Skip to main content

နွေဦးတော်လှန်ရေး (၁)

2021 ကတော့ အဖွင့်မလှခဲ့ပါဘူး။ အိမ်ပြန်ဖို့ လေယာဉ်လက်မှတ် လက်ထဲ ရောက်ပြီးမှ အာဏာသိမ်းပွဲနဲ့ တိုးမိလို့ အိမ်မပြန်ရပဲ ကမ္ဘာဟိုဘက် အခြမ်းထိ ရောက်သွားတာကတော့ လုံးဝ အမှတ်တရပဲ။ အာဏာသိမ်းတဲ့သူတော့မသိဘူး။ ကိုယ့်မှာတော့ အအိပ်ပျက် အစားပျက်ပဲ။ သွားပြီ ငါတို့ ဘဝတွေ အနာဂတ်တွေ မျိုးဆက်တွေ တော့ သေပြီ ဆိုတဲ့ စိတ်က ဝင်လာတာကိုး။ ဒီကောင်တွေ လက်ထဲ နိုင်ငံရောက်သွားရင် ဘာမှ မကျန်တော့ဘူး ဆိုတာ ပြီးခဲ့တဲ့ နှစ်တွေက သက်သေတွေပဲလေ။ အခုမှ အရှိန်ရခါစ ဒီမိုကရေစီ လည်း သွားပြီပဲ။ NLD ကိုလည်း လုံးဝ အားမရဘူး။ Plan B, Plan C ဘာမှ မရှိဘူး။ contingency plan ဘာဆို ဘာမှ မရှိဘူး။ ခေါင်းဆောင် မရှိတော့တာနဲ့ ကျန်တဲ့ သူတွေက ဘာလုပ်လို့ လုပ်ရမှန်းကို မသိဘူး ဖြစ်သွားတော့တာပဲ။ စစ်တပ်က မဲ မမှန်လို့ အာဏာသိမ်းရပါတယ် ဆိုတဲ့ အကွက်ကြီးက ရိုးလွန်းတယ်။ အဲ့တာကိုလည်း UEC က လူတွေကို ညဘက်ကြီး လာခေါ်သွားတာကို ဒီတိုင်းလိုက်သွားကြတာလည်း မဟုတ်သေးဘူး။ သေနတ်နဲ့ လာခေါ်တာလေ မလိုက်လို့ ဘယ်ရမလဲဆိုရင် အစကတည်းက လွတ်ရာ ကျွတ်ရာ ပြေးပုန်းနေကြပေါ့ဗျာ။ အာဏာသိမ်းပြီး ၅ ရက်လောက်နေတော့ ရန်ကုန် NLD ရုံးချုပ် ကို ညဘက်ကြီး ဝင်မွှေပါလေရော။ ဘာတွေ ပါသွားလဲ မသိပေမယ့် အစကတည်းက စာရွက်စာတမ်းတွေ နေရာ ရွေ့ထားသင့်တာကို မလုပ်လို့ ကိုယ့်မှာ အားမလို အားမရတွေဖြစ်။

( ဒီ post မှာ စာတွေက ဟိုရောက်လိုက် ဒီရောက်လိုက်ဖြစ်နေလိမ့်မယ်။ သည်းခံပြီးတော့သာ ဖတ်ပေတော့။ ရေးမယ် လုပ်လိုက် မရေးဖြစ်လိုက်နဲ့။ တကယ်ရေးမယ်ဆို ရေးမယ့်ဟာက မေ့သွားလိုက်နဲ့ အတော် ဆိုးတာ။ ) 



 


ပုံကတော့ အကို ငြိမ်းချမ်းအောင်ဆီက တောင်းလာတာပါ။
အာဏာသိမ်းပြီးတော့ သူတို့ တပ်တွင်း အချင်းချင်း ပြန်ချမယ် ထင်လို့ ကြည့်လိုက်သေးတယ်။ တချို့က သဘောသာ မတူတာ uniform တခုတည်းအောက်မှာ မဆန့်ကျင်ဘူး ဆိုပဲ။ အကုန်နီးပါးပါပဲ။ အော် လူတွေ လူတွေ ရာထူး အာဏာ ပါဝါကို အတော်မက်ကြသားပဲ လို့။ 
အာဏာသိမ်းလိုက်တော့ စစ်တပ်က အကွက် အဟောင်းတွေချည်း ထုတ်သုံးတယ်။ အဲ့တာလည်း ခံရတာပဲ။ ပထမ ၂ ရက် အင်တာနက် ဖြတ်လိုက်တယ်။ ၂ ရက်ပြောပြီး တရက်တည်းနဲ့ ပြန်ဖွင့်ပေးလိုက်တယ်။ သိပ်တော့ မဟုတ်သေးဘူး လို့ စိတ်ထဲက တွေးလိုက်မိသေးတယ်။ 



ဆရာဝန်တွေက စပြီး Civil Disobdient Movement ခေါ်တဲ့ အလုပ်မဆင်းပဲ ဆန္ဒပြကြတဲ့ သပိတ်ကို စတင်လိုက်တယ်။ စစ်တပ်က ဘာထုတ်ပြန်သလဲ ဆိုတော့ စစ်ဆေးရုံမှာ ကုပေးပါမယ်တဲ့။ ဆရာဝန်တွေက မလိုပါဘူးဆိုပဲ။ အဲ့ စာ တင်ပြီး မကြာပါဘူး။ စစ်တပ်က သူတို့ပိုစ့်ကို သူတို့ ပြန်ဖျက်သွားကြတယ်။ 
ကျောင်းဆရာ ဆရာမတွေ ပါလာတယ်။ နောက်တော့ တော်တော်များများ ပါလာတာ တွေ့ရတယ်။ မတွေ့ရတာက ရုပ်ရှင်အဖွဲ့က လူတွေပဲ။ ပျောက်ခြင်းမလှကို ပျောက်နေကြတာ။ လူငယ် cele တော်တော်များများကတော့ ရှေ့ဆုံးက ပါတယ်။ သပိတ်စစ်ကြောင်းတွေ ချီတက်ကြတယ်။ ဓါတ်ပုံဆရာတွေလည်း ပါတာပေါ့ဗျာ။ ဘယ်နေမလဲ။ ပြည်သူတွေဘက်ကလည်း CDM ကို support လုပ်ကြတယ်။ goFundMe မှာတောင် ချက်ချင်း တက်လာတယ်။ CDM  ကို တချို့လူတွေက နားမလည်ကြဘူး။ အဲ့တာကို educate လုပ်ဖို့ လိုတယ်။ များများ educate လုပ်ပေး ရမှာ။ ဒီ တိုက်ပွဲ မှာ CDM က အဓိကပဲ။ 
မန္တလေးက ဆရာတေဇာဆန်းဟာ ၇၂ နာရီ ငြိမ်Pနေရမယ်ဆိုတဲ့ psywar တွေ ကြားထဲကမှ မန္တလေးမြို့ရဲ့ နွေဦးတော်လှန်ရေးကို စတင်လိုက်ပါတယ်။ 



