖြစ်တော့ဘူး။ မပြောဖြစ်ဆို သူမ က ကျွန်တော်နဲ့ စကားမှ မပြောတော့ပဲကိုး။ အဲ့ ဒီ မေ ၁၄ ရက်နေ့မှာ သူမနဲ့ ကျွန်တော် စကားတစ်ခွန်းမပြောပဲ နာရီကြာအောင် မျက်နှာချင်းဆိုင် ထိုင်ကြည့်နေခဲ့ကြတယ်။ဝေးကွာခြင်းသည် ခရီးမိုင်တိုင်အကွာအဝေးကို မဆိုလို၊ တိတ်ဆိတ်ငြိမ်သက်သွားခြင်းကိုသာ ဆိုလိုသည်တဲ့။ ကျွန်တော်တို့ တကယ်ပဲ ဝေးကွာသွားကြတော့တာလား။

Comments

Popular posts from this blog

Contacts တွေကို one click နဲ့ unicode ပြောင်းနည်း

MacOS Myanmar Unicode Keyboard

Oppo ဖုန်းများတွင် Unicode ပြောင်းပုံ