လူတွေက အကြောက်တရားနဲ့ အုပ်ချုပ်ခံလာခဲ့ရတာ ဆိုတော့ ကြောက်တတ်ကြတာပေါ့။ အဲ့မှာ case လေးတွေ သွားတွေ့တယ်ပေါ့။ တခုက ကျွန်တော့် အခန်းဘေးက တယောက်ဗျ။ သူက facebook မှာ CDM ထောက်ခံတဲ့ ဆိုင်းဘုတ်လေးကိုင်ပြီး ပုံလေးတင်လိုက်တာ သူ့အမေက ဖုန်းဆက်ပြီး ငါ့သားရယ် အမေ သွေးတိုးတယ်တဲ့ အဲ့လို ပုံတွေ မတင်ပါနဲ့ သားရယ်တဲ့။ နောက်တခုက အစိုးရ ရုံးက တယောက်က CDM ုလုပ်တယ်။ လုပ်တာကလည်း သူ့ ဘော်ဒါတွေက ဝိုင်းပြောလို့။ အဲ့တာ လုပ်လည်း လုပ်ရော သူ့ အိမ်က ဖုန်းတွေဆက်ပြီး အလုပ်ပြန်ဆင်းခိုင်း၊ အဲ့ အလုပ် ရအောင် လုပ်ပေးခဲ့တဲ့ သူ့ဦးလေးက ဖုန်းတွေ ဆက်ပြီး ဆူပူနဲ့၊ သူ့ခမျာလည်း အတော် စိတ်ညစ်ရှာမှာ။ အဲ့ အလုပ်ရဖို့လည်း သူ့ခမျာ အကုန် ခယပြီး ငွေတွေလိုက်ပြီးမှ ရခဲ့တာ တဲ့။  ဘယ်လို ပြောရမလဲတောင် မသိတော့ဘူး။ ပြောချင်တာက အခုလုပ်နေတာက ကျွန်တော်တို့ မျိုးဆက် နဲ့ နောက်တက်လာမယ့် မျိုးဆက်တွေ အတွက်လေ။ ခု မှ မလုပ်ရင် နောက်မျိုးဆက်ပါ မျိုးကန်မှာလေ။ အခု သူတို့တွေ ဆန္ဒပြတဲ့ထဲ မပါဘူး။ သူတို့ မွေးလာတဲ့ ကလေးတွေကျ ပညာရေး၊ ကျန်းမာရေး အဘက်ဘက်က နိမ့်ကျနေတဲ့ အစိုးရ လက်အောက်မှာ မနေချင်လို့ တိုက်ပွဲဝင်နေတာလေ။ ပြောရရင်တော့ သူတို့ မိဘ ကျွန်တော့် မိဘ ဆိုတာ သေတော့မှာ။ သူတို့ဟာ သူတို့ က ဘယ်အစိုးရတက်တက် ဘာမှ မထူးတော့မဘူး။ ကျွန်တော်တို့ကျ အဲ့လို မဟုတ်ဘူးလေ။ ရှေ့ဆက်ပြီး အသက်ရှင်ရဦးမှာ။ ကိုယ့်မျိုးဆက် နောက်လာမယ့် မျိုးဆက် အတွက် ကျွန်တော်တို့မှ တိုက်ပွဲ မဝင်ရင် ဘယ်သူက ဝင်ပေးမှာလဲ။ ကျွန်တော်တို့ မသင်ခဲ့ရတာက နိုင်ငံရေး ဆိုတာ လူတိုင်းနဲ့ ဆိုင်တယ်ဆိုတာပဲ။ နိုင်ငံရေး ကောင်းမှ လူ့ ဘဝတွေ သာယာတိုးတက်မယ် မဟုတ်လား။ နောက်မျိုးဆက်တွေကျရင် နိုင်ငံရေးဆိုတာ လူတိုင်းနဲ့ဆိုင်တယ် ဆိုတာ သင်ပေးရမယ်။ နောက်ပြီး နိုင်ငံဝန်ထမ်းက ပါတီ နိုင်ငံရေး ကင်းရမယ် ဆိုတာကြီးက အတော်ကို ဟာသ မြောက်တာဗျ။ သူတို့ စစ်တပ်က အရပ်ဘက်ကို လာအုပ်ချုပ်တယ်။ အရပ်သားဝန်ထမ်းကျ နိုင်ငံရေး လုပ်ခွင့်မရှိ ဆိုတဲ့ ကြောင်တောင်တောင် ပေါ်လဆီကြီးဟာ။ နိုင်ငံ့ဝန်ထမ်းက နိုင်ငံရေး မလုပ်ရဘူးဆိုတာ ဘယ်လိုမှကို မဖြစ်သင့်တာပါ။ အပေါ်မှာ ပြောခဲ့သလိုပဲ။ နိုင်ငံရေးက လူတိုင်းနဲ့ ဆိုင်တယ်။ စားဝတ်နေရေးလည်း နိုင်ငံရေးပါပဲ။

လူတွေက UN meeting ကို စောင့်နေကြသေးတယ်။ ဘာများထူးခြားမလဲ ဆိုပြီးတော့ပေါ့။ ဘာထူးစရာ လိုလို့လဲ။ US ကလည်း သူတို့ အကျိုးမရှိပဲ စစ်တပ် လွှတ်စရာ အကြောင်းမှ မရှိတာပဲ။ 



အဓိက က ပြည်သူပဲ။ CDM နိုင်ဖို့ပဲ လိုတာ။ ရေရှည် အတွက် အများကြီး ပြင်ဆင်သင့်တယ် လို့ မြင်တယ်။ ဟုတ်တယ်လေ။ CDM လုပ်ပေမယ့်လို့ မိသားစု စားဝတ်နေရေးက ရှိနေသေးတာကိုး။ ရန်ကုန်ကတော့ မြန်တယ်။ အဖွဲ့တွေဖွဲ့တယ်။ အလှူငွေလက်ခံတယ်။ CDM လုပ်လို့ စားဝတ်နေရေး ခက်ခဲသူတွေကို ကိုယ်တိုင် ကူညီကြတယ်။ နယ်တွေကျတော့ သိပ်မလွယ်ဘူး။ နယ်တွေမှာ ညဘက်ဆို သပိတ်ခေါင်းဆောင်တွေကို လိုက်ဖမ်းတော့တာပဲ။ နေ့ခင်းကြောင်တောင်ကြီး အရပ်ဝတ်နဲ့ လာဖမ်းတာတောင် ရှိသေး။
တချိန်တည်းမှာပဲ စစ်တပ်ဘက်ကနေပြီး မဲခိုးတဲ့ ဇာတ်လမ်းကိုပဲ အသည်းအသန် လုပ်နေကြတယ်။ မနေ့ညက အမျိုးထဲက UEC ထဲ ပါတဲ့ တစ်ယောက်ကို ညဘက် ၂ နာရီကြီး
 ဖမ်းသွားတယ်။ ကျန်တဲ့ ရွေးကော်မှာပါတဲ့ သူတွေကိုလည်း ခေါ်တယ်ကြားတယ်။ သူတို့ ဘာလုပ်မယ် ကြိုသိနေရင်  ရွေးကော်က လူတွေကို ဖွက်ထား ပုန်းထား ပေါ့ဗျာ။ ခုဆို မဲခိုး ပါတယ် ဆိုတာ စစ်ဆေး တွေ့ရှိရပါတယ်ဆိုပြီး ဥပဒေအရ လုပ်တာပါဆိုတာ လုပ်မှာ အသိသာကြီးကို။ ရွေးကော်ကလူတွေ ငြင်းခဲ့ရင်တောင် လက်နက်နဲ့ ချိန်းခြောက်ပြီး  အတင်းအကြပ် လက်မှတ် ထိုးခိုင်းမှာပဲ။ အဲ့ လက်မှတ်တွေ စုပြီး စုံကန် ငြင်းကြတော့မှာ။ တရားသဖြင့် အာဏာသိမ်းရတယ် ဆိုတာ ကမ္ဘာက သိအောင် လုပ်နေတာပေါ့။ 
ဒီ ရှေ့ပိုင်း ရက်တွေမှာ အလုပ်တွေ ရှုပ်တာရော၊ laptop ကို မဖွင့်မိတာရော နဲ့ စာတွေ မရေးဖြစ်မိလိုက်ဘူး။ 


၁၂ ရက်နေ့ ရောက်တော့ အပြန်အလှန် psywar ထည့်နေကြပြီ။ Facebook မှာ Gas pipeline ကြီး ခွဲမယ် ဆိုပြီး ပိုစ့်တွေဝိုင်းတင်ကြတာ Gas pipeline ကို ရဲ တွေ အစောင့်ထားရတဲ့ အထိပဲ။ 
Facebook မှာ ယတြာချေတဲ့ ဗေဒင်ဆရာပါ ညဘက်ဖမ်းခံလိုက်ရတယ်။ ဒီကောင်တွေ စစ်တပ်က အဲ့လိုဟာတွေတော့ အသေကြောက်တာဗျ။ အမယ် psywar ဆိုတာထက် စစ်တပ်က brainwash လုပ်တာကတော့ အတော်ကြမ်းတယ်။ စစ်သား စစ်ဗိုလ်တင် မကဘူး။ သူတို့ရည်းစားတွေပါ သူတို့ဘက်က ရှိတယ်ဗျ။ ကျွန်တော့် facebook account ထဲက နိုင်ငံခြားမှာ ကျောင်းဆရာမလုပ်လာတဲ့ PhD ဘွဲ့ရ ပရော်ဖက်ဆြာ ဆရာမကြီးတောင် စစ်တပ်မှ စစ်တပ် ဆိုတာ တွေ့နေရတာကိုး။ တကယ် အယူလွဲတာက စစ်တပ်ဆိုတာ တိုင်းပြည်ကို အုပ်ချုပ်ရတဲ့ လူတန်းစား မဟုတ်ဘူး။ သူတို့မှာ အဲ့တာကြီးက စိတ်က စွဲနေတော့ အာဏာရှင် ရူး ရူးတော့တာ့တာပဲ။ 
ညပိုင်း MRTV သတင်းက သတင်းကြေညာတာကတော့ အတော်ကြီးဆိုးတယ်။ သံသေတ္တာလုပ်သားများ က အတိုးချ ဆုတောင်း ဆိုပဲ။ တစ်နိုင်ငံလုံး သံသေတ္တာလုပ်သားတွေ ဖြစ်ကုန်တာပေါ့။
၁၃ ရက်နေ့မှာတော့ တော်တော်ဆိုးတယ်။ ထောင်တွေ ခါလိုက်တယ်။ ညဘက် အိမ်တွေ မီးလိုက် ရှို့တယ်။ လူတွေ လိုက်ဖမ်းရင် ထွက်ပြေးတယ်။ မိတဲ့ သူကလည်း ဆေး ကြောင် ကြောင်သလိုပဲ။ စကားတောင် ဖြောင့်အောင်မပြောနိုင်ဘူး။ မင်္ဂလာဒုံ ဘက်မှာ လိုက်ဖမ်းတာ ထွက်ပြေးတယ်။ ရဲ အိမ်ယာဝန်းထဲ ဝင်ပြေးသွားတာ လွတ်သွားရော။ ရေကျော် ဘက်မှာ လိုက်ဖမ်းတာ လူ မမိဘူး။ လွယ်အိတ်ကျန်ခဲ့တယ်။ စစ်သုံးလွယ်အိတ်။ ရှင်းနေတာပဲ။ Facebook ပေါ် video တက်လာတယ်။ ထွက်ပြေးတဲ့ လူကို ရဲ က ဒီတိုင်းထိုင်ကြည့်နေတာ။ ညဘက် လူတွေ ရုတ်ရုတ် ဖြစ်နေတာကို Drone နဲ့ မှတ်တမ်းယူတယ်။ ဘယ်နေရာ ဘယ်လို သုံးမလဲ စောင့်ကြည့်ရသေးတာပေါ့။ ၈၈ တုန်းက အကွက်တွေ အကုန်ထုတ်သုံးနေတာပဲ။ တခြားအကွက်တွေ မရှိတော့လို့လား မသိဘူး။ စစ်တပ်ဘက်က သတင်းကြားရတာက ကိုယ့်ကောင်တွေက ဆော်မယ် ဆိုတာချည်းပဲတဲ့။ ဒါပဲလေ။ လက်ထဲ သေနတ်ရှိတဲ့ ကောင်တွေကတော့ ဒါပဲ အားကိုးတာ ဘာဆန်းတုန်း။ ကနေ့ အထိ ချီးကျူးရမှာက လူငယ်တွေပဲ။ တကယ်ကို လူညီတယ်။ မနေ့က ကိုင်တဲ့ ဆိုင်းဘုတ်တွေ က နိုင်ငံတကာက သတိမထားမိဘူး ပြောလိုက်တာ နောက်နေ့ကျ လူတိုင်း ဆိုင်းဘုတ် ဆင်တူနဲ့။ အားရလိုက်တဲ့ ဖြစ်ချင်းဗျာ။ တချို့ ဥပဒေတွေ ပြင်လိုက်တယ်။ ဧည့်စာရင်းတိုင်ရတဲ့ ခေတ်ပြန်ရောက်သွားတယ်ပေါ့။ ဝရမ်း မပါပဲလည်း ဖမ်းခွင့်ရှိသွားတယ် စသည်ဖြင့်ပေါ့ဗျာ။ 
စစ်တပ်ဘက်က ဘော်ဒါတစ်ယောက် နဲ့ စကားပြောဖြစ်တော့ သူတို့ဘက်က ဒေါ်အောင်ဆန်းစုကြည်ကို တရားဆွဲဖို့ သေချာ ပြင်ဆင်နေတယ် ဆိုတဲ့ အကြောင်း၊ တော်တော်များများက လက်နက်နဲ့ တိုက်ပွဲကို မြန်မြန် အဆုံးသတ်စေချင်နေပြီ ဆိုတဲ့ အကြောင်းတွေ ကြားလာရတယ်။ 

အဆိုးထဲက အကောင်းကတော့ ခုချိန်ထိ မွေးကတည်းက ပေါင်းလာ သင်းလာတဲ့ သူငယ်ချင်းတွေရော ရန်ကုန် ရောက်မှ ခင်မင်ရတဲ့ သူငယ်ချင်းတွေရော ဖုန်းလောက၊ ကွန်ပျူတာလောက၊ ဓါတ်ပုံလောက က အပေါင်းအသင်းတွေရော
အကုန် ကိုယ်နဲ့ စိတ်ရော ကိုယ်ပါ တူညီပြီး အားတက်သရော လိုက်ပါ ဆန္ဒပြကြတာ မြင်ရတော့ အတော် ပျော်မိတယ်။ ဟိုဘက် ပါတဲ့ လူတွေလည်း ရှိတာပါပဲ။ လက် ၅ ချောင်း မပြည့်ပါဘူး။ ဟိုဘက်က လူတွေ က ရယ်တော့ ရယ်ရတယ်။ တယောက်ဆိုရင် ဘယ်ဘက်ကမှ မပါပါဘူး ဆိုပြီး ဘုရားစာ တရားစာတွေချည်းပဲ ထိုင် share နေတော့တာပဲ။ သူ့ခမျာလည်း စစ်ဗိုလ်ကို လင် တော် လိုက်တာနဲ့ နိုင်ငံခြားက ယူလာတဲ့ ဘွဲ့တွေ ပညာတွေ အမှောင်ဖုံးခံလိုက်ရတယ်ပေါ့။ သနားလည်း သနားပါတယ်။ 
၁၄ ရက်နေ့မှာတော့ အသံတိတ်ဆန္ဒပြကြမယ် ပြောတယ်။ ပြောတဲ့ အတိုင်းပဲ ရန်ကုန်မှာ အကုန်လုံး အသံတိတ်ပဲ။  ကမ္ယာ့မီဒီယာတွေကလည်း စစ်တပ်နဲ့ ရဲ ရန်ကနေ ပြည်သူအချင်းချင်း ကာကွယ်ပေးနေရပြီ ဆိုတာ ကို သိနေကြပြီ။ Sunday လည်း ဖြစ်တော့ နားတယ်ပေါ့။  ညနေဘက်ကျတော့ စစ်တပ်က အမြှောက်ကားတွေ တင့်ကားတွေ နဲ့ ရန်ကုန်မြို့ထဲ ပတ်မောင်းနေတယ်။ ညဘက်လည်း စစ်ကားတွေ တဝီးဝီးနဲ့ လမ်းသလားနေ စစ်ရေပြနေကြလေရဲ့။ ကနေ့ည နဲ့ နက်ဖြန်က စာမေးပွဲ အောင်စာရင်း ကြည့်ရမှာပဲ။ အမေစုကို တရားစွဲဖို့ ပုဒ်မတွေတပ်ပြီး ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကိုလည်း ငွေကြေးခဝါချမှု့နဲ့ စွဲမယ်၊ နှစ် ၄၀ အထက် ထောင်ဒဏ်ချမယ် လို့လည်း သတင်းတွေ ကြားနေရတယ်။ မြစ်ကြီးနားမှာတော့ ညဘက်ကြီး ပစ်ကြခတ်ကြနဲ့ပဲ။ တော်တော်များများ ထိတယ် ပြောတယ်။ သေနတ်ထိတဲ့ ဦးနန်ဇိမ်းဘရန်မိုင် ဆိုလူကျတော့ ဆေးကုသမှု့ခံဖို့တောင် ငွေကြေးမတတ်နိုင်လို့ အလှူခံရတယ် ကြားတယ်။ နောက်ကျတော့ ဆုံးသွားတယ်လို့လည်း ကြားတယ်။ သတင်းတွေက ခုထိ အတည်ပြုလို့ မရနိုင်သေးဘူး။ 
၁၅ ရက်နေ့ ဘဏ်တွေ ပြန်ဖွင့်မယ် ဆိုပြီး သတင်းတွေ တက်လာတယ်။ ရန်ကုန်က မြဝတီဘဏ် ဖွင့်ပေမယ့် မနက် ၉ ကနေ နေ့လည် ၁ နာရီ အထိပဲ ဖွင့်လိုက်တယ်။ ငွေတွေလာထုတ်ကြတာ ဆက်တိုက်ပဲ။ ကျန်တဲ့ private bank တွေကတော့ မဖွင့်သေးဘူး။ မန္တလေးမှာတော့ အခြေအနေ တော်တော်ဆိုးသွားတယ်။ လေသေနတ်နဲ့ လိုက်ပစ်တယ်။ လေးခွတွေနဲ့ ပစ်ကြတယ်။ အရပ်ဝတ်နဲ့ လေသေနတ်သမားကတော့ တော်တော်ဆိုးတယ်။ အဲ့ video  ကို ရိုက်နေတဲ့ သတင်းသမားလည်း ဆော် ခံ လိုက်ရတယ်။ 
၁၆ ရက်နေ့ မှာ အတော်ငြိမ်နေတယ်။ ထူးခြားတာက ညတိုင်း အင်တာနက်ဖြတ်ပြီး ဘာလုပ်နေလဲမသိဘူး။ Dev တွေတော့ stackoverflow ကိုတောင် VPN နဲ့ ဝင်မှ ရတော့တယ်။ Google နဲ့ ပတ်သတ်သမျှ အကုန် လိုက်ပိတ်နေတာ တစတစနဲ့ တော်တော် ဆိုးလာပြီ။ CDM မှာပါလို့ အဖမ်းခံရတဲ့ ချင်းအမျိုးသား ဗန်ဇမ်းရွာသား ဆလိုင်းခွာကုန်း ကတော့ စစ်တပ်က ကားနဲ့တိုက်လို့ အသက်ဆုံးရှုံးသွားတယ် ကြားတယ်။ ကျိုင်းတုံ လို မြို့မှာကျတော့ CDM လုပ်တဲ့ ဝန်ထမ်းတွေကို လူကြီးတွေက ဖုန်းဆက်ပြီး အလုပ်ပြန်ဆင်းခိုင်းတယ်။ လူတွေက ကြောက်ပြီး ပြန်ဆင်းကုန်ကြတယ်။ ညဘက်ကြီး မန္တလေးကို တော်တော် ဆော်တယ်။ ရပ်ကွက်ထဲ သေနတ်လိုက်ဖောက်တယ်။ Flare gun တွေနဲ့ပစ်တယ်။ ကနေ့ စစ်ကောင်စီက သတင်းစာရှင်းလင်းပွဲ လုပ်တယ်။ မီဒီယာတွေ အကုန်မတက်ကြပဲ သပိတ်မှောက်တယ်။ RFA က ပဲ တက်တယ်။ RFA သတင်းထောက် မေးတာကို တခွန်းမှ တိတိကျကျ ဖြေ မသွားဘူး။ ဖြေစရာ အဖြေလည်း ရှိမှ မရှိပဲ။ ပြောသမျှ ဥပဒေ အတိုင်းပဲ ဆိုပြီးပဲ ပြောနေတယ်။ 
၁၇ ရက်နေ့မှာ အမေစုကို ရုံးထုတ်တယ်။ နောက်ထပ်ပုဒ်မ အသစ်တခုတပ်ပြီး ထပ်စွဲတယ် ကြားတယ်။ သမ္မတကြီး ဦးဝင်းမြင့်ကတော့ ရှေ့နေ မငှားဘူး ကြားတယ်။ ဥပဒေဆိုတာ သူတို့ ကိုယ်တိုင်ဖြစ်နေတာလေ။ တရားဥပဒေ မှ မဟုတ်တော့တာ။ မနေ့က စစ်ကောင်စီက သတင်းစာရှင်းလင်းပွဲ လုပ်လိုက်လို့နေမယ်။ ညဘက်ကြီး မန္တလေး ဘူတာကြီးဝင်စီးပြီး သူတို့ စစ်တပ် ရထားတစီး ရအောင်ထွက်သွားတယ်။ တော်တော် ဆိုးဆိုးဝါးဝါးပဲ
Update အရတော့ ရထားမထွက်သွားပါဘူးတဲ့။ 






ကနေ့ မနက်စောစော သတင်းကတော့ ရန်ကုန်တမြို့လုံး ကားပျက်ကြတာပဲ။ ရုံးတက်လို့မရအောင် အမျိုးမျိုး ကားပျက်ပေးကြတယ်။ ဆိုက်ကားတွေပါ လမ်းလည်ခေါင်မှာ တုံးလုံးကြီး ပျက်ကြတာ။ 
ရန်ကုန်က လူတွေ ဒီလောက်အများကြီး ဆန္ဒပြနေတာကို ခုထိ အင်အားသုံး မဖြိုခွဲပဲ နယ်တွေကို အသည်းအသန် လိုက်နှိမ်နင်းနေတယ်။ နယ်တွေ ဆိုလို့ စကားမစပ် တိုက်ဆိုင်တာလား တကယ်လားတော့ မသိဘူး။ မ နဲ့စတဲ့ မြို့တွေပဲ လိုက်ပြီး အကြမ်းဖက်နေတာ။ မြစ်ကြီးနား မန္တလေး မြောင်းမြ အဟုတ်တော့ အဟုတ်ဗျ၊ နယ်တွေမှာကျ အကြောက်တရားက ပိုတာကိုး။ ရန်ကုန်မှာ နိုင်ငံတကာ သတင်းထောက်တွေ သံရုံးတွေ ရှိတာမို့ လွှတ်ထားတာများလားပဲ။ ရန်ကုန်ကို နောက်ဆုံး မှပဲ ကိုင်မယ်ထင်တယ်။  ခုထိတော့ စစ်တပ်ဘက်က plan တွေ အတိုင်းသွားနေတုန်းပဲ။ ကနေ့ သိသာသွားတာက ၈၈ တုန်းက အကွက်တွေ မလာတော့ပဲနဲ့ အကွက်အသစ်တွေ ထုတ်ထာတယ်။ ကိုယ်တွေကလည်း သူတို့ အကွက်ကိုစောင့်ပြီး ပြန် ချဖို့ပဲ တတ်နိုင်တယ်။ 
အမေရိကန် စစ်သင်္ဘောတစီးကတော့ south china sea ထဲ ရောက်လာပြီ။ Proxy war ဖြစ်မယ့် အသံတွေ ကြားနေရတယ်။ 
၁၈ ရက်နေ့မှာတော့ ဘာမှ အထွေအထူး သိပ်မရှိဘူး။ နယ် ဘက်တွေကိုပဲ ပိုပြီး ဖိနိပ်နေတုန်းပဲ။ ဗန္ဓုလ တံတားပေါ် ကို မြေကော်ကားနဲ့ စစ်ကားတွေ မနက်ကတည်းက ရောက်နေတယ်။ ပျက်တဲ့ ကားတွေ ဆွဲဖို့ နေမယ်။ လူတွေက ကြိုသိနေတော့ ကားမပျက်ကြတော့ဘူး။ ကားတွေ ကို နှေးနှေးမောင်းကြတယ်။ ကားလမ်းတွေ ပိတ်အောင် လမ်းကူးတဲ့ အဖွဲ့တွေလည်း ရှိနေသေးတာပဲ။ တနိုင်ငံလုံး လမ်းတွေပေါ်မှာ paint တွေနဲ့ WE WANT DEMOCRACY ဆိုပြီး စာတန်းတွေ နေရာ အနှံ့ ရေးကြတယ်။ ရဲ တွေက လိုက်ဖျက်တယ် လို့ ကြားတယ်။ ခုချိန်မှာ လူတွေက ရဲတွေကို အားမရ ဖြစ်လာတယ်။ ဘာလို့ အာဏာရှင် လက်အောက်မှာ နေနေကြတာလဲ ဆိုပြီး ဖြစ်လာကြတယ်။ 
ဘဏ်တွေရဲ့ ငွေတိုက်စာချုပ်သတင်းက လည်း hot ဖြစ်နေတယ်။ ငွေတိုက်စာချုပ် လေလံဆွဲတာ ၁% တောင် မရဘူးဆိုတော့ စစ်အစိုးရကို ဘယ်စီးပွားရေးလုပ်ငန်းရှင်ကမှ မထောက်ခံဘူး လို့ ဆိုရမယ်။ City mart မှာတောင် မြန်မာဘီယာ တင် မရောင်းတော့ဘူး။ Boycott လုပ်လာကြပြီ။ 
လကုန်ခါနီးပြီ ဆိုတော့ CDM လုပ်နေတဲ့ ဝန်ထမ်းတွေ အတွက် လစာ စိုးရိမ်မိတယ်။ CDM လုပ်တဲ့ သူတွေကို ထောက်ပံ့ဖို့ သူငယ်ချင်းတယောက်က လာပြောတာနဲ့ CDM ပွဲစားဖြစ်သွားတယ်။ တကယ် လိုအပ်တဲ့ သူတွေကို အလှူလုပ်နေတဲ့ အဖွဲ့တွေနဲ့ ကြားကချိတ်ပေးဖြစ်တယ်။
ဘာသာရေး လက်နက်ကို ထုတ်သုံးလာတယ်။ ပျက်တဲ့ ကားတွေကို ဘုန်းကြီးတွေက ထွက်လာပြီး မှန်တွေ ရိုက်ခွဲကြ နဲ့ တော်တော် ရုန်းရင်းဆန်ခတ်ဖြစ်သွားတယ်။ လူတွေ ဝိုင်းလာတော့ ဘုန်းကြီးကျောင်းထဲ ဝင်ပြေးသွားတယ်။ နောက်က လိုက်လာတဲ့ သတင်းသမားတွေ ပြည်သူတွေကို ဘုန်းကြီး ကျောင်းထဲကနေ ဂွ တွေနဲ့ ပြန်ပစ်ကြသေးတယ်။
KIA/KIO က စာထုတ်ပြီးတဲ့ အချိန်မှာတော့ စစ်တပ်ဘက်ကနေ ဝင်မပါဖို့ ပြန်ပြီး ပြောတယ် ကြားတယ်။ ဒီ အချိန် မှာ ပြည်တွင်းစစ်ဆိုတာ လုပ်ဇာတ်ကြီး မှန်း အကုန် သိသွားတာပေါ့။ AA တို့ ဆို ပျောက်ချင်းမလှကို ပျောက်သွားတာ။ US စစ်သင်္ဘော Theodore ကတော့ South China Sea ထဲ မှာ နေရာ ယူလာတယ်။ လေးနိုင်ငံပေါင်း Quad operation လုပ်ကြတယ်။ 
 ညပိုင်းအင်တာနက် ဖြတ်တာ ပိုပိုဆိုးလာတယ်။ Wikipedia တောင် ပိိတ်တဲ့ အထဲ ပါသွားတယ် ဆိုတော့ ဘာပြောရမှန်းမသိဖြစ်သွားတယ်။ နေပြည်တော်မှာ ရှိတဲ့ MPT data center ကနေ proxy cert ထုတ်ပြီး user တွေရဲ့ info တွေကို ကြားက ခိုး ယူနေတယ်လို့လည်း သတင်းတက်လာတယ်။ ကျွန်တော်လည်း network သမား မဟုတ်တော့ အတည်မပြုနိုင်ဘူး ဖြစ်နေတယ်။ အတည်ပြုနိုင်တဲ့ သတင်းအရ MPT မှာ TAP Devices တွေ တပ်တယ်၊ Telenor နဲ့ Ooredoo က မတတ်နိုင်ဘူး ငြင်းလိုက်တယ် တဲ့။


၁၉ ရက်နေ့ မှာ မနက်စောစောစီးစီးပဲ မြစ်ကြီးနားက ကျောင်းဆရာမလေး တွေကို ဝင် ဖမ်းတဲ့ သတင်းတက်လာတယ်။ လက်ကျိုးတဲ့ အထိ ရိုက်နှက်ပြီး ဖမ်းတယ်လို့ သတင်းထပ်ရတယ်။ 
 နေပြည်တော်မှာ သေနတ်နဲ့ ပစ်ခံရတဲ့ ကောင်မလေး ဆုံးသွားတယ်။ Facebook မှာတော့ စစ်တပ်အသိုင်းအဝိုင်းက လူတွေရဲ့ Facebook account တွေကို လိုက်ဖော်ထုတ်နေလေရဲ့။ သူတို့ အသိုင်းအဝိုင်းက အညှီအဟောက် တွေက နံမှနံပဲ။ 
 မုံရွာက ဆန္ဒပြတဲ့ သူတွေ ထဲ ဝင်ပါလာတဲ့ တယောက်က ပိုက်ဆံပေးလို့ ဆန္ဒပြရတာပါဆိုပြီး တပ်မတော် သတင်းမှန်ပြန်ကြားရေး page ကနေ တက်လာတယ်။ ဒါကမှ တကယ့် နှစ်ကျပ်ကွက် အစစ်။ တကယ် ပူးပေါင်းချင်တဲ့ ရဲ တွေ စစ်သားတွေ လာပေါင်းရင်တောင်မှ ပြည်သူက ယုံရ ခက်သွားပြီလေ။ စစ်သားတွေ ကြားမှာလည်း ပြည်သူက ဒီလိုပါဆိုပြီး အကွက်ပြလိုက်တာပေါ့။ တချက်တည်းနဲ့ ငှက် ၂ ကောင်ကို ထုတာပဲ။ ပြည်သူတွေကတော့နပ်ပါတယ်။ စစ်သားတွေ ရဲတွေပဲ မနပ်တာ။ 
၅၀၀၀ စား ဆန္ဒပြတဲ့ သူတွေ တောင် လိုက်ခေါ်လို့ မရတော့ဘူးလို့လည်းကြားတယ်။ ခါတိုင်းသုံးနေကျ အကွက် ဖြစ်တဲ့ ဘာသာရေးမှိုင်းတိုက်တာလည်း အလုပ်မဖြစ်တော့ဘူး။ ဆရာတော်ဘုရားတွေ ငြိမ်နေတာတော့ အတော်ထူးဆန်းတယ်။ 

၂၀ ရက်နေ့တော့ ငြိမ်နေပါတယ် ဆိုပြီး ကြည့်နေတာ ညနေလည်းရောက်ရော မန္တလေးမှာ ပစ်ကြခတ်ကြ ဖြစ်ကုန်တော့တာပဲ။ ရိုင်ဖယ်နဲ့ ကို ပစ်တာဗျ။ ဂေါဝိန်ဆိပ်က လူတွေကို သွားစတာဗျ။ ဒီကောင်တွေ ရန်ကုန်ကို လွှတ်ထားချင်လို့ လွှတ်ထားတာ မဟုတ်ဘူး။ အသုံးမဝင်လို့ လွှတ်ထားတာ။ ဂေါဝိန်ဆိပ်မှာ ပစ်တာက သင်္ဘော ထွက်မပေးလို့ ပစ်ကြတာလို့ သတင်းကြားတယ်။ ဗန်းမော်ကိုထွက်ဖို့ သင်္ဘောကို ပေးမထွက်လို့ ဖြစ်ကုန်ကြတာလို့ ပြောတယ်။ သူတို့ ထောက်ပို့ အတွက် သင်္ဘောထွက်စေချင်ကြတာ ဟိုက လူတွေက CDM လုပ်နေတယ် မောင်းတတ်ရင် ယူမောင်းသွားဆိုပြီး စလိုက်တာပဲ။ အစက သင်္ဘောကျင်း အထဲမှာ ရဲမှူး က ပိတ်မိနေသေးတယ်။ ပြည်သူကပဲ လမ်းရှင်းပေးပြီး အပြင်လည်း ရောက်ရော ၂ ဖက်ပိတ်ပြီး ပစ်ကြတာ။ လက်နက် မပါတဲ့ လူတွေ ကို စိမ်ပြေနပြေကို ထိုင်ပစ်သွားတာ။ 



စစ်သွေးကြွတွေက တကယ် ကြောက်စရာ ကောင်းတယ်။ 





အချုပ်ကားနဲ့ကို ဖမ်းသွားတာတွေ ရှိသေးတယ်။ အယောက် ၂၀ ကျော် ဒဏ်ရာ ရတယ်။ ၂ ယောက် သေတယ် ပြောတယ်။ သေတာကလည်း နေရာတင် ပွဲချင်းပြီး ကျည်ဆံ မှန်ပြီး သေတာ။ ခေါင်းပါပွင့်ထွက်တယ်။ တေ့ ပစ်သလို ကို ပွင့်သွားတာ။ ညဘက်ရောက်တော့ သေတဲ့ သူက ၂၁ ယောက်ဖြစ်သွားပြီ။ 





ရန်ကုန်က ရွှေပြည်သာမှာတော့ ညဘက်ကြီး ကင်းသမားကို စစ်တပ်က ပစ်လိုက်တာ နေရာမှာတင် ပွဲချင်းပြီးပဲ။ 
သူတို့က ပြည်တွင်းစစ် လို့ ခေါင်းစဉ်တပ်ချင်နေကြတယ် ထင်တယ်။ နိုင်ငံတကာ က ပါလာတာကို ရှောင်လို့ ရဖို့ က ဒီနည်းလမ်း က ရှိသေးတာကိုး။ 
ညဘက်ကြီး လူမင်း အဖမ်းခံရတယ်။ ထုံးစံပေါ့။ နာမည်ကြီး ထင်ရှားတဲ့ လူတွေကို ဆွဲတာပေါ့။ 




MyTel  သုံးတဲ့ သူတွေမှာ အင်တာနက်ကို ကြားက ဖြတ်ပြီး ဝင်ကြည့်တာတွေ တွေ့လာရပြီ။ Man In The Middle သဘောပဲပေါ့။ 
၂၁ ရက်နေ့ကတော့ Sunday ထုံးစံပဲ ငြိမ်နေတုန်းပဲ။ နက်ဖြန် ၂၂.၂.၂၀၂၁ မှာတော့ ပြည်လုံးကျွတ်သပိတ်စပြီပဲ။ ဆိုင်တွေပါပိတ်မယ်။ လူတိုင်းသပိတ်မှောက်ကြမယ်ပေါ့။ မြဝတီ သတင်းစာမှာတော့ နေပြည်တော်က ကောင်မလေး သေနတ်မှန်တာကို စစ်တပ်က သူတို့ကြောင့်မဟုတ်ပါဘူး ဆိုပြီး ပါလာတယ်။ မန္တလေးကတော့ မနေ့က ပစ်ခံရလို့ ဆိုပြီး မနေ့ကထက်ပိုပြီး တောင် လူများလာတယ်။ တပ်မတော်သတင်းမှန်ပြန်ကြားရေး Facebook page ကိုတော့ Facebook က ဖြုတ်ချပစ်လိုက်တယ်။ ဘာမှ လုပ်စရာကို မလိုတာ။ နိုင်ငံတကာက လည်း မထောက်ခံဘူးဆိုတဲ့ သဘောပေါ့။ 

၂၂ ရက်နေ့မှာ တစ်နိုင်ငံလုံး ပြည်လုံးကျွတ်သပိတ်မှောက်ကြတယ်။ နေပြည်တော် မှာတော့ လမ်းပေါ်ထွက်သမျှလူ အကုန် လိုက်ဖမ်းတယ်။ ၄၀၀ ကျော်လောက် အဖမ်းခံရတယ် ပြောတယ်။ ကင်မရာ နဲ့ ချိန်တဲ့ သူလည်း ဖမ်းတာပဲ။ ဖုန်းနဲ့ ဓါတ်ပုံ ရိုက်ရင်လည်း ဖမ်းတာပဲ။ မြင်မြင်သမျှ လမ်းပေါ်ကလူ အကုန်ဖမ်းတာပဲ။ အရပ်ဝတ်နဲ့ ရဲတွေပါ ဖမ်းမိတယ် ဆိုပြီး ဟာသ လုပ်ပြီး ပြောကြသေးတယ်။ နေပြည်တော်က video တွေတော့ တက်မလာသေးဘူး။ စုစုပေါင်း ၁၉၃ ယောက်၊ ဆိုင်ကယ် ၂၆၆ စီး၊ ကား ၈ စီး ဖမ်းခံထားရတယ် ကြားတယ်။ မူဆယ်မှာလည်း ဆန္ဒပြသူတွေ ဖြိုခွဲ ခံရတယ် ကြားပေမယ့် သတင်းတွေ တက်မလာသေးဘူး။
Photo by Tay Za
Photo By - Tay Za

ညဘက်ရတဲ့ သတင်းတခုကတော့ သိပ်မကောင်းလှဘူး။ အစိုးရက အပ်ထားတဲ့ 5.7 billion US$ က Singapore Bank မှာဆိုတာ စစ်တပ်က စုံစမ်းလို့ ရသွားတယ်တဲ့။ အဲ့ ငွေ ကို ပြန်ယူဖို့ မြန်မာနိုင်ငံက လက်ခံပေးမယ် bank လိုတယ် လို့ စလုံးက ပြောတော့ KBZ ကို စစ်တပ်က သွားညှိတယ် ကြားတယ်။ အဲ့တာ KBZ က လုပ်ပေးမယ့် အနေအထားမှာ တွေ့နေရတယ်။ အဲ့ ပိုက်ဆံတွေ ရရင် စစ်တပ်က သက်ဆိုးရှည်လိမ့်ဦးမယ်။ 
၂၃ရက်နေ့ကတော့ နားကြတယ်ပေါ့။ ပူတာအိုမှာ လူငယ် ၅ ယောက်ဖမ်းခံရတယ် သတင်းကြားတယ်။ ဖုန်ရော့ဖီနန်၊ အင်ဗျဲ့ဆင်ဝါး၊ ဇန်ထရမ်ဆိုင်း၊ ဖေနောင်းအောင်၊ လဇွမ်အောင်ဒီး။ ၂၀ ရက်နေ့ ည က ဖမ်းခံရတာ လို့  Kachinwaves facebook page မှာ ရေးထားတယ်။



























မန္တလေးက အင်ဂျင်နီယာတွေ အင်အားက မနည်းဘူးပဲ။ ရန်ကုန်မှာတော့ မနက်ကတည်းက လမ်းတွေ ပိတ်ထားတယ်။ သံရုံးသွားတဲ့ လမ်းတွေပိတ်ထားတယ်။ မြောက်ဒဂုံ က အထွက် ဘေလီတံတားအဝမှာ ကွန်တိန်နာ ကား နောက်တွဲကြီး လမ်းပေါ် ကန့်လန့် ထားပြီး လမ်းပိတ်ထားတာကို ပြည်သူတွေက ဝိုင်းပြီး တွန်းဖယ်လိုက်ကြသတဲ့။ ဘယ်လောက်ကောင်းတဲ့ အတိတ်လဲဗျာ။ ကျွန်တော်ကတော့ ဒီလို လူညီရင် ဒီနိုင်ငံက တိုးတက်မယ် ဆိုတာ ယုံသွားပြီ။ UN Special Envoy အနေနဲ့ Dr.SaSa ကို ခန့်အပ်လိုက်တယ် ဆိုတာ CRPH ကနေ တရားဝင် ကြေညာလိုက်တယ်။ အဲ့လို မကြေညာလည်း လွန်ခဲ့တဲ့ ၂ ရက်ကတည်းက ကောလဟာလတွေ ထွက်နေတာတော့ ရှိတယ်။ အဲ့လိုကြီးကျ မကောင်းဘူးလို့မြင်တယ်။ ကိုယ့် ကစားကွက် တဖက်လူကို ကြိုပြသလို ဖြစ်နေတာပေါ့။ နောက်တယောက် ကတော့ ကိုထင်လင်းအောင်။ သူ့ကိုတော့ CRPH ရဲ့ နိုင်ငံတကာဆက်ဆံရေး တာဝန်ခံ အနေနဲ့ ခန့်အပ်လိုက်တယ်။

ညဘက်ရတဲ့ သတင်းတခုကတော့ သိပ်မကောင်းလှဘူး။ အစိုးရက အပ်ထားတဲ့ 5.7 billion US$ က Singapore Bank မှာဆိုတာ စစ်တပ်က စုံစမ်းလို့ ရသွားတယ်တဲ့။ အဲ့ ငွေ ကို ပြန်ယူဖို့ မြန်မာနိုင်ငံက လက်ခံပေးမယ် bank လိုတယ် လို့ စလုံးက ပြောတော့ KBZ ကို စစ်တပ်က သွားညှိတယ် ကြားတယ်။ အဲ့တာ KBZ က လုပ်ပေးမယ့် အနေအထားမှာ တွေ့နေရတယ်။ အဲ့ ပိုက်ဆံတွေ ရရင် စစ်တပ်က သက်ဆိုးရှည်လိမ့်ဦးမယ်။


၂၃ရက်နေ့ကတော့ နားကြတယ်ပေါ့။ ပူတာအိုမှာ လူငယ် ၅ ယောက်ဖမ်းခံရတယ် သတင်းကြားတယ်။ ဖုန်ရော့ဖီနန်၊ အင်ဗျဲ့ဆင်ဝါး၊ ဇန်ထရမ်ဆိုင်း၊ ဖေနောင်းအောင်၊ လဇွမ်အောင်ဒီး။ ၂၀ ရက်နေ့ ည က ဖမ်းခံရတာ လို့  Kachinwaves facebook page မှာ ရေးထားတယ်။ ဒီကောင်တွေ လက်ထဲမှာ သေနတ်ရှိတာတောင် ကြောက်လိုက်ကြတာလည်း လွန်ရော။ ပုဂံက ကျိန်စာတိုက်တဲ့ ဆရာ ကိုလည်း ဖမ်းသွားတယ်ပြောတယ်။ မြဝတီက မဖဲဝါ ဆန္ဒပြတာကိုလည်း ဖမ်းတဲ့ ပုံတွေ တွေ့လိုက်ရသေးတယ်။  UN ကိုယ်စားလှယ် အမြဲတမ်း အတွင်းဝန် ဦးမြင့်သူကို နိုင်ငံခြားရေး ဝန်ကြီး ဌာန ကို ပြောင်းလိုက်တယ်လို့ စာထွက်တယ်။ ကုလ က သိရတဲ့ သတင်းအရတော့ ဦးမြင့်သူ ကိုယ်တိုင် နှုတ်ထွက်စာ တင်တယ် လို့ ဆိုတယ်။ 

 Meme ခေတ်ဆိုတော့ စစ်တပ်ဘက်က တလွဲ လုပ်သမျှ meme ချည်း ဖြစ်သွားတယ်။ မြန်မာတွေလေ သိတယ်မလား။ ဘယ်လောက် ဒုက္ခရောက်နေပါစေ ဟာသဉာဏ်ကတော့ ရွှင်နေတုန်းပဲ။





၂၄ ရက်နေ့  မှာတော့ အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး က မြန်မာကို လာမယ် ဆိုပြီး Twitter မှာ poll ကောက်တာ No က အားသာသွားတော့ မလာဖြစ်ဘူး ဖြစ်သွားတယ်။ အဲ့ အစား ထိုင်းနိုင်ငံမှာ ကြားချပြီး မြန်မာက Wunna Maung Lwin နဲ့ တွေ့တယ်။ 

စစ်တပ်ဘက်က နိုင်ငံရေး အခင်းအကျင်း နဲ့ စပြီး လှူပ်ရှားလာတယ်လို့ မြင်တယ်။ UN ကို အန်တုဖို့ အာဆီယံကို အားကိုးတယ် ပေါ့။ သူ့ခမျာ အာဏာသာ သိမ်းတာ။ ဘယ်နိုင်ငံကမှ အစိုးရလို့ မသတ်မှတ်ဘူး။ အဲ့ အတွက် ကြိုးစားနေတယ်ထင်တယ်။ 

CDM ကတော့ အားကောင်းနေဆဲပဲ။ သူငယ်ချင်း ကျောင်းဆရာ ဆရာမတွေက ပိုပြီး စိတ်အားထက်သန်ကြတာကို ပိုတွေ့ရတယ်။ သူတို့ထက် လခ ကောင်းတဲ့ တချို့  Private Bank က ဝန်ထမ်းတွေက တော့ နိုင်ငံရေး ရေချိန် နိမ့်ပြီး အလုပ်ဆင်း နေတာကို တွေ့ရတော့ သနားပဲ သနားမိတယ်။  



၂၅ ရက်နေ့ မှာတော့ မနက် ကတည်းက စစ်ကောင်စီ ထောက်ခံသူတွေ ဆူးလေ ကို ရောက်လာတယ်။ ရဲတွေက မသိချင်ယောင် ဆောင်နေတယ်။ ရပ်ကွက်က လူတွေက သံပုန်းတီးပြီး မောင်းထုတ်တော့ ရပ်ကွက်က လူတွေကို ဂွတွေနဲ့ ပြန်ပစ်လို့ ရုန်းရင်းဆန်ခတ်တွေဖြစ်ကြနဲ့။ သူတို့လူ အချင်းချင်းကို ဓါး နဲ့ ထိုးတာတောင် ထိုးမိတဲ့ အဆင့် ဖြစ်ကုန်တယ်။ 

ဒီဘက်မှာတော့ ပြည်သူတွေ က သနပ်ခါးတိုက်ပွဲ ဆိုပြီး လမ်းပေါ်ထွက်ကြ သနပ်ခါးတွေ လူးကြနဲ့ လှပ နေကြတာ။ မြေနီကုန်း မှာတော့ ထိုင်သပိတ် တွေ အားကောင်းတယ်။ ဆူးလေ မှာတော့ မနက်က ပြဿနာ ကြောင့် လူ မရှိတော့ဘူး။

မနေ့က ဖြစ်တဲ့ ကိစ္စကို အကြောင်းပြုပြီး Twitter မှာတော့ #MilkTeaAlliance ဆိုပြီး ပြည်သူချင်း ပူးပေါင်းကုန်ကြတယ်။ 



ညဘက်ကြီး တာမွေ ကျောက်မြောင်းမှာ စစ်တပ် ဝင်တယ်။ တပ်မ ၇၇ ကို ထုတ်လာတယ်။ ညဘက် အင်တာနက် မဖြတ်ခင် အထိတော့ ဘာမှ မဖြစ်သေးဘူးပဲ။ အင်တာနက်ဖြတ်လိုက်တာနဲ့ သေနတ်သံ တန်း ထွက်လာတာပဲ။ သေနတ်သံ ၅ ချက် ကြားရတယ်။ ညကြီး ဆိုတော့ ဘယ် သူ ဘာဖြစ်လဲ မသိ။ ည ၁ နာရီ အင်တာနက်ဖြတ်တော့ သေနတ်သံ ၅ ချက် ကြားရတယ်တဲ့။ အဲ့နောက် စစ်သားတွေ ပြန်သွားကြတယ်လို့ ပြောကြတယ်။ Trend ဖြစ်သွားတာက ကျောက်မြောင်းကို စ ဝင်တုန်းက လမ်းဘေးက ပလာတာဆိုင် က ပလာတာ တွေ အကုန် ယူသွားတာပဲ။ ( နောက်နေ့တွေမှာလည်း ဆန္ဒပြတဲ့ ပြည်သူတွေ ကျန်ခဲ့တာ စားစရာ ရေ တွေကို ယူသွားကြတာ မြင်တွေ့လာရတယ်။ )

CRPH official website ဖြစ်တဲ့ crphmyanmar.org ကို phase one အနေနဲ့ launch လုပ်လိုက်တယ်။




၂၆ ရက်နေ့မှာ မန္တလေး တော်တော် ဆိုးတယ်။ သတင်းတွေ တက်လာတာ နည်းတယ်။ ဆန္ဒပြနေတဲ့ သူတွေဆီ ရုတ်တရက် ရောက်လာပြီး ပစ်ကြခတ်ကြ ဖမ်းကြနဲ့ ဖြစ်ကုန်တာ။ ၆၂ * ၃၈ ထောင့် မနော်ရမာန် အနီးမှာ တော်တော် ဆိုးဆိုး ထိခိုက် ဒဏ်ရာ ရကုန်တယ်။ ထူးခြားတာက မန္တလေး မြတောင်တိုက် ဘုန်းကြီးကျောင်း ကို Covid ကာကွယ်ဆေး ထိုးပေးဖို့ စစ်တပ်ဘက်က လာလျှောက်ထားတယ်တဲ့။ ဆရာတော်ကြီးများက ပယ်ချလိုက်တယ်တဲ့။ စစ်တပ်က ဘုန်းကြီးတွေကိုပါ ဂိုဏ်းကွဲအောင် လုပ်နေတာပဲ။ ရန်ကုန်မှာ နေ့လည်တုန်းက ဂျပန်သတင်းထောက်တစ်ယောက် အဖမ်းခံရတယ်။ ချက်ချင်းပဲ ပြန်လွှတ်လိုက်တယ်။ နယ်တွေ မှာက သတင်းထောက်တွေ မရှိတော့ နယ် သတင်းတွေက တက် မလာဘူး။ Citizen Journalist တွေ တင်တဲ့ဟာကျတော့လည်း Trust ပြဿနာက ရှိနေသေးတယ်။ 


ဒီ အရေးအခင်းကာလ သက်သေတွေကို တစ်နေရာထဲမှာ စုစည်း ပေးထားတဲ့ website ကတော့ ဆရာ အိမောင် လုပ်ထားတာပါ။ ခုမှ အစပဲ ရှိသေးတယ်။ 

https://myanmararmybrutality.github.io/archive/



Feb 1 ကနေ 25 အထိ ဖြစ်စဉ် အကျဉ်းကို AFP က map လုပ်ထားတာပါ။



ညဘက် UN meeting ကတော့ ထုံးစံပါပဲ။ ဘာမှ မထူးဘူးလို့ ပြောချင်တယ်။ ထူးခြားတာ ဆိုလို့ ဦးကျော်မိုးထွန်း က CRPH က ပို့တဲ့ စာကို ဖတ်သွားတာပဲ။ UN meeting ကို ကြည့်နေရင်း အကုန်နီးပါးက အနောက်တံခါးပြဿနာ ကိုပဲ ပြောနေကြတာ မြင်ရတော့ စိတ်မကောင်းပြန်ရော။ ဒီပြဿနာကြီးက ရှင်းလို့ ပြီးမယ် မထင်။ အရှေ့ကို မျှော်နေတုန်း အနောက်က ပြဿနာ က ထပ်တက်တယ်။ စစ်အစိုးရက သိတဲ့ အတိုင်း ဘာမှ ကိုင်တွယ်ဖြေရှင်းနိုင်မှာ မဟုတ်မှန်း လူတိုင်းသိနေတယ်။ သမိန်ပေါသွပ် ပြောနေကျလိုပဲ “ သိုင်းတတ်ရင် အရာရာ ဖြေရှင်းလို့ ရတယ်" ဆိုသလို ဘာလာလာ လက်နက်နဲ့ ပဲ ဖြေရှင်းတတ်တဲ့ သူတွေ။ တရုတ်ကြီးကတော့ ထုံးစံအတိုင်း ပြည်တွင်းရေး ဆိုပဲ ပြောနေတယ်။ 

နောက်သတင်း တခုကတော့ Covid ကာကွယ်ဆေးကို cold chain ပျက်အောင်လုပ်လိုက်လို့ ကာကွယ်ဆေးထိုးခဲ့တဲ့ သူတွေ တိုင်ပတ်နေပြီ ဆိုတာပဲ။ ဒီ သတင်းကတော့ source မရှိဘူး။ ကောလဟာလ လား တကယ်လားတော့ မသိဘူး။ ပြည်သူ့ အုပ်ချုပ်ရေးကတော့ စပြီး အသက်ဝင်လာပြီ။ လှိုင် ၊ အင်းစိန်၊ သင်္ကန်းကျွန်း မြို့နယ်မှာတော့ အဖွဲ့ ဖွဲ့ပြီးကြောင်း ကြေညာတာ တွေ့လိုက်တယ်။ 

အမေရိကန် အောက်လွတ်တော် အမတ် ၃ ဦးကနေ Protect Democracy in Burma ဆိုတဲ့ ဥပဒေ မူကြမ်းကို တင်သွင်းလိုက်ပါတယ်။ 

https://connolly.house.gov/uploadedfiles/protect_democracy_in_burma_act.pdf



၂၇ ရက်နေ့  မှာတော့ ရန်ကုန်မှာ ထွက်သမျှလူ လိုက်ဆွဲတော့တာပဲ။ Ocean ထဲ ဝင်ပုန်းတဲ့ သူတွေပဲ လွတ်တယ်။ တော်တော်များများ ဖမ်းခံရတယ်။ လူတွေမှာ အကြောက်တရားကျန်နေသေးတယ်။ Gen Z က ခေါင်းဆောင်မလိုဘူးဆိုပေမယ့် ဒီလိုနေရာကျတော့ ခေါင်းဆောင်ရှိမှ ရမယ် လို့ မြင်တယ်။ မုံရွာမှာတော့ တစ်ရက်တည်းနဲ့ ဆန္ဒပြသူ ၅၀၀ ကျော် အဖမ်းခံရတယ်လို့ BBC မှာ ဖတ်လိုက်ရတယ်။ ပြည်သူ့အုပ်ချုပ်ရေးဖွဲ့ နိုင်သွားလို့ အညှိုးနဲ့ လုပ်တာလို့ မြင်တယ်။ အရပ်ဝတ်ရဲတွေနဲ့ ပြည်သူကို လိုက်ဖမ်းတာတော့ မဟုတ်သေးဘူး။ အရပ်ဝတ် ရဲ ဆို အကုန် ဝိုင်းဆော်သင့်တာ။ လူတွေ က ကြောက်နေတာ။ အရပ်ဝတ်နဲ့ မိန်းကလေးတွေကို ရိုက်နေတဲ့ ပုံကတော့ တော်တော်ရုပ်ပေါက်တယ်။


 ကနေ့ ပေါက်သွားတာကတော့ ရန်ကုန်က self defense ပဲ။ ဟောင်ကောင် ကို အတုယူပြီး တိုက်စစ်ပြန်ဆင် ကြတဲ့ self defence ကတော့ ပေါက်သွားတယ်။


 မြိတ် မှာတော့ ရာဇဝင်တော်တော်ရိုင်းတယ်လို့ ဆိုလို့ရတယ်။ သပိတ်စစ်ကြောင်းရှိလို့ ဖြိုခွင်းတာက လူကြားလို့ ကောင်းသေးတယ်။ သပိတ်စစ်ကြောင်းမရှိပဲ စစ်သားတွေ ရဲတွေက ရပ်ကွက်ထဲ ဝင် လမ်းတွေထဲ ဝင်ပြီး တွေ့သမျှလူကို ရိုက်နှက်ဖမ်းဆီး ပြီး တွေ့သမျှ ဆိုင်ကယ် ကားတွေတွေ ရိုက်ချေနေတာတွေက တော်တော် စရိုက်ကျတယ်။ နေရာ ၃ နေရာမှာ ကို တစ်ပြိုင်နက် မီးလိုက်ရှို့တယ်လို့ ဒေသခံတွေက ပြောကြတယ်။

မနေ့က ပြောတဲ့ covid shield ရဲ့ cold chain ပျက်သွားတယ် ဆိုတာကတော့ ခိုင်လုံတဲ့ source က confirm ပေးပါတယ်။ စစ်တပ်မှာ ထိုးပေးတဲ့ covid ကာကွယ်ဆေးကတော့ Covaxin  ပါတဲ့။ စစ်တပ်က Covid shield မသုံးပါဘူးတဲ့။ Covaxin က FDA approve မရသေးပဲနဲ့ စစ်တပ်က သူ့လူတွေကို ထိုးပေးတယ် ဆိုတာ တော့ တော်တော် လုပ်ရဲတယ် လို့ ပြောလို့ ရတယ်။ 

မနေ့က UN meeting မှာ မြန်မာဘက်က ပြောသွားတဲ့ ဦးကျော်မိုးထွန်း ကို ရာထူးက ဖယ်ရှားလိုက်ပြီလို့ မြန်မာ့အသံက ကြေညာသွားတယ်။ စစ်တပ်ကသာ ကြေညာတာ တစ်ကမ္ဘာလုံး စစ်တပ်ကို အစိုးရ လို့ ခုထိအသိအမှတ်မပြုသေးဘူး။


 နက်ဖြန်ကတော့ တစ်နိုင်ငံလုံး ဆန္ဒပြပွဲ လုပ်ကြမယ်။ 


၂၈ ရက်နေ့ မှာတော့ တော်တော်ကြမ်းတယ်။ တစ်လပြည့်တဲ့နေ့ပဲ။ ရန်ကုန် မန္တလေး အကုန်ပဲ။ မြင်သမျှလူ အကုန်ဖမ်း အကုန်ပစ်တာ။ စည်းတွေ တားတာ ဘာညာလည်း မရှိဘူး။ တွေ့တာနဲ့ ဆော် ပစ် ဖမ်း ဆိုတာ ချည်းပဲ။ မြင်မြင်သမျှ မည်းမည်းမြင်တာ အကုန် ပစ်ဖမ်း နေတော့တာ။ မနက်စောစော ဆေးကျောင်းနဲ့ ဆေးဝါး သပိတ်ကို လူတောင် မစုရသေးဘူး စပြီး ဖြိုခွင်းတယ်။ အယောက် ၁၀၀ နီးပါး အဖမ်းခံရတယ်။ ညနေလောက်ကျတော့ ပြန်လွတ်လာကြတယ်။ ဆေးသပိတ်က stratagy မရှိဘူး လို့ ပြောလို့ ရတယ်။ မြေနီကုန်း က အဖွဲ့ ပဲ အားကောင်းကောင်း defend လုပ်နိုင်တယ်။ မြိတ်မှာလည်း အပစ်အခတ် များတယ်။ မန္တလေးမှာတော့ ကုတင် ၃၀၀ ထဲ ပြေးပုန်းကြလို့ လွတ်လာကြတာ။ ဒါတောင် ကုတင် ၃၀၀ ကို အဝိုင်းခံလိုက်ရသေးတယ်။ မန္တလေးရော ရန်ကုန်ရော လမ်းပေါ် သူ့ဟာသူ လမ်းလျှောက်နေတဲ့ သူတွေကိုပါ ပစ်သွားကြတာ။ မြေနီကုန်းမှာလည်း တိုက်တွေ အပေါ်ထပ်ကို ချိန်ပြီး ပစ်တယ်။ 

ကနေ့ စာရင်ချုပ်ရင် မြန်မာစစ်တပ်ရဲ့ လက်ချက်ကြောင့် မန္တလေးမှာ ၂ ဦး၊ ရန်ကုန်မှာ ၄ ဦး၊ ထားဝယ်မှာ ၅ ဦး၊ ပဲခူးမှာ ၃ ဦး၊ မြိတ်မှာ ၅ ဦး၊ ပခုက္ကူမှာ ၂ ဦး၊ စုစုပေါင်း အပြစ်မဲ့ ပြည်သူပေါင်း အယောက် ၂၀ ထက်မနည်း  သေဆုံးခဲ့ပါတယ် လို့ သတင်းဌာန စစ်တမ်းတွေက ဆိုပါတယ်။ 

အခုဖြစ်နေတဲ့ အရေးအခင်းက video တွေကိုတော့ YouTube မှာ channel မှာ တစ်နေရာတည်း စုပေးထားပါတယ်။ အကုန်လုံးကို ကြည့်ချင်ရင် ဒီ Link ကနေ ကြည့်လို့ရပါတယ်။ 


Spring Revolution YouTube Channel





ဒီ blog post ဖြစ်ပေါ်လာဖို့ ကူညီပေးတဲ့ သူငယ်ချင်းတွေကို ကျေးဇူးတင်ကြောင်း မှတ်တမ်းတင်ပါရစေ။ ကျွန်တော် အင်တာနက် ကောင်းကောင်း သုံး မရ ဖြစ်နေတော့ Facebook က Live video တွေကို download လုပ်ပြီး Youtube channel ပေါ်ပြန်တင်ပေးတဲ့ သူရိန်စိုး၊ သတင်းတွေကို မှတ်တမ်းကူပြီး ယူပေးတဲ့ သူငယ်ချင်းတွေ၊ ပုံတွေ အသုံးပြုခွင့် ပေးပြီး တကူးတက ပို့ပေးတဲ့ သူငယ်ချင်းတွေ အယောက်တိုင်းဆီကို ကျေးဇူး အထူးတင်ရှိပါတယ်။

Comments

Popular posts from this blog

Contacts တွေကို one click နဲ့ unicode ပြောင်းနည်း

ios သမားတွေကတော့အရင်ဆုံး App Store ထဲဝင်ပြီး search ကနေ pyaung လို့ရိုက်ရှာပါ။ ပြီးရင် Download လုပ်ပါ။ ရှာ မတွေ့ရင် ဒီ link ကနေ download လုပ်လို့လည်း ရပါတယ်။ https://apps.apple.com/us/app/pyaung/id1039690192 home screen မှာ pyaung app ပေါ်လာရင် ဝင်လိုက်ပါ။Contact ဆိုတဲ့ tap ထဲဝင်ပါ။ zawgyi to uni , uni to zawgyi ကို စိတ်ကြိုက်ပြောင်းနိုင်ပါပြီ။ Android သမားတွေကတော့ ကိုနေရှိန်ဦး လုပ်ပေးထားတဲ့ app ကို အောက်က link ကနေ Download လုပ်ပြီး zawgyi to uni , uni to zawgyi ကို စိတ်ကြိုက်ပြောင်းနိုင်ပါတယ်။ https://play.google.com/store/apps/details?id=com.nso.unicc https://m.apkpure.com/unicontact-converter/com.nso.unicc နောက်တခုက Dev House က ထုတ်တဲ့ MM contact converter ပါ။ သူကတော့ Android သီးသန့်ပါပဲ။ Contacts တွေမှာ zawgyi နဲ့ unicode ရောနေရင်တောင် အဆင်ပြေပါတယ်။  ပြောင်းနေရင်း ဟန်းသွားတာမျိုးမဖြစ်ပါဘူး။ (Main thread မှာအလုပ်လုပ်မလုပ်ပဲ thread ခွဲပြီးပြောင်းလို့ပါ) https://play.google.com/store/apps/details?id=me.myatminsoe.mmcontactsconverter

MacOS Myanmar Unicode Keyboard

  MacOS မှာ ဘယ်တုန်းက ပါလာမှန်းတော့ မသိဘူး။ အစက keymagic နဲ့ပဲ မြန်မာစာကို ရိုက်နေတာ။ သဝေထိုးကို ရှေ့က ရိုက်တာ အကျင့်ပါနေလို့။ ခုကျ ubuntu မှာ messenger က chrominium based ဆိုတော့ သဝေထိုးရှေ့က ရိုက်ရင် bug ပါပြီး ရိုက်မရဖြစ်နေတာနဲ့ default keyboard ကို သုံးရပြန်ရော။ ခုမှ သတိရလို့ Mac မှာပြန်ကြည့်တော့ mac မှာ မြန်မာစာအတွက် ကီးဘုတ်က ၂ ခုပါတာပဲ။ တခုက ရိုက်နေကျ myanmar 3 layout နဲ့ နောက်တခုက ဘာကြီးလဲကို မသိတာ။ စာလုံးတွေက တနေရာစီ။ အဲ့တော့ default myanmar 3 layout keyboard နဲ့ ဆိုတော့ keymagic တောင် ထည့်စရာမလိုတော့ဘူး။ သဝေထိုးကို နောက်မှ ရိုက်တာကလည်း အသားကျနေပြီးသား။  System preferences > keyboard > input source ကနေ  + ကို နှိပ် Burmese ကို ရွေး ။အပေါ်က Myanmar ကို ရွေး။  ရပြီ။  P.S- Catalina နဲ့ BigSur မှာတော့ ရတယ်။ ကျန်တဲ့ အဟောင်းတွေတော့ မသိဘူး။

Oppo ဖုန်းများတွင် Unicode ပြောင်းပုံ

Oppo Ufont ကို အရင်ဆုံး Download လုပ်ပါ။ Click here to download 1. Download   2. Download   3. Download    Color OS 6 နှင့်အထက်ဖုန်းများတွင် 1. Setting / Languages and regions / Regions,တွင် Myanmar ပြောင်းပါ။ 2. Display & Brightness / Support Dai Characters, ကို ဖွင့်ပေးပါ။ Color OS 5.2 ဖုန်းများတွင် 1. Install Font App ကို install လုပ်ပါ။ 2.App ကို Change font ကိုနှိပ်ပြီး နှစ်သက်ရာ font ကို  apply လုပ်ပါ။ ____________________________________________